|
|
| ဖွဲ့စည်းသည့် ရက်စွဲ – ၃ ဇွန် ၂၀၂၅ (၂၀၂၁ မတ်လ ၂၄ ရက်တွင် ဖွဲ့စည်းခဲ့သည့် TPCC ကို ပြောင်းလဲဖွဲ့စည်းခြင်းဖြစ်သည်။)
ဥက္ကဌ – ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း (PSLF/TNLA) ဒု-ဥက္ကဌ (၁) – လွေးမိုးခမ်း (CSO) ဒု-ဥက္ကဌ (၂) – တားအေးမောင် (TNP) ပါဝင်သော အစုအဖွဲ့ – NUCC ၏ ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ် ကိုယ်စားပြုအဖွဲ့/ ကော်မတီများ အစုအဖွဲ့ Facebook – https://www.facebook.com/profile.php?id=100072494673782 ၂၀၂၅ ခုနှစ် ဇွန်လ ၁ ရက်မှ ၃ ရက်အထိ ပြုလုပ်ခဲ့သည့် နိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) ၏ နိုင်ငံရေးထိပ်သီးအစည်းအဝေးကြီးတွင် တအာင်း (ပလောင်) အမျိုးသားပါတီ (TNP)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် တအာင်းအရပ်ဖက်အစုအဖွဲ့များ (TCSOs) မှ ထိပ်ပိုင်းခေါင်းဆောင်များအပါအဝင် ကိုယ်စားလှယ် (၈၃) ဦး တက်ရောက်ခဲ့သည်။ အစည်းအဝေးအတွင်း တအာင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ (TSCDC) က ရေးဆွဲထားသည့် “တအာင်းပြည် တော်လှန်ရေးကာလအစိုးရ အစီအမံ” ကို အတည်ပြုခဲ့ပြီး တအာင်းပြည်၏ တော်လှန်ရေးကာလတွင် အမြင့်ဆုံး နိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် တအာင်းပြည်ကောင်စီ (TLC) ကို ဖွဲ့စည်းဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်တွင် ဖွဲ့စည်းခဲ့သည့် TPCC အား TLC အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တအာင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဟူသော မဏ္ဍိုင် (၃) ရပ်အား ထိန်းကျောင်း ကြပ်မတ် ဦးဆောင်နိုင်ရန် ရည်ရွယ်ထားသည်။ TLC ၏ ဥက္ကဌအဖြစ် PSLF/ TNLA ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက တာဝန်ယူထားပြီး တအာင်းအရပ်ဖက်အစုအဖွဲ့များမှ လွေးမိုးခမ်းက ဒုဥက္ကဌ (၁) အဖြစ်လည်းကောင်း၊ တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) မှ တားအေးမောင်က ဒုဥက္ကဌ (၂) အဖြစ် အသီးသီး တာဝန်ယူထားကြပါသည်။ TLC တွင် အထက်ဖော်ပြပါအစုအဖွဲ့ (၃) ခုမှ ကိုယ်စားလှယ် (၃) ဦးစီပါဝင်ကာ စုစုပေါင်းကောင်စီဝင် (၉) ဦးဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရသည်။ ထိုအထဲ အမျိုးသမီး (၄) ဦး၊ အမျိုးသား (၅) ဦး ပါဝင်ပြီး အမျိုးသမီးများ၏ ဦးဆောင်မှုအခန်းကဏ္ဍကိုလည်း စိတ်ဝင်စားဖွယ်တွေ့ရှိရပါသည်။ တအာင်းပြည်ကောင်စီ (TLC) သည် ယခုနှစ် (၂၀၂၅) အတွင်း တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို ကောင်စီအတွင်းရှိ အစုအဖွဲ့ (၃) ဖွဲ့မှ ခေါင်းဆောင်များအပြင် သင့်လျော်သော ကိုယ်စားလှယ်များဖြင့် ဆက်လက်ဖွဲ့စည်းသွားရမည်ဖြစ်သည်။ တဆက်တည်းတွင် မြန်မာပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက်လည်း ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ TPCC အတွင်းရေးမှူးဖြစ်သူ မိုင်းနိုင်ဂေါင်ဇာရ်ကတော့ TLC သည် TPCC ထက် လုပ်ပိုင်ခွင့်များ ပိုမိုရရှိထားပြီး နွေဦးတော်လှန်ရေးအတွင်း TPCC ပါဝင်ဆောင်ရွက်နေသည့် အစုအဖွဲ့တိုင်း၊ နေရာတိုင်းတွင် TLC နာမည်ဖြင့် ဆက်လက်ပူးပေါင်းပါဝင်သွားလိမ့်မည်ဟု ဆိုပါသည်။ TLC ကို လုပ်ပိုင်ခွင့်အာဏာအမြင့်ဆုံးဖြင့် မြှင့်တင်ပေးလိုက်ခြင်းဖြစ်သည့်အတွက် နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် အင်အားစုများနှင့်ဖြစ်စေ၊ အခြားသော မဟာမိတ်များဖြစ်စဉ် ပူးပေါင်းဆောင်ရွက်ရေးအစီအမံများ၊ လုပ်ငန်းစဉ်များကို TLC ကသာ ဆွေးနွေးဆုံးဖြတ်သွားလိမ့်မည်ဟု မိုင်းနိုင်ဂေါင်ဇာရ်က ဆိုပါသည်။ 10 လက်ရှိတွင် TPCC သည် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင် အစုအဖွဲ့ဝင်အနေဖြင့် ပါဝင်နေသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင်လည်း ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန၏ ဒုဝန်ကြီးတစ်နေရာ ကိုယ်စားလှယ်စေလွှတ်ထားပါသည်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၏ လမ်းညွှန်ချက်နှင့်အညီ ကြားကာလ တအာင်းဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုလည်း TPCC က ဖွဲ့ စည်းထားပါသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်ထုတ်၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုး ကိုယ်စားပြုဖက်ဒရယ်ကောင်စီများ၏ ကြေညာချက် (ဝ၁/၂၀၂၅) တွင်လည်း TPCC ပါဝင်နေပြီး “ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး” (Bottom – up Federalism Approach) ချဉ်းကပ်မှုဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လက်တွေ့တည်ဆောက် အကောင်အထည်ဖော်သွားမည်ဟု ဆိုထားပါသည်။ ဆိုရသော် စစ်ရေး၊ နိုင်ငံရေးနှင့် အရပ်ဖက်အင်အားစုများဟူသော အစုအဖွဲ့ (၃) ခု စုဖွဲ့မှုဖြင့် ပြောင်းလဲဖြစ်တည်လာသည့် တအာင်းပြည်ကောင်စီ (TLC) တွင် ယခင် TPCC ၏ ဖြစ်တည်မှုထက်ပင် ဦးဆောင်မှုနှင့် ဦးတည်ချက်ကို ရှင်းလင်းစွာမြင်တွေ့လာရသလို တအာင်းပြည်၏ တော်လှန်ရေး (ဝါ) စစ်ရေး၊ နိုင်ငံရေးအရွေ့အပြောင်းများကို ထင်ရှားစွာထုတ်ဖော်ပြသလာခြင်းဟုလည်း ဆိုနိုင်ပါသည်။ အခြားတဖက်တွင်လည်း ဒေသတွင်း လူမျိုးရေးကိစ္စရပ်များ၊ တရုတ် အစိုးရ၏ ဖိအားနှင့် အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် စိန်ခေါ်မှုများစွာသည် TLC ကို စောင့်ကြိုနေပါသည်။ တအာင်းပြည်တော်လှန်ရေးကာလအတွင်း အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းအဖြစ် ဖြစ်တည်ပေါက်ဖွားလာသည့် တအာင်းပြည်ကောင်စီတွင် PSLF/TNLA ၏ ဦးဆောင်ပါဝင်မှုအခန်းကဏ္ဍသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းလှပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တော်လှန်ခွန်အားတရပ် ဖြစ်လာမလားဆိုသည်ကလည်း စောင့်ကြည့်ရမည်ဖြစ်သည်။ 10. PSLF/TNLA ရဲ့ ဦးဆောင်မှုဆိုတာထက် TLC ကို လုပ်ပိုင်ခွင့်အားလုံးပေးလိုက်တယ်၊ Burma VJ ၊ ၉ ဇွန် ၂၀၂၅ Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅ |
တအာင်းပြည်ကောင်စီ (TLC)
By MPM
19 စက်တင်ဘာ, 2025
👁
