ရှမ်း – ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာကို ဧပြီ ၁၀ ရက်နေ့ ည ၁၁ နာရီကျော်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီကလေကြောင်းဖြင့် ပေါင် ၂၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခြင်းဖြစ်ပြီး လူနေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ရွာခံဖြစ်သူအောင်နိုင်စိုးက ပြောသည်။
“အိမ်ရှင်လင်မယားက ဒဏ်ရာနဲနဲရတယ်ပေါ့နော။ မစိုးရိမ်ရပါဘူး လက်ရှိအနေအထားက။ အနီးကျတဲ့တစ်လုံးက အိမ်တော်တော်ပျက်တယ်။ အိမ်ရှင်ထိတာ နောက်တစ်လုံးက လမ်းနဲနဲခြားတော့ အစ စင်တာ” ဟု သိကျိတ်ရွာခံ အောင်နိုင်စိုးက ပြောပါတယ်။
ဧပြီလ ၁၀ ရက်နေ့တွင်ကျရောက်သည့် ကယန်းအမျိုးသားနေ့အခမ်းအနားကို သိကျိတ်ကျေးရွာတွင် ကျင်းပခဲ့သည့်နေ့ ညပိုင်း၌ပင် ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။
စစ်ကောင်စီက ငလျင်ဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်လုပ်ကိုင်ရန်အတွက် ဧပြီလ ၂ ရက်နေ့ကစ၍ ရက် ၂၀ ကြာ ယာယီအပစ်ခတ်ရပ်စဲရေး ကြေငြာခဲ့သည်။
သို့သော် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားတော်လှန်ရေးနယ်မြေများတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကို ဆက်လက်ပြုလုပ်နေသလို စစ်ကြောင်းထိုးဝင်ရောက်လျက်ရှိသည်။
ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့တွင်လည်း စစ်ကောင်စီက မိုးဗြဲမြို့နှင့် လွိုင်ကော်မြို့နယ်ကြားက ပီကင်းကောခူကျေးရွာကို လက်နက်ကြီးပစ်ခတ်သည့်အပြင် လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့ရသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။