28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“preparedness လုပ်ဖို့ ဗုံးခိုကျင်းတွေ ခိုင်ခိုင်ခံ့ခံ့ဆောက်ထားကြဖို့၊ အမြဲတမ်းသန့်ရှင်းရေး လုပ်ထားကြဖို့ပေါ့။ အရေးကြီးဆုံးကတော့ ညအချိန်ပေါ့နော၊ မီးတွေ မထိုးကြဖို့၊ ညအချိန် ဆိုင်ကယ်မမောင်းရဘူးဆိုတဲ့ဟာတွေ...

“preparedness လုပ်ဖို့ ဗုံးခိုကျင်းတွေ ခိုင်ခိုင်ခံ့ခံ့ဆောက်ထားကြဖို့၊ အမြဲတမ်းသန့်ရှင်းရေး လုပ်ထားကြဖို့ပေါ့။ အရေးကြီးဆုံးကတော့ ညအချိန်ပေါ့နော၊ မီးတွေ မထိုးကြဖို့၊ ညအချိန် ဆိုင်ကယ်မမောင်းရဘူးဆိုတဲ့ဟာတွေ စည်းကမ်းထုတ်ထားပေးတယ်။ ပြီးတော့မှ လိုင်းတွေ တက်မသုံးကြဖို့ပေါ့နော၊ ဆိုတော့ ဒီဟာတွေက preparedness ပဲပေါ့နော။ ဒီဟာလေးတွေလောက်ပဲ ကျနော်တို့လုပ်နိုင်ပါတယ်” စစ်ရှောင်စခန်းကော်မတီ အတွင်းရေးမှူး (၁) ခွန်းရောဘတ်

ထိုင်း – ကရင်နီနယ်စပ်က လေကြောင်းဗုံးကြဲခံခဲ့ရဖူးသည့် စစ်ရှောင်စခန်း၏ လုံခြုံရေး စိုးရိမ်ပူပန်မှု၊ စားနပ်ရိက္ခာ ရရှိမှုအခြေအနေ၊ ပညာရေး၊ ကျန်းမာရေး အခြေအနေနှင့်ပတ်သက်ပြီး စစ်ရှောင်စခန်းကော်မတီ အတွင်းရေးမှူး (၁) ခွန်းရောဘတ်နှင့် ဆက်သွယ်မေးမြန်းချက်။

ထိုင်း – ကရင်နီ (ကယား) နယ်စပ်က လေကြောင်းဗုံးကြဲခံခဲ့ရဖူးသည့် စစ်ဘေးရှောင်စခန်းတခုရှိ စစ်ရှောင်များ၏ လုံခြုံရေး စိုးရိမ်ပူပန်မှု၊ စားနပ်ရိက္ခာရရှိမှု အခြေအနေ၊ ပညာရေး၊ ကျန်းမာရေး ဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး စစ်ရှောင်စခန်းကော်မတီအတွင်းရေးမှူး (၁) ခွန်းရောဘတ်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စစ်ရှောင်စခန်းက လူဦးရေနှစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာဖြန့်ဝေမှုအပိုင်းလေး ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ စားနပ်ရိက္ခာလို့ပြောတဲ့နေရာမှာ အဓိကကတော့ ဆန်ပေါ့နော၊ လူဦးရေ ၃၀၀၀ ဝန်းကျင်နဲ့ကြတော့ တစ်လကို ဆန်အိတ်ရေ ၆၀၀ ကနေ ၇၀၀ ကြားကို ပုံမှန်ဖြန့်ဝေပေးရတယ်။ ကျန်တဲ့ ဆား၊ ပဲတွေကြတော့လည်း ထိုနည်း၎င်းပါပဲ။ ပဲဆိုလည်း တလအိတ် ၅၀ ၊ ဆားဆိုလည်း အတွဲ ၁၀၀၊ ၂၀၀ ဝန်းကျင်လောက်ကို ပုံမှန်ဖြန့်ဝေး ပေးနေရတယ်ပေါ့နော။

