မွန်ပြည်ဖက်ဒရယ်ကောင်စီ – (MSFC)

By MPM 19 စက်တင်ဘာ, 2025 👁

ဖွဲ့စည်းသည့် ရက်စွဲ – ၁၅ ဇန်နဝါရီ ၂၀၂၃ (၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ဖွဲ့စည်းခဲ့သည့် MSICC ကို နာမည်ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ဥက္ကဌ – နိုင်ထွန်းဖေ (ခ) နိုင်သုဝဏ္ဏ

ပါဝင်သော အစုအဖွဲ့ – NUCC ၏ ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ် ကိုယ်စားပြုအဖွဲ့/ ကော်မတီများ အစုအဖွဲ့

Facebook – https://www.facebook.com/monstatefederalcouncil

Website – MSFC – Mon State Federal Council (msfc-mon.org)

ပြည်နယ်ဖက်ဒရယ်ယူနစ်တရပ် ဖြစ်လာစေရန်အတွက် ရည်ရွယ်ချက်ဖြင့် မွန်ပြည် ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ (MSICC) မှ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အဖြစ် နာမည်ပြောင်းလဲခဲ့ပြီးနောက် ကောင်စီ၏ နိုင်ငံရေးရည်မှန်းချက်များ၊ နိုင်ငံရေးလမ်းပြမြေပုံနှင့်အတူ ဖွဲ့စည်းပုံကို အတည်ပြုနိုင်ခဲ့ပြီး တော်လှန်ရေးကြားကာလအတွင်း စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်သည့် မွန်ပြည် (နယ်) မှ အင်အားစုများအား စုစည်းသွားနိုင်ရန်နှင့် ကြားကာလအတွင်း ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးအစီအမံများချမှတ်ကာ ကျင့်သုံးဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များကို ချမှတ်နိုင်ခဲ့သည်။

၂၀၂၄ ခုနှစ် ဧပြီလအတွင်း MSFC ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အကြား တွေ့ဆုံဆွေးနွေးခဲ့ပြီး မွန်နိုင်ငံရေးနှင့် မွန်တော်လှန်ရေးအင်အားစုများအကြား ညီညွတ်ရေးအတွက် စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်အမျိုးမျိုးကို ပူးပေါင်းတိုက်ပွဲဝင်နိုင်ရန် သဘောတူညီချက်များ ရရှိခဲ့ပါသည်။ ထို့အပြင် မွန်ပြည်သစ်ပါတီ (NMSP) မှ ခွဲထွက်လာသည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) နှင့် MSFC အကြား ၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်တွင် တွေ့ဆုံခဲ့ပြီး နိုင်ငံရေး၊ စစ်ရေးနှင့် လူမှုကယ်ဆယ်ရေးအပါအဝင် အခြားကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောတူညီချက်အချို့ ရရှိခဲ့ပါသည်။ ၂၀၂၅ ခုနှစ် မတ်လ ၂၃ ရက်တွင်တော့ ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) နှင့် MSFC အကြား တွေ့ဆုံဆွေးနွေးခဲ့ပြီး မတ်လ ၃၀ ရက်မှစတင်ကာ နှစ်ဖက်အကြား နိုင်ငံရေး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိခဲ့ပြီး MSFC ၏ အဖွဲ့ဝင်အဖွဲ့အစည်းတရပ်အဖြစ် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ခဲ့ကြပါသည်။ 13

