ကရင်နီတော်လှန်ရေး သိမ်းပိုက်မြို့များတွင် မြေမြှုပ်မိုင်းများရှင်းလင်း

By MPM 30 ဧပြီ, 2024 👁

ကရင်နီ (ကယား) ပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစုများ သိမ်းပိုက်ထားသော မြို့အများစုတွင် မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ဆောင်နေပြီဖြစ်သော်လည်း အခြားသော နေရာအများစုတွင် လုပ်ဆောင်နိုင်ခြင်းမရှိသေးဘူးဟု မြေမြှုပ်မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသူများက ပြောသည်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများမှ သိမ်းပိုက်ထားသောမြို့ ၇ မြို့ ဖြစ်သည့် မယ်စဲ့၊ ရှားတော၊ မော်ချီး၊ ဒီးမော့ဆို၊ နန်းမယ်ခုံ၊ ရွာသစ်နှင့် မိုးဗြဲတို့တွင် မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး -၂ ဦးဗညားက ပြောသည်။

“မြေမြှုပ်မိုင်းကတော့ ပုံစံတစ်ခုနဲ့ တစ်ခုကတော့အတတ်နိုင်ဆုံး ရှင်းကြတယ်ပေါ့နော်။ ဒါပေမယ့် ဒီဟာက တကယ့်ကို စနစ်တကျ နိုင်ငံတကာစံချိန်မှီ ရှင်းတဲ့ပုံစံ မဟုတ်ဘူးပေါ့နော်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ရှင်းတယ် ပေါ့နော်။ ပုံစံနှစ်ခုကတော့ ပထမတစ်ခုကတော့ သက်ဆိုင်ရာ တပ်ဖွဲ့ဝင်တွေကနေ သူ့ရဲ့နယ်မြေအလိုက် လူအားနဲ့ ရှင်းတယ်။ ဒုတိယတစ်ခုကတော့ စက်ကြီးတွေနဲ့ မြေကိုလှန်ထိုးပြီးတော့မှ ရှင်းတဲ့စနစ်ပေါ့နော်။ အဲဒီနှစ်ခုကတော့ မဖြစ်မနေ နေရာပဲ ရှင်းပါတယ်”

သို့သော် ပြည်သူများ မဖြစ်မနေသွားလာကြရမည့် နေရာများတွင်သာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လုပ်ဆောင်နေကြရပြီး နေရာအများစု၌ လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးဟု (IEC) အတွင်းရေးမှူး -၂ ဦးဗညားက ဆက် ပြောသည်။

IEC အတွင်းရေးမှူး -၂ ဦးဗညားက “နေရာတော်တော်များများကိုတော့ မရှင်းနိုင်သေးတာတော့ ရှိပါသေးတယ်။ တကယ့်ကို မဖြစ်မနေ လူထုတွေ သွားလာလှုပ်ရှားတဲ့နေရာလောက်ကိုပဲ ပြန်လာနေဖို့အတွက် စိတ်ချတဲ့ နေရာလောက်ကိုပဲ ကျနော်တို့ ရှင်းပေးနေခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

မြေမြှုပ်မိုင်းရှင်းလင်းရာတွင် စစ်ကောင်စီတပ်များ အခြေချတပ်စွဲခဲ့သည့် အချိန်နှင့်အင်အား အခြေအနေများ အပေါ် မူတည်၍ မြေမြှုပ်မိုင်း အရေအတွက်နှင့် ရှင်းလင်းရန် ကြာချိန်ကို ခန့်မှန်းရသည်ဟု ဦးဗညားက ဆက်ပြောသည်။

“ဥပမာအားဖြင့် လွိုင်ကော်မြို့ပေါ်မှာ မြေမြှုပ်မိုင်းကို အနည်းဆုံး ကုန်အောင်ဖြစ်စေ ဒါမှမဟုတ် တကယ်ကို အန္တရာယ် ကင်းကင်းရှင်းရှင်း ပြန်နေနိုင်အောင် ရှင်းဖို့အတွက်က အနည်းဆုံးတော့ ၃ လ အချိန်ယူရမှာပေါ့နော်၊ ဒီးမော့ဆိုမြို့ကလည်း ထိုနည်းလည်းကောင်းပဲပေါ့နော ၃ လ ကနေ ၆ လအကြား အဲဒီဝန်းကျင်ကတော့ ကျနော်တို့ အချိန်ယူပြီးတော့မှ ရှင်းဖို့လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် “တချို့မြို့နယ် ဥပမာအားဖြင့် ရှားတောမြို့နယ်တို့ မယ်စဲ့မြို့နယ်တို့ ဖာဆောင်းမြို့နယ်တို့ကတော့ ကျနော်ထင်တာ အကယ်၍ နည်းပညာနဲ့ငွေကြေး လုံလုံလောက်လောက် ရှိမယ်ဆိုရင်တော့ ရက်ပိုင်းနဲ့ လပိုင်းနဲ့ပဲ ရှင်းနိုင်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်” ဟု ဦးဗညားက ပြောပြသည်။

