ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၏ ထောက်ပံအကူအညီရဖို့ ဒီးမော့ဆိုရှိ စစ်ရှောင်များမျှော်လင့်

By MPM 6 စက်တင်ဘာ, 2023 👁

စစ်ပွဲကြောင့် အိုးအိမ်နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ကရင်နီပြည်သူများက နိုင်ငံတကာအကူအညီတစ်ခုဖြစ်သည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ထောက်ပံမှုကို ရရှိနိုင်ဖို့ မျှော်လင့်နေကြောင်း ပြောသည်။

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၌ စစ်ရှောင်နေသည့် စစ်ရှောင်ဒေသခံ ဒေါ်စိန်ဖိုလျားနာက သူမတို့နေထိုင်သည့် စစ်ရှောင်စခန်းမှာ မကြာခဏ ရိက္ခာတွေပြတ်လတ်မှုနဲ့ ကြုံတွေ့နေရတာကြောင့် နိုင်ငံတကာ အကူအညီရဖို့ မျှော်လင့်နေကြောင်း ပြောဆိုသည်။

“ဖြစ်နိုင်ရင်တော့ ကျမတို့ကို ပစ်မထားနဲ့လို့ ကျမတောင်းဆိုချင်တယ်။ ကျမတို့ဆီကိုလည်းရောက်အောင် မြန်မြန် လာပေးကြပါလို့ ကျမတောင်းဆိုချင်တယ်။ ကျမတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးလည်း ကျမတို့တခါမှ မရတော့ ပေးခိုင်းစေချင်တယ်ပေါ့။ အဲ့ဒီအခွင့်အရေးတွေ ရချင်တယ်” လို့ ဒေါ်စိန်ဖိုလျားနာက ပြောသည်။

စစ်ရှောင်ကာလ ၂ နှစ်ကျော် အတွင်း ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်များသည် စား၀တ်နေရေး အခက်အခဲအပြင် ငွေရေးကြေးရေး အကျပ်အတည်းကိုပါ ပိုရင်ဆိုင်လာရတာကြောင့် နိုင်ငံတကာက အကူအညီကို ရချင်တယ်လို့ ဒေါ်စိန်ဖိုလျားနာက ဆက်ပြောသည်။

လက်ရှိတွင် လွိုင်ကော်မြို့ကို တိမ်းရှောင်နေသည့် စစ်ဘေးရှောင်တွေအတွက် ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ ကူညီရေးအဖွဲ့ WFP က ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ စသည်များကို လစဉ်ထောက်ပံ့ပေးနေတယ်လို့ လွိုင်ကော်မြို့ရှိ စစ်ရှောင်များထံက သိရသည်။
သို့သော် ဒီးမော့ဆိုမြို့တွင်းရှိ စစ်ဘေးရှောင်များထံ WFP ၏ ထောက်ပံ့မှု တစုံတရာ မရောက်ရှိဘူးလို့ ဒီးမော့ဆိုမြို့နယ် စစ်ရှောင်စခန်း ကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးဂျော်နီက အခုလိုပြောသည်။

“မရခဲ့ဖူးဘူး၊ ၂ နှစ်ကျော် ၃ နှစ်ပြည့်တော့မယ် မရခဲ့ဖူးဘူး။ သူတို့ ပြောခဲ့သေးတယ်။ ဒီးမော့ဆို ၀င်လာဖို့ဆို သူ့စီမံကိန်း ရှိခဲ့တယ် ဟိုတုန်းက WFP က၊ ဒါပေမဲ့ ကုန်တွေ ရောက်လာတိုင်း သူ့ဟာမဖြစ်ဘူး။ နောက် ၂၁ မှာလည်း စစ်ရှောင်နေရတယ်။ ဒါလည်း ဒီးမော့ဆိုဘက် သူ မရောက်လာဘူး။ တစ်ကယ်တော့ သူ့စီမံကိန်းက ဒီးမော့ဆိုဘက် ၀င်လာရမယ်ဆိုတာ ကြားသိထားပြီးသားပဲ” လို့ ဦးဂျော်နီက ပြောသည်။

WFP ၏ မြေပြင် တာဝန်ရှိသူကို ထောက်ပံ့ရေးကိစ္စနဲ့ ပတ်သတ်ပြီး တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါ။

စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်တွေရဲ့ နေထိုင်စားသောက်မှုပုံစံကို နိုင်ငံတကာက တာ၀န်ရှိသူတွေကိုယ်တိုင် လာကြည့်ခိုင်းစေချင်တယ်လို့ စစ်ရှောင်တစ်ဦးဖြစ်သည့် ဒေါ်ရိုမားနာက အခုလိုပြောပါသည်။

“ဒီစစ်ရှောင်စခန်းတိုင်းကို လာပြီးတော့ ကြည့်ပါလို့၊ ဘယ်လို နေထိုင်စားသောက်ကြလဲ၊ ဘယ်လို လုပ်ကိုင်ကြလဲ၊ ဆိုတာ လာပြီးတော့ လက်တွေ့ဆင်းပြီးတော့ လာကြည့်ကြလို့ ရပါတယ်လို့၊ လာနိုင်ရင် ကောင်းတာပေါ့” လို့ ဒေါ်ရိုမားနာက ပြောသည်။

လက်ရှိတွင် ကရင်နီပြည်မအတွင်း စစ်ဘေးရှောင် ၂ သိန်းခွဲ ကျော် ရှိနေပြီး စစ်ရှောင်အများစုသည် တိုက်ပွဲ ဖြစ်ပွားနေသည့် ဒီးမော့ဆိုမြို့နယ်၊ ဖရူဆို မြို့နယ်တွေမှာ ရှိနေပြီး ထောက်ပံအကူအညီများစွာ လိုအပ်လျက် ရှိနေကြသည်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။