ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ – CRPH

By MPM 18 စက်တင်ဘာ, 2025 👁

ဖွဲ့စည်းသည့် ရက်စွဲ – ၅ ဖေဖော်ဝါရီ ၂၀၂၁

ဥက္ကဌ – ဦးအောင်ကြည်ညွန့်

အတွင်းရေးမှူးအဖွဲ့ဝင် – ဦးထွန်းမြင့်၊ ဒေါ်ဖြူဖြူသင်း၊ မိုင်းလမင်းထွန်း

အဖွဲ့ဝင် – ၂၀ ဦး

ပါဝင်သော အစုအဖွဲ့ – NUCC ၏ ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့

Facebook – https://www.facebook.com/crph.official.mm

Website – https://crphmyanmar.org/my/

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အနိုင်ရလွှတ်တော်အမတ်များဖြင့် စုဖွဲ့ဖြစ်တည်လာသည့် CRPH သည် လေးနှစ်ကျော်သက်တမ်းအတွင်း ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ၂၀၂၁ ခုနှစ် မတ်လ (၅) ရက်တွင် ထုတ်ပြန်ခဲ့သည့် “စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီ အပြည့်အဝရရှိစေရေး၊ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်း၍ ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တရပ် ရေးဆွဲပေါ်ပေါက်ရေး” ဟူသော နိုင်ငံရေးရည်မှန်းချက် (၄) ချက်များ ပြည့်မီရေးအတွက်မူ ရုန်းကန်နေရဆဲဖြစ်သည်။

ဥက္ကဌ၊ အတွင်းရေးမှူး (၃) ဦးနှင့် အဖွဲ့ဝင် (၁၆) ဦးဖြင့် ဖွဲ့စည်းထားသော်လည်း အများစုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ကိုယ်စားလှယ်များဖြစ်ကြသလို တချို့သောအဖွဲ့ဝင်များသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင်လည်း စစ်ရေးနိုင်ငံရေးအရ အရေးပါသည့် ဝန်ကြီးနေရာများကို ရယူထားကြပါသည်။ ထို့ကြောင့် CRPH ၏ ဖြစ်တည်မှုနှင့် လုပ်ငန်းတာဝန်များ၊ တာဝန်ယူတာဝန်ခံမှုများကို ပိုမိုရှင်းလင်းဖို့ လိုအပ်နေသည်ဟု ဆိုရပါမည်။

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖျက်သိမ်းခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အား အတည်ပြုခြင်း၊ NUG အား ဖွဲ့စည်းပေးခြင်း၊ အာဏာသိမ်းစစ်ကောင်စီအား အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (ERO) များအား အကြမ်းဖက်အဖွဲ့အစည်းဝင်များနှင့် မတရားအသင်းဝင်များအဖြစ်မှ ပယ်ဖျက်ခြင်းအပါအဝင် တော်လှန်ရေးကာလအတွင်း လိုအပ်သည့်၊ တော်လှန်ရေးအတွက် အထောက်အကူဖြစ်စေမည့် ဥပဒေများကို အတည်ပြုပြဌာန်းခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ချက်ခြင်း စသည်တို့ကို CRPH အနေဖြင့် လုပ်ဆောင်ခဲ့သည်။ အလားတူ ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တရပ် ရေးဆွဲပေါ်ပေါက်ရေးအတွက်လည်း ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးပါသည့် နိုင်ငံရေးဦးတည်ချက် (၆) ချက်နှင့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး ချဉ်းကပ်မှုအတွက် ဘုံသဘောတူညီထားကြသည့် အင်အားစုများအတွင်း CRPH လည်း ပါဝင်လာပါသည်။

သို့သော်လည်း အာဏာသိမ်းစစ်ကောင်စီက မဖြစ်မနေကျင်းပရန်ပြင်ဆင်နေသည့် ရွေးကောက်ပွဲအသစ်သည် CRPH ၏ ဖြစ်တည်မှုကို ခြိမ်းခြောက်လာနိုင်ပြီး လက်ရှိ CRPH အပေါ် နိုင်ငံတကာအသိုင်းအဝန်း၏ အသိအမှတ်ပြုမှုနှင့် မြန်မာပြည်သူလူထု၏ ထောက်ခံအားပေးမှုတို့တွင် စိန်ခေါ်မှုအသစ်များ ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် CRPH ၏ အခန်းကဏ္ဍနှင့် မဟာဗျူဟာကျသော တုန့်ပြန်နိုင်စွမ်းသည် စောင့်ကြည့်ရမည့် အခြေအနေမျိုးတွင် ရောက်ရှိနေပါသည်။

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