ဆိုတော့ ရိက္ခာကိုအလှူရှင်ကနေ ပုံမှန်ရရှိတာက ဆန်ရယ်၊ ဆားရယ်၊ ပဲရယ်ပေါ့နော။ ဒီတစ်လ၊ နှစ်လအတွင်း မှာကြတော့ ဆီ ပြန်ရတယ်ပေါ့နော။ အခု တစ်လ၊ နှစ်လတော့ ပုံမှန်ရတယ်။ အရင်ကကြ တော့ နှစ်လ၊ သုံးလ တကြိမ်ရတယ်။ ဒီ တစ်လ၊ နှစ်လထဲမှာတော့ စားသုံးဆီ ဆက်တိုက်ရတာပေါ့နော။ ပြီးတော့ ငါးခြောက်ရယ်၊ ငါးသေတ္တာရယ်၊ ငရုတ်သီး ပြန်ရလာတာပေါ့နော ဒီတလထဲမှာ။

မေး။ ။ စားနပ်ရိက္ခာရရှိတဲ့အပိုင်းက တစ်လ၊ တစ်လ မတူတာလား။ ဘယ်လိုကွာခြားပါလဲ။

ဖြေ။ ။ စားနပ်ရိက္ခာရရှိတဲ့အပိုင်းက မတူဘူး။ ဥပမာ – ရတဲ့ ကျနော်တို့ရတဲ့ items types တွေကလည်း မတူဘူးပေါ့လေ။ ပုံမှန်အားဖြင့်ရတာက ဆန်၊ ဆား၊ ပဲတွေ ပေါ့လေနော။ ခုနကပြောတဲ့ ဆီတို့ဆိုလည်း နှစ်လ တဖြတ်ပဲရတယ်။ စောနကပြောခဲ့သလိုပဲ ရတယ်။ အဲ့ဒါကလည်း ဘယ်ပေါ်မူတည်လဲဆိုတော့ ကြားဖြတ်မှာ ကူညီပေးတဲ့အဖွဲ့အစည်းတွေ ရှိရင်ရှိသလိုမျိုးပေါ့နော။

ဆိုတော့ ပုံမှန်ဝေပေးတာက ဆန်၊ ဆား၊ ပဲ ပါပဲ။ လတိုင်းလိုလို ဝေပေးတာပေါ့နော။ ဒီ ရိက္ခာခြောက်လို့ ပြောရမှာပေါ့။ ငရုတ်သီးတို့၊ ငါးခြောက်တို့၊ မာမားတို့ကြတော့ နှစ်လ၊ သုံးလ တခါရတယ်။ ပုံမှန်ရတာတော့ မရှိဘူး။ ပုံမှန်လှူပေးတဲ့အဖွဲ့က ပြီးခဲ့တဲ့ တစ်လ မပေးဘူး။ အဲ့လိုမျိုး ကြားရတာပေါ့။

မေး။ ။ ဒီလူဦးရေအတွက် လစဉ်ဆန်အိတ်က ၇၀၀ ကျော်ပေါ့နော။ လုံလောက်မှုရော ရှိပါလား၊ လူတစ်ယောက်အနေနဲ့ ခွဲတမ်းဘယ်လောက်ရလဲပေါ့နော။

ဖြေ။ ။ ကျနော်တို့က တစ်ယောက်ကို အဓိက 15 Kg ဆန်ထုတ်ပေးတယ်။ ၅ နှစ်အောက် ကလေးတွေကြတော့ 8 kg ပဲ ထုတ်ပေးတယ်။ ၅ နှစ်နဲ့ အထက်ကိုကြတော့ 15 Kg ထုတ်ပေးတယ်။ တလတလကိုကြတော့ ဆန်အိတ် ၆၀၀ နဲ့ ၇၀၀ ကြားကတော့ လောက်ပါတယ်။

ဒါပေမဲ့မလောက်ခဲ့တာက အရင်လူသစ်တွေ ၂၀၀ ၊ ၃၀၀ ရုတ်တရက် ရောက်လာတဲ့အခါမျိုးမှာ မလောက်ခဲ့တာ ရှိတယ်။ နောက်ပိုင်းမှာ လူသစ်တွေထပ်လာသေးတယ်၊ တခါလာရင် တမိသားစု၊ နှစ်မိသားစုပဲ၊ ပြီးတော့ ဒီကနေ ထွက်သွားတဲ့သူတွေလည်းရှိတော့ လုံလောက်ပါတယ်။ ဆန်အိတ် ၆၀၀နဲ့ ၇၀၀ ကြားဆို တစ်လ တစ်လ လောက်တယ်။

