အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ – NUCC

By MPM 19 စက်တင်ဘာ, 2025 👁

စတင်ဖွဲ့စည်းသည့် ရက်စွဲ – ၈ မတ် ၂၀၂၁

ကဏ္ဍအလိုက် အစုအဖွဲ့ – ၅ ခု

အဖွဲ့ဝင် အဖွဲ့အစည်းပေါင်း – ၂၇ ဖွဲ့

Facebook – https://www.facebook.com/nucc.federal

Website – NUCC Myanmar/Burma (nucc-federal.org)

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နည်းတူ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) လည်း ပြုပြင်ပြောင်းလဲရေးအတွက် အထူးလိုအပ်နေသည့် အခြေအနေဖြစ်သည်။ အာဏာသိမ်းစစ်အုပ်စုအား နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်နေကြသော အဖွဲ့အစည်းများဖြင့်သာ စုဖွဲ့ထားခြင်းဖြစ်သော်လည်း NUCC ၏ အတွန်းအရွေ့များသည် အလွန်နှေးကွေးနေခဲ့ပါသည်။ (၆) လတကြိမ်ပြုလုပ်ရန် မူဝါဒထားချမှတ်ထားသည့် ပြည်သူ့ညီလာခံဟူသည်ကလည်း (၄) နှစ်ကျော်ကာလအတွင်း (၂) ကြိမ်သာ ကျင်းပနိုင်ခဲ့သည်။ တတိယအကြိမ်မြောက် ပြည်သူ့ညီလာခံအား ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကျင်းပရမည်ဖြစ်သော်လည်း အရိပ်အယောင်ပင် မတွေ့ခဲ့ရပေ။ NUCC ၏ တာဝန်ယူ၊ တာဝန်ခံမှုကို တိုင်းတာရမည့် ပေတံတစ်ချောင်းဖြစ်နေသော ပြည်သူ့ညီလာခံများ ပုံမှန်မကျင်းပနိုင်ခြင်းသည် NUCC ၏ ဦးဆောင်မှုအခန်းကဏ္ဍ အားနည်းချက်များကို လှစ်ဟပြသနေခြင်း ဖြစ်ပါသည်။

အထူးသဖြင့် ဒုတိယအကြိမ် ပြည်သူ့ညီလာခံအပြီး ထုတ်ပြန်ခဲ့သည့် အချက် (၂၁) ချက်ပါသော အဆိုပြုချက်များနှင့် အကြံပြုချက်များအရ NUCC အနေဖြင့် NUG အပေါ် ထိန်းကျောင်းတည့်မတ်နိုင်သည့်အခြေအနေမျိုး မတွေ့ရသကဲ့သို့ CRPH အပါအဝင် ကောင်စီဝင်အစုအဖွဲ့များ အချင်းချင်းအကြား နားလည်မှု၊ ယုံကြည်မှု တည်ဆောက်နိုင်ရေးတွင် လိုအပ်ချက်များရှိနေသေးကြောင်း သတိပြုမိစေပါသည်။ ထို့အပြင် NUCC အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) ၃ ဖွဲ့နှင့် NUG အကြား ဘုံနိုင်ငံရေး ရပ်တည်ချက် သဘောထားပူးတွဲထုတ်ပြန်မှုကိုပင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အား ကျော်လွန်နေသည်ဟုဆိုကာ NUG အား NUCC က သတိပေးခဲ့သည်။ 7

ဆိုရသော် NUCC အတွင်း ပါဝင်ကြသည့် အစုအဖွဲ့ဝင်များ၏ ကွဲပြားစုံလင်မှုသည် နွေဦးတော်လှန်ရေး၏ ပြယုဂ်ကို ထင်ဟပ်စေသော်လည်း အဖွဲ့အစည်းတစ်ခုချင်းစီ၏ ဦးတည်ချက်များ၊ ဦးစားပေးမှုများနှင့် ရေတို၊ ရေရှည် မျှော်ရည်ချက်များ စသည့်အရေးပေါင်းစုံကို ထမ်းပိုးထားရခြင်းသည် NUCC အရွေ့ကို နှေးကွေးစေခဲ့ခြင်းဖြစ်သည်။ NUCC အနေဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အားလုံးပါဝင်မှု၊ စုစည်းမှုခွန်အားကို ပြသနေသည့်တိုင် အရွေ့တခုကို ထင်ထင်ရှားရှားမပြသနိုင်ခြင်းကြောင့် ပြည်သူလူထုအပါအဝင် တော်လှန်ရေးအင်အားစုများ၏ အားမလိုအားမရ ပြစ်တင်ဝေဖန်ခြင်းကို ခံနေရခြင်းဖြစ်ပါသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်သော NUCC ပါဝင်သည့် ပူးတွဲထုတ်ပြန်ချက်တွင်တော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အပါအဝင် တန်းတူညီမျှမှုနှင့် ပြည်သူလူထု၏ဆန္ဒကို အခြေခံ၍ ပြည်နယ်/ဖက်ဒရယ်ယူနစ် အားကောင်းရေးကို ရှေးရှုသည့် ပြည်နယ်/ ဖက်ဒရယ်ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) ချဉ်းကပ်မှုတို့ကို ဦးတည်နေပြီဟု ဆိုထားပါသည်။ အဆိုပါ ပူးတွဲထုတ်ပြန်ချက်တွင် NUG ၊ CRPH ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) နှင့် ချင်းညီနောင်အဖွဲ့ (CB) တို့လည်း ပါဝင်လာခဲ့ပါသည်။ 8

လာမည့် တတိယအကြိမ်မြောက် ပြည်သူ့ညီလာခံတွင်တော့ NUCC ၏ အရွေ့တစ်ခုကို စောင့်မျှော်ရနိုင်ပြီး မျက်မှောက်ရေးရာ စစ်ရေး နိုင်ငံရေး အခင်းအကျင်းများပေါ်မူတည်ပြီး အကျပ်အတည်း၊ အဟန့်အတားများမှ ရုန်းထနိုင်မလားဆိုသည်ကို စောင့်ကြည့်ရပါလိမ့်မည်။

7. အန်ယူစီစီ၏ ဒုတိယအကြိမ် ပြည်သူ့ညီလာခံ အောင်မြင်ခဲ့သလား?၊ Bi WNR, Issue 142၊ BNI-MPM၊ ဧပြီ ၂၀၂၄၊
8. ပူးတွဲထုတ်ပြန်ကြေညာချက်၊ NUCC၊ ၃ ဖေဖော်ဝါရီ ၂၀၂၅

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