|
|||||||||
ကြားကာလ ချင်းအမျိုးသားအတိုင်ခံကောင်စီ (ICNCC) သည် NUCC အတွင်း ဆက်လက်ပူးပေါင်းပါဝင်နေဆဲဖြစ်ပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၄ ရက်၊ ICNCC မှ ချင်းအမျိုးသားတပ်ဦး (CNF) နှုတ်ထွက်သွားပြီးနောက်ပိုင်း ICNCC ၏ စုဖွဲ့မှုနှင့် ဖွဲ့စည်းပုံကို ရှင်းလင်းစွာ မသိရှိရသေးပေ။ သို့သော် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF)၊ ဇိုမီးဖက်ဒရေးရှင်းအဖွဲ့ (ZFU/PDF – Zoland)၊ ချင်းအမျိုးသားကောင်စီ (CNC – Mindat/CDF – Mindat)၊ မရာလဲန်အမျိုးသားကောင်စီ (Maraland Territorial Council/ MDF)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF – ကန်ပက်လက်) တို့ဖြင့် စုဖွဲ့ထားသည့် ချင်းညီနောင် (Chin Brotherhood – CB) သည် ICNCC အတွင်း အပြည့်အဝ ပူးပေါင်းပါဝင်လာခဲ့ပါသည်။ တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ကန်ပက်လက်၊ မင်းတပ်၊ မတူပီမြို့နယ်များနှင့် ကျင်ဒွေးမြို့၊ မရာနယ်မြေတို့တွင် CB က စိုးမိုးထိန်းချုပ်ထားပြီး ဒေသတွင်းအုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရပါသည်။ 15 ထို့အပြင် CB အနေဖြင့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်နှင့် “ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး” (Bottom-up Federalism Approach) ချဉ်းကပ်မှုစသော ဘုံသဘောထားရပ်တည်ချက်များအား CRPH ၊ NLD ၊ NUCC ၊ NUG တို့နှင့်အတူ ပူးတွဲသဘောထားထုတ်ပြန်ထားပါသည်။ ICNCC မှ နုတ်ထွက်ထားသည့် CNF ကတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ပထမအပတ်တွင် ပထမအကြိမ် ချင်းပြည် (Chinland) ကောင်စီ ညီလာခံကို ပြုလုပ်ကာ ချင်းပြည် (Chinland) ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့ပြီး ချင်းပြည် (Chinland) ကောင်စီ (CC) ကို ဖွဲ့စည်းခဲ့သည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်တွင်တော့ ဝန်ကြီးဌာန (၁၁) ခုပါဝင်သော ချင်းပြည် (Chinland) အစိုးရအဖွဲ့၊ ချင်းပြည် (Chinland) တရားလွှတ်တော်ချုပ်နှင့် ချင်းပြည် (Chinland) စာရင်းစစ်ချုပ်တို့ကို ကောင်စီက ဖွဲ့စည်းခန့်အပ်ပေးခဲ့သည်။ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးပါဝင်သော ချင်းပြည် (Chinland) လွှတ်တော်ကို ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ချင်းပြည် (Chinland) ကောင်စီ (CC) အား ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်နေသည့် CNF အနေဖြင့်လည်း နိုင်ငံရေးဦးတည်ချက် (၆) ရပ်နှင့် “ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး” (Bottom-up Federalism Approach) ချဉ်းကပ်မှုစသော ဘုံသဘောထားရပ်တည်ချက်များအား အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူ ရပ်တည်လက်ခံထားသည်ကို တွေ့ရသည်။ ထူးခြားမှုအဖြစ် ICNCC နှင့် CC အကြား ချင်းအမျိုးသားညီညွတ်ရေးသဘောတူညီချက်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြပြီး ချင်းပြည်အတွင်း ကောင်စီနှစ်ရပ်ဖြစ်နေခြင်းအား ကောင်စီသစ်တရပ်အဖြစ် ပေါင်းစည်းရန် သဘောတူညီခဲ့ကြပါသည်။ “ချင်းအမျိုးသားကောင်စီ” အမည်ဖြင့် အမြန်ဆုံး ပေါ်ပေါက်လာစေရေးအတွက် ချင်းအမျိုးသား ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ ဖွဲ့စည်းရေးကိုလည်း သဘောတူခဲ့ကြပါသည်။ 16 ဆိုရသော် ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများကို စိတ်ဖြာကြည့်ပါက ICNCC ၏ နိုင်ငံရေးဦးဆောင်မှုဖြင့် ချင်းညီနောင် (CB) ၏ အရွေ့အတွန်းများ၊ ချင်းပြည် (Chinland) ကောင်စီ (CC) ဦးဆောင်မှုဖြင့် CNF/CNA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ အရွေ့အတွန်းများအဖြစ် ယေဘုယျတွေ့မြင်ရပြီး အနာဂတ် ချင်းပြည်အတွက် ရည်မျှော်ချက်များ ကွဲပြားနေသည်ဟု ရှုမြင်နိုင်စရာ မရှိပေ။ ထို့ကြောင့် အမြင်သဘောထားကွဲလွဲမှုများ၊ ပွတ်တိုက်မှုများမှတဆင့် စစ်ရေးပဋိပက္ခအသွင် ပြောင်းလဲနိုင်ချေများကို နှစ်ဖက်စလုံးက လျော့ချနိုင်ဖို့ အထူးလိုအပ်နေပါသည်။ ချင်းပြည်၏ အနာဂတ်အတွက် ချင်းအင်အားစုများအချင်းချင်း ညီညွတ်မှု၊ တစုတစည်းတည်း ဖြစ်တည်နိုင်မှု အလားလာများကို စောင့်ကြည့်ရမည်ဖြစ်ပါသည်။ 15. ချင်းညီနောင်(Chin Brotherhood) ဖွဲ့စည်းတည်ထောင်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်ကြေညာချက်၊ ICNCC ၊ ၃၀ ဒီဇင်ဘာ ၂၀၂၄ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅ |
ICNCC ၊ CC ၊ CB သို့မဟုတ် စောင့်ကြည့်ရမည့် ချင်းအင်အားစုများ
By MPM
19 စက်တင်ဘာ, 2025
👁