မေး။ ။ ဆန်ပေးဝေတဲ့အခါ မိသားစုဝင်များတဲ့သူတွေအတွက်ရော လုံလောက်မှုရှိလား။

ဖြေ။ ။ မိသားစု နည်းတာများတာနဲ့ မဆိုင်ဘူးပေါ့နော။ အခုလာထုတ်ကြတဲ့ဟာတွေက ကလေးငယ်တွေ ရှိတဲ့သူ အဲ့လိုမျိုး ၁၃၊ ၁၄ နှစ်အရွယ်ရှိတဲ့သူမျိုးမိသားစုဆို သူတို့က ပိုစားနိုင်တယ်လို့ မိဘတွေကပြောတော့ ဆန်ကမလောက်ဘူးပေါ့နော။ အဲ့ဒီ ကျောင်းသားကလေးအရွယ်ဆို ပိုကုန်တယ်။ သူတို့က သူများထက်ပိုစားတဲ့ အခါကြတော့ မလောက်ဘူး။ ကျနော်တို့ဆီပြန်လာရင် ပြန်ထုတ်ပေးတယ်။

မေး။ ။ ဘယ်လိုပုံစံမျိုးနဲ့ ပြန်ထုတ်ပေးပါလဲ။ ကန့်သတ်မှုရှိလား။

ဖြေ။ ။ ကန့်သတ်မှုတော့ရှိတယ်။ 15 Kg ထုတ်ပြီးပြီ၊ တလစာအတွက်မလောက်လို့ နောက်ထပ်လာထုတ် မယ်ဆို ကျနော်တို့အရေးပေါ်အတွက်ဆို နောက်ထပ် 3 Kg ထုတ်ပေးတယ်။ ၅ ယောက်ဆို 15 Kg ပေါ့။ ဒါပေမဲ့ နောက်လထုတ်မယ့်ထဲက ကျနော်တို့ပြန်နုတ်တယ်။ တစ်ယောက်ကို 12 Kg ပဲရတော့မယ်။ နုတ်တယ်ဆိုပေမဲ့ လည်း ဒီတိုင်းမထားဘူး၊ ထုတ်ပေးတဲ့ပမာဏနဲ့မလောက်ဘူးဆို ပြန်ထုတ်ပေးတယ်။ Carry လုပ်သွားပေးတယ်။ ထပ်ထုတ်ပေးတယ် ပြန်ထုတ်ပြန်ထုတ်ပုံစံလုပ်ပေးတယ်။

မေး။ ။ လက်ရှိ အခုဆရာတို့ဆီမှာ ရိက္ခာလက်ဝယ် ဘယ်နှလစာလောက်ကျန်နေသေးလဲ။

ဖြေ။ ။ အခုဆန်ကအိတ် ၄၀ လောက်ပဲကျန်တယ်၊ ဂိုထောင်ထဲမှာ။ အခုချိန်ကလည်း ကုန်သွားတဲ့မိသားစုတွေ လာထုတ်နေကြပြီပေါ့နော၊ နောက်တပတ်လောက်ဆို ဆန်ကကုန်ပြီပေါ့။ ဆိုတော့ ရိက္ခာကလာမယ့်တပတ်ထဲ လာမှာပဲ။ အဆင်ပြေမှာပေါ့။ အခုကတည်းက ရိက္ခာကနည်းနည်းပဲ ကျန်တာဆိုတော့လေ။

တစ်လတခါပဲပို့ပေးတာပေါ့ အလှူရှင်ဘက်က။ ဆိုတော့ တခါတလေမှာ ပို့လာတာကလည်း ကားလက်မှတ် လုပ်တဲ့အချိန်မှာ အာဏာပိုင်တွေရဲ့ခွင့်ပြုချက်က နည်းနည်းလေးနောက်ကျတော့ ရိက္ခာနောက်ကျပြီး ရောက်လာတဲ့ အခါမျိုးလည်း ရှိတာပေါ့နော။ အခုတော့ကျနော်တို့ ရိက္ခာက ကုန်သလောက်ရှိပြီ။

မေး။ ။ ဒါကတော့ အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပေးတဲ့ ဆန်၊ ဆီ ရိက္ခာခြောက်တွေပေါ့နော။ စစ်ရှောင်တွေက သူတို့ဟင်းအတွက် ဘယ်လိုတွေရှာစားကြပါလဲ။

