|
|
| စတင်ဖွဲ့စည်းသည့် နေ့စွဲ – ၁၅ – ၁၉ ဧပြီ ၂၀၁၇
အဖွဲ့ဝင်များ – UWSP/UWSA ၊ KIO/KIA ၊ SSPP/SSA ၊ MNTJP/ MNDAA ၊ NDAA/ESS ၊ PSLF/TNLA ၊ ULA/AA ဥက္ကဌ (၁) – ဦးပေါက်ယူချန် (UWSP/UWSA) ဥက္ကဌ (၂) – ဗိုလ်ချုပ်ကြီး အင်ဘန်လ (KIO/KIA) အတွင်းရေးမှူး – ဦးပေါက်ယူရိ NCA မဟုတ်သော တခြားလမ်းကြောင်းမှတဆင့် အဖွဲ့ဝင်အားလုံး တစုတစည်းတည်းဆွေးနွေးရန် FPNCC အတွင်း မူဝါဒချမှတ်ထားသော်လည်း စစ်အာဏာသိမ်းမှုနှင့်အတူ အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင်တော်လှန်သည့်အုပ်စုနှင့် ဆန့်ကျင်ခြင်းမပြုသောအုပ်စုဟူ၍ FPNCC အတွင်း ဖြစ်တည်လာခဲ့ပါသည်။ အထူးသဖြင့် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ဦးဆောင်မှုဖြင့် စတင်လာသည့် ၁၀၂၇ စစ်ဆင်ရေးသည် ယနေ့အချိန်ထိ ဆက်လက်အသက်ဝင်နေဆဲဖြစ်ပြီး စစ်ကောင်စီအား ထိုးစစ်ဆင်လျက်ရှိသော နွေဦးတော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်စုဖွဲ့လှုပ်ရှားမှုများကိုလည်း မြင်တွေ့နေရဆဲဟု ဆိုရပါမည်။ FPNCC အတွင်း ဥက္ကဌ (၂) တာဝန်ယူထားသည့် KIO/KIA ဆိုလျှင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းဆောင်ရွက်မှုကို အခိုင်အမာထားရှိကာ နွေဦးတော်လှန်ရေး၏ စစ်ရေးစာမျက်နှာတွင် အလွန်ရေးပါသော ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C) ကို တခြားသောအင်အားစုများနှင့်အတူ ဦးဆောင်ဦးရွက်ပြုလျက်ရှိပါသည်။ အခြားတဖက်ရှိ FPNCC ဥက္ကဌ (၁) တာဝန်ယူထားသည့် UWSA အပါအဝင် SSPP နှင့် NDAA တို့ကမူ အာဏာသိမ်းစစ်ကောင်စီ၏ ဖိတ်ခေါ်မှုများကို ငြင်းဆန်နိုင်ခြင်းမရှိသေးဘဲ နေပြည်တော်သို့ သွားရောက်တွေ့ဆုံနေကြရဆဲ ဖြစ်ပါသည်။ စစ်ရေးစစ်ဘောင် ကျယ်ပြန့်လာခြင်းနှင့်အတူ အာဏာသိမ်းစစ်အုပ်စုအား ဒေသအလိုက် ဖယ်ရှားနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်နေကြသည့် FPNCC အတွင်းရှိ အဖွဲ့ဝင်အဖွဲ့အစည်းများသည် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အချင်းချင်းအကြား ပဋိပက္ခကိုလျှော့ချရန် ကြိုးပမ်းလေ့ရှိကြသော်လည်း အောက်ခြေတွင်တော့ တပ်ပိုင်းဆိုင်ရာ အငြင်းပွားမှုများ၊ ပွတ်တိုက်မှုများကို မကြာခဏဆိုသလို တွေ့ရှိနေရပါသည်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို ဦးတည်နေသည့်အုပ်စုနှင့် ဒေသတွင်းတည်ငြိမ်ရေး မူလအထိုင်ကို မရွှေ့သေးသည့်အုပ်စုများ ရောပြွန်းလာပြီဖြစ်သော FPNCC ၏ ဦးဆောင်မှုသည် အာဏာသိမ်းကာလတလျှောက်လုံးတွင် ပျောက်ကွယ်နေခဲ့ပြီး တရုတ်အစိုးရ၏ ဖိအားပေးမှု၊ အကြပ်ကိုင်ခံရမှုများကိုလည်း သတိကြီးစွာ ကိုင်တွယ်နေသည်ဟု ဆိုရပါမည်။ ထို့အပြင် အာဏာသိမ်းစစ်အုပ်စု၏ သပ်လျှိုသွေးခွဲချဉ်းကပ်ခြင်းနှင့် မက်လုံးပေးဖြားယောင်းမှုဒဏ်ကိုလည်း အစုအဖွဲ့တစ်ဖွဲ့ချင်းစီတွင် ရှိနေနိုင်သည့်အတွက် FPNCC လားရာသည် စောင့်ကြည့်ချင်စရာ ဖြစ်နေပါသည်။ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅ |
ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိုနှိုင်းရေးကော်မတီ – (FPNCC)
By MPM
18 စက်တင်ဘာ, 2025
👁