ကရင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ဖြစ်သော အာဏာသိမ်းစစ်တပ်၏လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF/KNA)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ – PC တို့သည် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှု အစည်းအဝေးတစ်ရပ်ကို စက်တင်ဘာလ (၂၈) တွင် သေ့ကတေကျေးရွာရှိ BGF အမှတ် (၂) စစ်ဒေသဌာနချုပ်၌ ကျင်းပခဲ့သည်။
BGF/KNA ဘက်မှ အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ် စောချစ်သူ၊ အမှတ် (၂) စစ်ဒေသ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် စောတင်ဝင်း၊ အမှတ် (၄) စစ်ဒေသ စစ်ဆင်ရေးမှူး ဗိုလ်မှူးချုပ် စောမုတ်သုန်နှင့် တပ်မှူးအချို့တို့ တက်ရောက်ခဲ့ ကြသည်။
DKBA ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောစတီး၊ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝ၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်းအောင်တို့နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ – PC ဘက်မှ ဒုဥက္ကဌ ဒေါက်တာ နော်ကပေါ်ထူးနှင့် တပ်မှူးအချို့လည်း ပါဝင်တက်ရောက်ခဲ့ကြသည်။
ထို့အပြင် ကေအဲန်ယူ (KNU) ဒူးပလာယာခရိုင် ဥက္ကဌဟောင်း ပဒိုစောရွှေမောင်းလည်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်ကို ဓာတ်ပုံမှတ်တမ်းအရ တွေ့ရသည်။
အဆိုပါဆွေးနွေးမှုအကြောင်းအရာ အသေးစိတ်ကို သက်ဆိုင်ရာ အဖွဲ့အသီးသီးက တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်း၍ မရရှိသေးပေ။
ကေအိုင်စီ