ဖြေ ။ ။ အဲ့ဒါက ခက်ခဲပါတယ်။ မလွယ်ပါဘူး၊ ကျနော်တို့တွေ့သလောက် သိသလောက်ခါကြတော့ သူတို့ရာသီ သီးနှံတွေပေါ်မှာပဲ မူတည်ပြီး ရှာကြတယ်ပေါ့နော။ ဥပမာ မိုးတွင်းဆိုလို့ရှိရင် ဝါးမျှစ်သွားရှာတယ်။ အဲ့ မျှစ်ကိုပဲ သူတို့အားကိုးတယ်ပေါ့နော။ အခုခါကြတော့ မျှစ်မရှိတော့ဘူး။ ငှက်ပျောအူတို့၊ ငှက်ပျောဖူးတို့ပဲ သွားရှာစား ကြတယ်လေ။ ပြီးတော့ စားလို့ရတဲ့အရွယ်မျိုးတွေပေါ့။ ဒါကတော့ သူတို့ဖြေရှင်းနေကြတဲ့ နည်းလမ်းတွေပေါ့လေ။

ဒီမှာက အခြားနည်းလမ်းလည်းမရှိပါဘူး။ ကျနော်တို့စိုက်ပျိုးမယ်ဆိုလို့ရှိရင်လည်း ရေမရှိဘူးရော။ အဲ့ဒီတော့ ဒီဟင်းနဲ့ပတ်သက်ရင် အတော်လေးခက်ခဲပါတယ်။ သူတို့အတွက် ကျနော်တို့လည်း ဒီကနေပဲဆို ၁ ကီလိုပဲ ထုတ်ပေးတယ်။ ၁ ကီလိုနဲ့ တစ်လစာဆို ဘယ်လိုမှမလောက်ဘူး။ တချို့ကလည်းမတူဘူးပေါ့နော၊ ဆွေမျိုးတွေ ပိုက်ဆံပေးလာတော့ ဟင်းတွေဝယ်စားနိုင်တာပေါ့။ အမျိုးတွေမရှိတဲ့လူတွေဆို ခုနကပြောလိုမျိုးပဲ တောထဲက ဟင်းသီးဟင်းရွယ်တွေ ရာသီပေါ်သီးနှံမျိုးတွေကိုပဲလိုက်ပြီးတော့ ခူးစားကြတာပေါ့။

မေး။ ။ ဒီစစ်ရှောင်စခန်းမှာ အုပ်ချုပ်ရေးပိုင်းကနေ ကဏ္ဍအလိုက်ဘယ်လိုစီမံခန့်ခွဲထားပါလဲ။

ဖြေ။ ။ ကျနော်တို့က အဓိက Food Security (စားနပ်ရိက္ခာဖူလုံရေး ) လို့ ပြောရမှာပေါ့နော။ အခြားကဏ္ဍ တွေလည်းလုပ်ရပါတယ်။ ရိက္ခာပိုင်း ရှိမယ်။ လမ်းပန်းဆက်သွယ်ရေး၊ ရေ စစ်ရှောင်တွေရေရရှိအောင် လုပ်ပေးတာမျိုး၊ မိုးတွင်းကားလမ်းပျက်ရင် ကျနော်တို့ကပဲ ဦးဆောင်ပြီး လူထုတွေနဲ့ ပြုပြင်ကြတာမျိုး အခြားသော လုပ်ငန်းတွေလည်း ရှိတာပေါ့နော။ အမှုကိစ္စတွေ၊ လင်မယားကိစ္စတွေ ဖြေရှင်းပေးတာပေါ့နော။ အဲ့လိုမျိုးတွေလည်း လုပ်ပေးရတယ်။ ပြီးတော့ သူတို့လက်ထပ်ထိမ်းမြားတာတွေလည်း လုပ်ပေးတယ်။ ကျနော်တို့ဆီလာတော့လုပ်ပေးရတာရှိတယ်။

ပညာရေးကဏ္ဍဆိုလည်း သူတို့နဲ့ပူးပေါင်းပြီး လုပ်ရတာရှိတယ်။ ဥပမာ- ကလေးတွေစာသင်ကျောင်း အရေးပေါ် ရွှေ့ရတာမျိုးဆို သူတို့နဲ့ပူးပေါင်းလုပ်ပေးရတာပေါ့နော။ ကဏ္ဍစုံ လုပ်ရပါတယ်ပေါ့။ လုံခြုရေးပေါ့ပဲနော။ ပြောရမယ်ဆိုလို့ရှိရင် ကျနော်တို့ဝန်ထမ်း လုပ်ငန်းတာဝန်ခွဲထားတာ ရှိတယ်။ စားနပ်ရိက္ခာပိုင်းရှိမယ်။ ရုံးစီမံခန့်ခွဲရေးပိုင်း၊ ရေပိုင်း ရေလုပ်သားတွေရှိမယ်၊ လုံခြုံရေးပိုင်းတွေရှိမယ်။ လုံခြုံရေးကနေ တာဝန်ယူ လုပ်သွားရမယ့်အပိုင်း၊ ပြီးတော့ ရပ်ကွက်ရေးရာတွေ ရှိမယ်။ အဲ့ဒါကလည်း ရပ်ကွက်မှူးတွေ၊ ဆယ်အိမ်မှူးတွေ၊ စာရေးမတွေ၊ စာရင်းစစ်တွေကနေ သူတို့ဆောင်ရွက်ရမယ်ပေါ့နော။