၂၀၂၅ ခုနှစ် ဇွန်လ ၁၄ ရက်၊ ၁၅ ရက်နေ့များတွင် MSFC ၏ တတိယအကြိမ်ညီလာခံကို ကျင်းပခဲ့သည်။ မွန် ပြည်နယ်အတွင်းရှိ (၁၀) မြို့နယ်ကို အခြေပြုပြီး တော်လှန်ရေးအင်အားစုများကို စုစည်းကာ မွန်ပြည်ဖက်ဒရယ်ယူနစ်တရပ်ပါ ပေါ်ပေါက်ရေးအတွက် မွန်ပြည်ချာတာရေးဆွဲရန်၊ စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲဆန့်ကျင်ရေးမဟာဗျူဟာ ရေးဆွဲအကောင်အထည်ဖော်ရန်၊ မွန်ပြည်နယ်နှင့် ဆက်စပ်ဒေသများအတွင်း စစ်ဘေးသင့်ပြည်သူများအတွက် ခရိုင်အဆင့် ပြည်သူ့လုံခြုံရေးနှင့် ဝန်ဆောင်မှုကော်မတီများ ဖွဲ့စည်းကူညီသွားရန်နှင့် “ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး” (Bottom-up Federalism Approach) ချဉ်းကပ်မှု အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းသွားရန် စသည့်အချက်များကို ညီလာခံမှ ချမှတ်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အတွင်း MSFC ၏ တက်ကြွစွာ ပူးပေါင်းပါဝင်မှုများ မြင်တွေ့ရသော်လည်း ဒေသတွင်းအင်အားစုများ အချင်းချင်းအကြား တစုတစည်းတည်း ဖြစ်တည်ရေးအတွက်မူ ရုန်းကန်နေရသည့် အခြေအနေဖြစ်ပါသည်။ ပြည်နယ် ဖက်ဒရယ်ယူနစ် ပေါ်ပေါက်ရေးအတွက် ၂၀၂၅ ခုနှစ် မတ်လ ၂၁ ရက်တွင် MNSP (AD) နှင့် MSFC အကြား နိုင်ငံရေးအရ ဆွေးနွေးခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြောင်း MSFC က ဆိုပါသည်။ သို့သော် NMSP (AD) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ပူးပေါင်းပြီး ရာမည မွန်တပ်တော် (Ramanya Mon Army) ဖွဲ့စည်းလိုက်ခြင်းကိုမူ အပြုသဘောဆောင်သော တိုးတက်မှုအဖြစ် အသိအမှတ်ပြုထားပြီး MSFC နှင့် NMSP (AD) အကြား နိုင်ငံရေးရည်မှန်းချက်များနှင့် များစွာတူညီနေခြင်းကြောင့် ပူးပေါင်းဆောင်ရွက်ရေးနည်းလမ်းများကို ရှာဖွေသွားကာ MSFC လက်အောက်ရှိတပ်များနှင့် မဟာမိတ်တပ်များအနေဖြင့် ရာမညတပ်တော်နှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုပါသည်။ 14 MSFC နှင့် NMSP (AD) တို့သည် “ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး” (Bottom-up Federalism Approach) ချဉ်းကပ်မှုတွင် အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူ လက်ခံသဘောတူထားကြပြီးဖြစ်သည်။

အာဏာသိမ်းစစ်အုပ်စုအား တော်လှန်တိုက်ပွဲဝင်နေကြသည့် မွန်ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးအကြား ပေါင်းစည်းကာ တစုတစည်းတည်း လှမ်းချီနိုင်ရေးတွင် မတူညီကွဲပြားသော ဦးစားပေးမှုများ ရှိနေကြသဖြင့် စိန်ခေါ်မှုများစွာရှိနေကြောင်း တွေ့ရသော်လည်း စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ တိုက်ဖျက်ရေးအတွက်မူ သဘောထားတူညီနေကြဆဲဖြစ်ပါသည်။ MSFC မျှော်ရည်လျှောက်လှမ်းနေသည့် မွန်ပြည်ဖက်ဒရယ်ယူနစ်တရပ် ပေါ်ထွက်လာရေးနှင့် တစ်ခုတည်းသော မွန်တပ်တော်ပေါ်ပေါက်လာရေးသည် စောင့်ကြည့်ရမည့် အခြေအနေမျိုးဖြစ်ပါသည်။

13. SFC နှင့် YPDF ပူးတွဲထုတ်ပြန်ကြေညာချက်၊ MSFC ၊ ၃၀ မတ် ၂၀၂၅
14. NMSP(AD) နှင့် MLA ပူးပေါင်းမှု အပေါ် အမြင်သဘောထား ထုတ်ပြန်ချက်၊ MSFC ၊ ၂၅ မေ ၂၀၂၅

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