စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ စစ်ရှောင်ပြည်သူများအတွက် ဆောင်းရာသီဝင်လာပြီဖြစ်သည့်အတွက် အနွေးထည်နှင့် ခြုံစောင်များ လိုအပ်နေကြောင်း စစ်ရှောင်အရေးဆောင်ရွက်နေသူများက ပြောသည်။
ကန့်ဘလူမြို့နယ်ထဲ အမြဲတမ်းစစ်ရှောင် အယောက် ၃၀,၀၀၀ အထက်ရှိရာ ၎င်းတို့အတွက် အနွေးထည်နှင့် ခြုံစောင်များ လိုအပ်နေခြင်းဖြစ်သည်ဟု စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။
“စစ်ကြောင်းရှိနေတဲ့ အခါကြတော့ တောထဲမှာရှောင်နေကြရတာ။ တချို့နီးစပ်ရာရွာ တချို့ကျတော့ တောထဲမှာ၊ အခုထိ ရှောင်နေရတုန်း။ အဓိက အခက်အခဲကတော့ စားရေးသောက်ရေးပေါ့။ ဒီကန့်ဘလူမြို့နယ်ထဲမှာက အမြဲတမ်း စစ်ရှောင်ဆိုလို့ရှိရင် ၃ သောင်း အထက်မှာရှိတယ်။ ကိုးတောင်ဘို့၊ ချပ်တင်းတိုက်နယ်ဆိုရင် စစ်ရှောင် ရတာက တစ်နှစ်ကျော် တစ်နှစ်ခွဲနီးပါး ရှိပြီ။ ရေရှည်မှာကျတော့ စားရေးသောက်ရေး ခက်ခဲလာတာ ရှိတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် “နောက်ပြီး အဝတ်အထည်ပိုင်းတွေ ဆောင်းတွင်းဝင်လာတဲ့ အခါကျတော့ ဆောင်တွေ နောက်ထပ် မိန်းကလေး အသုံးအဆောင် ပစ္စည်းတွေက တော်တော်များက လိုအပ်ချက်မြင့် လာတယ်” ဟု အဆိုပါစစ်ရှောင်အရေးကူညီသူက ပြောသည်။
ကန့်ဘလူမြို့နယ်တွင် အောက်တိုဘာလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် ပင့်သာတိုက်နယ်အတွင်းသို့ စစ်ကောင်စီတပ် နှင့် ပျူးစောထီးအဖွဲ့တို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ချောင်းခြား၊ ဖလားရ၊ အင်းမ၊ ရှမ်းကုန်း၊ ပင့်သာနှင့် မကျီးကုန်း ကျေးရွာတို့က ပြည်သူများ တောထဲတွင် ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူက ပြောသည်။
“ကိုးတောင်ဘို့၊ ချပ်တင်း၊ ပင့်သာက စစ်ကောင်စီတပ်ရဲ့ အထိုင်စခန်းတွေနဲ့ နီးတဲ့အခါကျတော့ ရွာထဲမှာမနေရဲ တော့ဘဲနဲ့ ဒီအထိုင်စခန်းတွေနဲ့ ဝေးတဲ့နေရာ တောထဲမှာပဲ တဲထိုးနေကြတာမျိုးတွေ ရှိတယ်။ နောက်စစ်ရှောင် စခန်းတွေမှာ နေကြတာရှိတယ်။ တချို့ကျတော့လည်း မီးရှို့ခံရလို့ ရွာထဲမှာ မနေရဲတာ နေစရာ မရှိတော့တာပေါ့။ ပင့်သာတိုက်နယ်ထဲ ဝင်တဲ့ဟာကဆိုရင် သူတို့သတင်းကြိုရထားတာပေါ့။ သူတို့ ကြိုပြီး ရှောင်နေကြတာပေါ့” ဟု ၎င်းက ပြောဆိုသည်။
ကန့်ဘလူမြို့နယ်တွင် မကြာခဏဆိုသလို စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ့ကာကွယ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီ တပ်စခန်းနှင့် နီးစပ်သည့် ကျေးရွာအများစုသည် ကျေးရွာအတွင်း မနေထိုင် တော့သည့်အပြင် လယ်ယာစိုက်ခင်းများလည်း လုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်း စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးသူများက ပြောသည်။
စစ်ရှောင်များအား လိုက်လံကူညီပေးနေသူ အမျိုးသားတစ်ဦးက “အထိုင်စခန်းတွေနဲ့ နီးတဲ့ရွာတွေကတော့ မလုပ်လောက်တော့ဘူး။ ဒါပေမယ့် နည်းနည်း အလှမ်းဝေးတဲ့ဟာတော့ လုပ်လို့ရတယ်။ လောလောဆယ် အခြေအနေက နီးစပ်ရာ ရွာတွေကနေပြီးတော့ အလှူခံပြီးတော့ ကျွေးနေရတာတွေ ရှိတယ်။ ကလေးတွေ ကတော့ ကျောင်းပညာရေးတွေကတော့ လွတ်သွားတာပေါ့” ဟု ပြောသည်။
အောက်တိုဘာလအတွင်း ကန့်ဘလူမြို့နယ်ထဲသို့ စစ်ကောင်စီက လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ပြီး ထိုးစစ်စဉ်လာတာကြောင့် ကျေးရွာ ၆ ရွာခန့်ရှိ စစ်ရှောင်ပြည်သူ အယောက် ၃၀၀၀ ခန့်လည်း ထပ်မံစစ်ရှောင်နေရသည်။
ထို့အပြင် ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ရှောင်များထဲတွင် တုတ်ကွေးဖျားနာမှုများ အဖြစ်များနေပြီး ဆေးဝါးနှင့် အခြားအကူအညီများ လိုအပ်လျှက်ရှိနေပြီး ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)နှင့် ကန့်ဘလူခရိုင် PDF ဆေးတပ်ဖွဲ့မှ ဆရာဝန်များ ပူးပေါင်း၍ ကျန်းမာရေး စောင့်ရှောက်မှုပေးနေရသည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
NMG ပေးပို့သည်။