ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး ၉၀ ရက်စီမံချက် ရေးဆွဲ

By MPM 9 နိုဝင်ဘာ, 2026 👁 49

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) သည် လုံခြုံရေးကဏ္ဍတွင် အရပ်သားဦးဆောင်မှုနှင့် တာဝန်ခံမှုရှိသော အုပ်ချုပ်ရေးစနစ် တည်ဆောက်နိုင်ရန် ၉၀ ရက်တာ ပြုပြင်ပြောင်းလဲရေးစီမံချက်တရပ်ကို ရေးဆွဲခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါစီမံချက်ကို အကောင်အထည်ဖော်နိုင်ရန် အောက်တိုဘာ ၁၄ ရက်မှ ၁၆ ရက်အထိ သုံးရက်ကြာ စွမ်းဆောင်ရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတရပ်ကို IEC က ဦးဆောင်ကျင်းပခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲကို မြန်မာအမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအဖွဲ့ (Myanmar-Women Peace and Security – M-WPS) က ပံ့ပိုးကူညီခဲ့ပြီး ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုအင်စတီကျု (IPSJ) မှ ဒေါက်တာ မီမီဝင်းဘတ် ၊ ဦးကျော်ကျော်နှင့် ဦးခင်မောင်ဝင်းတို့က ဦးဆောင်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ IEC ၏ ကာကွယ်ရေး၊ ပြည်ထဲရေး၊ တရားရေးနှင့် အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနများမှ ကိုယ်စားလှယ် ၂၃ ဦး တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အားလုံးပါဝင်နိုင်သော အုပ်ချုပ်ရေးစနစ်တရပ်ကို ဖော်ဆောင်ရန် ချမှတ်ထားသည့် ကရင်နီပြည်နယ် ကြားကာလအစီအမံ (Karenni State Interim Arrangement – KSIA) ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အရပ်သားနှင့် စစ်ဘက်ဆက်ဆံရေး၊ ဌာနအချင်းချင်း လွှဲပြောင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် အရပ်သားဦးဆောင်သော အုပ်ချုပ်ရေးဖွဲ့စည်းပုံများအပေါ် ပါဝင်သူများ၏ နားလည်မှု မြှင့်တင်ရန်လည်း ရည်ရွယ်ကြောင်းလည်း သိရသည်။

ဆွေးနွေးပွဲတွင် နိုင်ငံတကာနှင့် ဖက်ဒရယ်အုပ်ချုပ်ရေးပုံစံများကို လေ့လာခဲ့ပြီး အမေရိကန်စစ်ဘက်စနစ်ကို ကိုးကားကာ မဟာဗျူဟာမူဝါဒ၊ ဘတ်ဂျက်နှင့် တပ်ဖြန့်ချထားမှုဆိုင်ရာ ဆုံးဖြတ်ချက်များကို အရပ်သားအာဏာပိုင်များက အပြည့်အဝထိန်းချုပ်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးကွပ်ကဲမှုကိုလည်း သီးခြားခွဲခြားထားရန် အလေးထားခဲ့သည်။

ထို့အပြင် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (North Atlantic Treaty Organization – NATO) နှင့် ဥရောပသမဂ္ဂ (European Union – EU) တို့၏ ပူးပေါင်းဆောင်ရွက်မှုပုံစံများကိုလည်း လေ့လာခဲ့ကြောင်း သိရသည်။

အထူးသဖြင့် ဥရောပသမဂ္ဂ၏ ဘုံလုံခြုံရေးနှင့် ကာကွယ်ရေးမူဝါဒ (Common Security and Defence Policy – CSDP) ကို အခြေခံကာ ပြည်ထဲရေးဌာနအနေဖြင့် အရပ်သားဦးဆောင်သော ရဲလုပ်ငန်းနှင့် တည်ငြိမ်ရေးဆိုင်ရာ လုပ်ငန်းများကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြင့် ဆောင်ရွက်နိုင်ရန်၊ ကာကွယ်ရေးဌာနအနေဖြင့် စစ်အုပ်စုကို တိုက်ခိုက်သည့် စစ်ဆင်ရေးများကိုသာ အဓိကအာရုံစိုက်နိုင်ရန် ဖွဲ့စည်းပုံတရပ်ကို ဆွေးနွေးခဲ့ကြသည်။