မေး။ ။ စစ်ကောင်စီရဲ့လေကြောင်းရန်က စိုးရိမ်စရာဖြစ်တယ်။ ဆိုတော့ လုံခြုံရေးနဲ့ပတ်သက်ပြီး စစ်ရှောင်စခန်းနေ လူထုတွေကို အသိပညာပေးမှုအပိုင်းတွေ ဘယ်လိုဆောင်ရွက်နေပါလဲ။

ဖြေ။ ။ အဓိက ကတော့ preparedness (ကြိုတင်ပြင်ဆင်မှု) ပဲပေါ့နော။ သူတို့ကိုခဏခဏ ကြေညာပေးတယ်။ ကျနောတို့လည်း တတ်နိုင်သလောက် လိုင်းပေါ်ကနေ သတင်းအချက်လက်လေးတွေကို နားစွင့်ထားတယ်။ ဘယ်နားမှာအရပ်သားတွေကို အကြောင်းမဲ့လာရောက်တိုက်ခိုက်တာတွေရှိတော့ လာနိုင်တယ်ဆိုတာကို စဉ်းစားထားပြီး သူတို့ကိုတော့ အမြဲတမ်းအသိပေးထားတယ်။ preparedness လုပ်ဖို့ ဗုံးခိုကျင်းတွေ ခိုင်ခိုင်ခံ့ခံ့ ဆောက်ထားကြဖို့၊ အမြဲတမ်းသန့်ရှင်းရေးတွေ လုပ်ထားကြဖို့ပေါ့။

အရေးကြီးဆုံးကတော့ ညအချိန်ပေါ့နော၊ မီးတွေ မထိုးကြဖို့၊ ညအချိန် ဆိုင်ကယ်မမောင်းရဘူးဆိုတဲ့ဟာတွေ စည်းကမ်းထုတ်ထားပေးတယ်။ ပြီးတော့မှ လိုင်းတွေတက်မသုံးကြဖို့ပေါ့နော၊ ဆိုတော့ ဒီဟာတွေက preparedness ပဲပေါ့နော။ ဒီဟာလေးတွေလောက်ပဲ ကျနော်တို့လုပ်နိုင်ပါတယ်။ လုံခြုံရေးမှူးတွေကလည်း ညတိုင်းလိုလို round လှည့်ပါတယ်။

မေး ။ ။ ဒီအပေါ်မှာကော စစ်ဘေးရှောင်လူထုတွေအနေနဲ့ ပူးပေါင်းပါဝင်မှုရှိလား။

ဖြေ ။ ။ ရှိပါတယ် လူထုတွေတော်တော်လေး ပူးပေါင်းပါဝင်ပေးကြပါတယ်။ တချို့သောလူထုတွေ သက်ကြီး ရွယ်အိုတွေအတွက်က ခက်တယ်ပေါ့နော။ သူတို့အတွက် ဥပမာ – ညဆိုရင်မီးမထိုးဘဲ အိမ်အောက်ဆင်းမယ်ဆို သူတို့အတွက်ခက်ခဲတယ်ပေါ့နော။ သူတို့ကို အရမ်းကြီးသွားပြောလို့တော့ မရဘူးပေါ့နော။

ပြီးတော့မှ စာကျက်တဲ့ကလေးငယ်တွေရှိတယ်။ အဲ့ဒါကတော့ နားလည်ပေးရမယ့်အပိုင်းရှိတယ်။ အဲ့ဒီပိုင်းကလွဲရင် ကျန်တဲ့လူထုတွေကလည်း ပူးပေါင်းပါဝင်မှု ရှိကြပါတယ်။ ဘာလို့လဲဆိုရင်သူတို့လည်း ဒီဟာတွေကို ကြုံလာခဲ့ကြရပြီးပြီပေါ့နော။ အဲ့ဒါကြောင့်ပြောလိုက်တာနဲ့ သူတို့သဘောပေါက်ကြပါတယ်။