ဒီးမော့ဆိုမြို့အတွင်း တစ်လေးလုံး စစ်ဆင်ရေး စတင်လိုက်ပြီး ၂၀၂၃ နိုဝင်ဘာလ နှောင်းပိုင်း၌ စစ်ကောင်စီ တပ်များသည် တပ်စခန်းအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ၎င်းတို့တပ်စွဲခဲ့သော နေရာများ၌ မြေမြုပ် မိုင်း အများအပြား ထောင်ထားခဲ့သည်ဟု ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များမှ တာဝန်ရှိသူများက ပြောသည်။

ထိုနေရာများတွင် မြေမြှုပ်မိုင်း ရာဂဏန်းတွေ့ရှိ ဖြုတ်သိမ်းခဲ့ပြီး ဖြစ်သော်လည်း နောက်ထပ် မည်မျှ ကျန်ရှိနေနိုင်သေးသည်ကို ခန့်မှန်း၍ မရနိုင်သေးဘူးဟု မိုင်းရှင်းလင်းရာတွင် ပါဝင်နေသော ဒီးမော့ဆို ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

“တမြို့နယ်လုံးဆိုရင် မခန့်မှန်းနိုင်ဘူးဗျ။ တချို့ရွာတွေဆို ခုထိ မရှင်းနိုင်သေးဘူးဗျ။ ရှင်းပြီးသားဆိုရင်တောင် စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စွဲခဲ့တဲ့ ရွာတွေဆို ရာဂဏန်းထိ ရှိတယ်ဗျ”

စစ်ကောင်စီမှ အသုံးပြုသော မြေမြုပ်မိုင်းများသည် ပလပ်စတစ်ကိုယ်ထည်ဖြင့် ဖုံးအုပ်ထားပြီး မိုင်းရှာစက်ဖြင့် ရှာဖွေရန် ခက်ခဲနေသောကြောင့် လယ်ထွန်စက်ကြီးများဖြင့် မြေလှန်ရှာဖွေနေကြရသည်ဟု အဆိုပါ ရဲဘော်က ဆက်ပြောသည်။

“မိုင်းက စက်နဲ့ရှာလို့ မရဘူးဗျ။ အဲ့ကြောင့် ရှာရခက်တယ်။ အများအားဖြင့် လယ်ထွန်စက်နဲ့ မြေထိုးပြီးဖြစ်ဖြစ် ရွာအတွင်းဆိုရင် ရဲဘော်တွေက စစ်ဆင်ရေးအနေနဲ့ တစ်ရက်နှစ်ရက် အဲ့လိုယူပြီး ရှင်းပေးရတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း လက်နက်ကြီးတွေ ခပ်စိပ်စိပ်ပစ်လာနေလို့ ရှင်းလင်းရေး နားထားရတယ်” ၎င်းက ပြောသည်။

လက်ရှိတွင် မြေမြှုပ်မိုင်းရှင်းလင်းရန် နိုင်ငံတကာအဆင့် နည်းပညာစက်ကရိယာများ လိုအပ်လျှက်ရှိပြီး တပြည်နယ်လုံး အတိုင်းအတာဖြင့် တစ်နှစ်ခန့် အချိန်ယူရှင်းလင်းရနိုင်သည်ဟု ဦးဗညားက ပြောသည်။

ထို့အပြင် ငွေကြေးနှင့် နည်းပညာ အကူညီများလည်း လိုအပ်နေသည်ဟု မိုင်းရှင်းလင်းရေးလုပ်နေသူများက ပြောသည်။

ကရင်နီပြည်တွင် မြေမြှုပ်မိုင်းများ သာမက အခြားမပေါက်ကွဲသေးသော မိုင်းနှင့် လက်နက်ကြီးကျည်များလည်း များစွာရှိနေသေးသည့်အတွက် ပြည်သူအများစုသည် မိမိတို့၏နေရပ်သို့ မပြန်နိုင်ကြသေးဘဲ ဆက်လက် စစ်ဘေးရှောင်နေကြရသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ဆိုသည်။

NMG ပေးပို့သည်။