|
|
| ဖွဲ့စည်းသည့် ရက်စွဲ – ၁၁ မတ် ၂၀၂၁
ဥက္ကဌ – တူးရှန် အတွင်းရေးမှူး – ဂမ်ဆန်းအန်ဆန်း အဖွဲ့ဝင်အဖွဲ့အစည်း – ၅ ဖွဲ့ Facebook – https://www.facebook.com/KachinPICT ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ စကားလုံးအဓိပ္ပါယ်ဖွင့်ဆိုမှုများနှင့်ပတ်သက်ပြီး ပြန်လည်ဆွေးနွေးရမည့် အချက်အချို့ရှိနေခြင်း၊ ကချင်ပြည်သူလူထုနှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်နေခြင်း စသည့် အကြောင်းပြချက်များနှင့်အတူ ၂၀၂၂ ခုနှစ် ဇူလိုင်လထဲတွင် NUCC ၏ အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်မှုကို KPICT က ရပ်နားခဲ့သည်။ သို့သော် NUG အတွင်း KPICT ၏ ကိုယ်စားလှယ်အချို့ ဆက်လက်ပါဝင်နေဆဲဖြစ်သလို CRPH နှင့် KPICT အကြားတွင်လည်း ချိတ်ဆက်ပူးပေါင်းမှု၊ တွေ့ဆုံဆွေးနွေးမှုများ ဆက်ရှိနေပါသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်က KPICT နှင့် CRPH အကြားတွေ့ဆုံမှုတွင် လက်ရှိ တော်လှန်ရေးအောင်မြင်စေရေးအတွက် ဆောင်ရွက်နေမှုများ၊ ကြုံတွေ့လာနိုင်သည့် စိန်ခေါ်မှုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း CRPH က ထုတ်ပြန်ခဲ့သည်။ 11 CRPH နှင့် KPICT အကြား “ကြားကာလသဘောတူညီချက်” စာချုပ်ကို ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ကြားကာလအတွင်း ကချင်ဒေသ အစိုးရဖွဲ့စည်းရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရေးတွင် နှစ်ဖက်အကြား ညှိနှိုင်းဆောင်ရွက်ကြမည်ဟု ဆိုပါသည်။ ထို့အပြင် နှစ်ဖက်အကြား နှုတ်အားဖြင့် ကြိုတင်သဘောတူညီချက်များကိုလည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ကြမည်ဟု ဆိုပါသည်။ KPICT အနေဖြင့် NUCC မှ ရပ်နားထားသည့်တိုင် CRPH ၊ NUG နှင့် KPICT တို့အကြား ဆက်ဆံရေးသည် ခိုင်မာအားကောင်းနေဆဲဟု ဆိုရပါမည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင်လည်း KPICT နှင့် CRPH အကြား အွန်လိုင်းမှတဆင့် တွေ့ဆုံကြပြီး တော်လှန်ရေးအောင်မြင်စေရန် စစ်ရေး၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပိုမိုပူးပေါင်းဆောင်ရွက်သွားသင့်သည့် လုပ်ငန်းစဉ်များနှင့် အနာဂတ်တွင်လည်း ချိတ်ဆက်လုပ်ဆောင်သွားနိုင်မည့် လုပ်ငန်းစဉ်များအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 12 CRPH နှင့် KPICT အကြား တွေ့ဆုံမှု တိုင်းတွင် KIO/KIA ၏ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်အား တွေ့ရလေ့ရှိပြီး လက်ရှိ နွေဦးတော်လှန်ရေးကာလအတွင်း တော်လှန်ရေး၏ အရေးပါသော စစ်ရေးစုဖွဲ့မှုဖြစ်သည့် ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (C3C) တွင်လည်း KIO/KIA ၏ ဦးဆောင်မှု ပါဝင်မှုကို ထင်ထင်ရှားရှား တွေ့မြင်နေရပါသည်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဟူသော အခြားသော တော်လှန်ရေးအင်အားစုများနှင့် ဦးတည်ချက်များ တူညီနေကြသည့်တိုင် KPICT ၏ ဖြစ်တည်မှု၊ သက်ဝင်လှုပ်ရှားမှုပုံစံသည် ကွဲပြားမှုရှိနေပြီး KPICT အတွင်း KIO/KIA ၏ အခန်းကဏ္ဍနှင့် ဦးဆောင်မှုသည် မသိကိန်းတစ်ခုကဲ့သို့ ဖြစ်နေပါသည်။ ထို့ကြောင့် KPICT သည် စောင့်ကြည့်ရမည့် အစုအဖွဲ့အဖြစ် ဆက်ရှိနေပါသေးသည်။ 11. CRPH and KPICT held a virtual discussion this morning, CRPH၊ ၂၀ January 2024 Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅ |
ကြားကာလ ကချင်နိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (KPICT)
By MPM
19 စက်တင်ဘာ, 2025
👁