မေး။ ။ စစ်ရှောင်စခန်းကော်မတီဆီမှာ ဘယ်လိုအမှုမျိုးတွေ အများဆုံးလာတိုင်ကြားတာရှိလဲ။ ဘယ်လိုမျိုး
ကိုင်တွယ်ဖြေရှင်းပေးပါလဲ။

ဖြေ။ ။ ကျနော်တို့ဆီမှာလာတဲ့အမှုတွေကတော့ အများဆုံးတော့ လင်မယားပြဿနာပဲပေါ့။ ကျနော်တို့ လုပ်ပေးတာက ပြန်လည်ကျေအေးတဲ့အပိုင်းလောက်ပဲ ကျနော်တို့လုပ်ပေးတာပေါ့နော။ ကွာရှင်းတာတို့ဆိုရင် လုံးဝလက်မခံဘူးပေါ့။ အဓိကတော့ ပထမဦးဆုံး ကျနော်တို့ သူတို့နှစ်ယောက်ခေါ်တွေ့ပြီးမှ သူတို့ရဲ့ဆန္ဒ၊ လင်မယားနှစ်ဦးရဲ့ ဘာကြောင့်ဒီလိုဖြစ်သလဲ ပြီးမှဆန္ဒ ရှေ့ဆက်ပြီးတော့မှ ဘယ်လိုဖြစ်ချင်လဲဆိုတဲ့ဟာမျိုးကို ကျနော်တို့နားထောင်ပြီးတော့မှ နှစ်ဦးနှစ်ဖက်စလုံးပေါ့နော အထူးသဖြင့် မှားတဲ့လူကို ကျနော်တို့နားချတာပေါ့။ နားချပြီးတော့မှ ဒါတွေမလုပ်ဖို့ပေါ့ နောက်နောင်ကျရင်မလုပ်ဖို့ပေါ့။ ဝန်ခံကတိတွေ ကျနော်တို့လုပ်ပေးတာ ရှိတယ်ပေါ့နော။ တကယ်လို့သူတို့က ကွာရှင်းမယ်ဆိုရင်တော့ ကျနော်တို့က မလုပ်ပေးဘူးပေါ့နော သက်ဆိုင်ရာ တရားရေးကိုပဲသွားပါဆိုတဲ့ဟာမျိုးလည်း ကျနော်တို့ သူတို့ကိုလမ်းညွှန်တာပေါ့နော။ ဆိုတော့ ပြေလည်ခြင်း လောက်ပဲ ကျနော်တို့သွားတယ်ပေါ့နော။

အများဆုံးလာတာက အဲဒီလင်မယား အိမ်တွင်းအကြမ်းဖက်မှု၊ သူတို့ပြောတာပေါ့ GBV case ဆိုပေမဲ့လည်း၊ တချို့ဟာတွေက ကိုယ်ထိလက်ရောက်ဆိုပေမဲ့လည်း တချို့ဟာက ကိုယ်ထိလက်ရောက် မဟုတ်ဘူးပေါ့နော။ နှုတ်အားဖြင့် စိတ်ပိုင်းဆိုင်ရာတို့ လာခဲ့တာမျိုးတွေရှိတယ်ပေါ့။ သူတို့ကိုနားချတဲ့ချိန်မှာ တော်တော်လေးခက်တယ် လေ။ တော်တော်များကလည်း စစ်ဘေးရှောင်တွေပေါ့နော၊ ဒီမှာနေတဲ့သူအားလုံးက အခက်ခဲကိုယ်စီဖြစ်နေတယ်။ ပြီးတော့မှ အစစရာရာပဲပေါ့နော ကိုယ့်ကလေးပညာရေးက အစ၊ စားဝတ်နေရေးကအစ၊ အလုပ်လက်မဲ့တာလည်း ပါတာပေါ့နော။ စစ်ကြောင့်ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာလည်းပါတာပေါ့နော၊ တော်တော်များများ ဒီချိန်မှာက အပူပင်တွေများတယ်လေ။ အပူပင်တွေများတယ်ပြီးတော့ ထိလွယ်ရှလွယ်တယ်ပေါ့နော။ တခုခုဆိုရင် ပြဿနာ ဖြစ်ပြီ၊ ပြဿနာဖြစ်ပြီဆိုရင် ကျနော်တို့ နားလည်တယ်ပေါ့နော။ အဲတော့စိတ်ရှည်ပြီးတော့မှ သူတို့ကိုဖြေရှင်း ပေးရတာပေါ့။

