ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)

By MPM 19 စက်တင်ဘာ, 2025 👁

ဖွဲ့စည်းသည့်ရက်စွဲ – ၉ ဧပြီ ၂၀၂၃

ကောင်စီဝင် – ၁၄ ဦး (၂၀၂၅ ခုနှစ် ဇူလိုင်လ၂၈ ရက်တွင် မူလ ၁၁ ဦးမှ ၁၄ ဦးအထိ တိုးချဲ့ဖွဲ့စည်းခဲ့သည်)

ပါဝင်သော အစုအဖွဲ့ – NUCC ၏ ကြားကာလ ပြည်နယ်/ ဖက်ဒရယ်ယူနစ် ကိုယ်စားပြုအဖွဲ့/ ကော်မတီများ အစုအဖွဲ့

Facebook – https://www.facebook.com/profile.phpid=100069442572761

Website – kscc.karennistate.com – Home

ကရင်နီပြည်နယ်၏ ကြားကာလအစီအမံအရ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နေဆဲဖြစ်သော တော်လှန်ရေးကာလ (ကြားကာလ) အတွင်း ကရင်နီပြည်၏ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် အမြင့်ဆုံးအဖြစ် KSCC ကို သတ်မှတ်ထားပြီး ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ထွန်းရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ကျင့်သုံးရေးဟူသော နိုင်ငံရေးဦးတည်ချက် (၅) ရပ်ကို ချမှတ်ထားသည်။ စုပေါင်းခေါင်းဆောင်မှုစနစ်ဖြင့် ကရင်နီပြည်အစိုးရတရပ် ပေါ်ထွန်းရေး၊ ကရင်နီပြည်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများအား အပြန်အလှန်ထိန်းညှိပေးနိုင်သည့် ဖွဲ့စည်းပုံတရပ် ဖြစ်ပေါ်လာရေး၊ ကရင်နီပြည်အတွင်းရှိ အင်အားစုအသီးသီးက ပြည်နယ်၏ နိုင်ငံရေး မဟာဗျူဟာလုပ်ငန်းစဉ်များအတွင်း လက်တွေ့ကျကျ ပူးပေါင်းပါဝင်ကြိုးပမ်းနိုင်ရေး စသော ရည်ရွယ်ချက်များဖြင့် လျှောက်လှမ်းနေသည့် KSCC ၏ အရွေ့သည် အလွန်မြန်သည်ဟု ဆိုရမည်ဖြစ်သည်။

KSCC ဖြစ်တည်ခြင်း (၄) နှစ်တာကာလအတွင်း ကြားကာလအစီအမံအတည်ပြုနိုင်ခြင်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များ ဖွဲ့စည်းလည်ပတ်နိုင်ခြင်းမှသည် ကရင်နီပြည် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ ဖွဲ့စည်းကာ ၂၀၂၅ ခုနှစ်အတွင်း ပထမမူကြမ်း အပြီးသတ် ရေးဆွဲနိုင်ရေးအထိ ခြေလှမ်းသွက်သွက်လျှောက်လှမ်းနေသည်ကို တွေ့ရသည်။ ထို့အပြင် ကရင်နီပြည်အတွင်း လိုအပ်သောမူဝါဒများ ရေးဆွဲနိုင်ရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး စသော လုပ်ငန်းစဉ်များအတွက်လည်း ကော်မတီများ ဖွဲ့စည်းလှုပ်ရှားနေပြီဖြစ်သည်။

ထူးခြားမှုအဖြစ် KSCC အတွင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၂) ဖွဲ့၏ ကိုယ်စားလှယ်များ၊ ကရင်နီပြည်အတွင်းရှိ နိုင်ငံဝန်ထမ်း CDM (အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု) ကိုယ်စားလှယ်များ ထည့်သွင်းကာ KSCC အား တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ခြင်းနှင့် ပြည်နယ်ပြင်ပရှိ တော်လှန်ရေးအင်အားစုများနှင့်အတူ ဘုံနိုင်ငံရေးသဘောတူညီမှုများရရှိရန် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ တဆက်တည်းတွင် ပြည်နယ်/ ဖက်ဒရယ်ယူနစ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-Up Federalism) ချဉ်းကပ်မှုကို အဆိုပြုချက်တွင်လည်း KSCC အနေဖြင့် နောက်ကျနေခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်၊ ၂၃ ရက်နေ့များတွင် ကရင်နီအင်အားစုအားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲတစ်ခုကို ကရင်နီပြည်အတွင်း ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့ပြီး ပိုမိုပြည့်စုံသည့် တွေ့ဆုံဆွေးနွေးပွဲများကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု KSCC ဥက္ကဌ ဦးအောင်ဆန်းမြင့်က ဆိုပါသည်။ KSCC အနေဖြင့် ကြားကာလ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် (၃) ရပ်နှင့်အတူ အသွင်ကူးပြောင်းရေးကာလ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကာလအတွက် မူဝါဒဆိုင်ရာလမ်းညွှန်မှုများပေးခြင်းနှင့် နိုင်ငံရေးဦးဆောင်မှုပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ကာ NUCC ၊ NUG နှင့် အခြားသော နိုင်ငံရေး၊ တော်လှန်ရေးအင်အားစုများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဆိုထားပါသည်။ 9

KSCC နိုင်ငံရေးဦးဆောင်မှုနှင့်အတူ ကရင်နီဒေသအတွင်းရှိ စစ်ရေး၊ နိုင်ငံရေး အရွေ့အပြောင်းများသည် စောင့်ကြည့်ချင်စရာ ဖြစ်နေပါသည်။

9. (၄) နှစ်ပြည့်အထိမ်းအမှတ် လှုပ်ရှားဆောင်ရွက်မှုအနှစ်ချုပ်၊ KSCC ၊ ၉ ဧပြီ ၂၀၂၅

Reference: မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – လမ်းညွှန်အကိုးအကား ၂၀၂၄– ၂၀၂၅