အဖွဲ့အစည်းအတွင်း ယုံကြည်မှုတည်ဆောက်ရေးနှင့် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက်လည်း ပဋိပက္ခစီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများကို ထည့်သွင်းဆွေးနွေးခဲ့သည်။

ယင်းတွင် Stephen M. R. Covey ၏ ယုံကြည်မှုအမြန်နှုန်း သဘောတရားနှင့် ဟားဗတ်ညှိနှိုင်းရေးစီမံကိန်း၏ အဓိကစိုးရိမ်ချက် ငါးချက်ဖြစ်သည့် အသိအမှတ်ပြုမှု၊ ဆက်နွှယ်မှု၊ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ အဆင့်အတန်းနှင့် အခန်းကဏ္ဍတို့ကို လေ့လာခဲ့သည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပဋိပက္ခနှင့်ဆက်နွှယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု နှင့် ကျားမအခြေပြုအကြမ်းဖက်မှုတို့ကို ကာကွယ်တားဆီးရေးအတွက်လည်း ဆွေးနွေးခဲ့ကြသည်။

အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန၊ တရားရေးဌာနတို့ကို ထိခိုက်နစ်နာသူဗဟိုပြု ကာကွယ်စောင့်ရှောက်ရေးစနစ်များ ထည့်သွင်းတည်ဆောက်ရန်၊ လုံခြုံစိတ်ချရသော တိုင်ကြားမှုလုပ်ငန်းစဉ်များ ဖော်ဆောင်ရန်နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့်အညီ လွတ်လပ်သော တရားစွဲဆိုမှုစွမ်းရည် တည်ဆောက်ရန် တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

အလုပ်ရုံဆွေးနွေးပွဲအပြီး ရေးဆွဲခဲ့သည့် ၉၀ ရက်တာ ပြုပြင်ပြောင်းလဲရေးစီမံချက်တွင် ဌာနအလိုက် လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ခဲ့ကြောင်းလည်း သိရသည်။

ယင်းအရ ကာကွယ်ရေးဌာနသည် အရပ်သားအာဏာပိုင်များ၏ အုပ်ချုပ်မှုအောက်တွင် ရှိစေရေး တရားဝင်ဖွဲ့စည်းသတ်မှတ်ရန်နှင့် ပြည်တွင်းဥပဒေစိုးမိုးရေးလုပ်ငန်းများမှ နုတ်ထွက်ရန်၊ ပြည်ထဲရေးဌာနသည် အရပ်သားဦးဆောင်သော ရဲတပ်ဖွဲ့ကို အမြန်ဆုံးဖွဲ့စည်းရန် ဆောင်ရွက်ရမည်ဖြစ်သည်။

အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနသည် ဒေသန္တရအုပ်ချုပ်ရေးအဆင့်တိုင်းတွင် ကျားမတန်းတူညီမျှမှုနှင့် ကာကွယ်စောင့်ရှောက်ရေးအစီအမံများ ထည့်သွင်းရန် တာဝန်ရှိပြီး တရားရေးဌာနသည် လုံခြုံရေးကဏ္ဍမှ ဝန်ထမ်းများအား ရာထူးအဆင့်အတန်းနှင့် အဖွဲ့အစည်းဆိုင်ရာ ဆက်နွှယ်မှုမခွဲခြားဘဲ တာဝန်ခံမှုရှိစေရန် လွတ်လပ်သော တာဝန်ခံမှုယန္တရားများကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း သိရသည်။

မဇ္ဈိမ