မေး။ ။ ဟုတ်ကဲ့၊ စစ်ရှောင်စခန်းတိုင်းလိုလို နှစ်စဉ်နှစ်တိုင်း ရေရှားပါးမှုပြဿနာ ကြုံရတာရှိတယ်ပေါ့နော။ ဒီမှာရော ရေရရှိမှုနဲ့ပတ်သက်ပြီး လူထုတွေအတွက် ဘယ်လိုစီစဉ်သတ်မှတ်ပေးထားပါလဲ။

ဖြေ။ ။ ဒါကတော့ ကျနော်တို့ နှစ်တိုင်းလိုလိုသတ်မှတ်ထားတယ်ပေါ့နော။ ဒါပေမဲ့ ဒီနှစ်တော့ ကျနော်တို့ ကန်ဘောင်တစ်ကန်ကို ထပ်တိုးထားတယ်။ အလှူရှင်ဘက်ကနေပြီးတော့မှ လာပြီး ကန်ဘောင်တစ်ကန် တိုးချဲ့ထားပေးတယ်။ ပြီးခဲ့တဲ့နှစ်က မိုးတအားကောင်းခဲ့လိုနဲ့တူတယ်၊ ဒီကန်ဘောင်တွေ လျှံနေသေးတယ်။ ခါတိုင်းနှစ်တွေနဲ့ နှိုင်းယှဉ်ရင် ဒီချိန်ဆို ရေက တတောင်၊ နှစ်တောင်လောက် ကျနေပြီ။ ဒါပေမဲ ဒီနှစ်တော့ မကျသေးဘူး။ အဲ့လိုဖြစ်နေသေးတော့ ကျနောတို့ကန့်သတ်ထားပေမဲ့ အရမ်းကြီး မတင်းကြပ်သေးဘူး။

ဥပမာဆိုလို့ရှိရင် တရက်ကိုရေ ၅ ပုံးပဲ ခပ်ရမယ်ဆိုတာမျိုး နှုတ်အားဖြင့် ပြောထားပေမဲ့ လိုက်စစ်ဆေးတာမျိုး မရှိသေးဘူး။ လာမယ့်လမှာ မပြောတတ်ပေမဲ့ အခုနေအပူချိန် တဖြည်းဖြည်းမြင့်လာနေတယ်။ နေပူချိန်မြင့်လာ တာနဲ့အမျှ ရေကခမ်းနိုင်တာပေါ့။ ကျနောတို့ စာတွေလိုက်ကပ်နေပါတယ်။ ရေတိုင်ကီတွေမှာ ချွေတာသုံးဖို့၊ အဝတ်မလျှော်ကြဖို့၊ ရေမချိုးကြဖို့၊ ခြေလက်မဆေးကြဖို့ ကျနော်တို့စာတွေ လိုက်ကပ်ပေးထား တယ်ပေါ့နော။ ဒီလကုန်ကစ သူတို့ကိုကျနော်တို့ ပိုပိုကန့််သတ်လာမယ်။ ဒါကလည်းအားလုံးအဆင်ပြေဖို့အတွက် ပေါ့နော။ ၄ လပိုင်း ၅ လပိုင်းဆို ရေခမ်းနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့သူတို့ကို awareness ပေးထား တာပေါ့။

မေး။ ။ ဆေးခန်းရဲ့ ဆေးဝါးရရှိမှုအခြေအနေရော ဘယ်လိုရှိပါလဲ။ လူထုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အပိုင်းရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ဒီစစ်ရှောင်မှာတော့ ဆေးဝါးထောက်ပံ့မှုက ပုံမှန်ရှိနေသေးတာပေါ့။ ခါတိုင်းလိုပဲ ရရှိသေးတယ်။ ဒီဖျားနာတဲ့ အနာရောဂါပိုင်းမှာတော့ ယားယံတာတွေတော့ရှိတယ်။ ပြီးတော့မှ ရာသီပုံမှန်ဖြစ်တဲ့ဟာပေါ့နော ချောင်းဆိုး၊နှာစေးတာတော့ ရှိတာပေါ့။ ဒီမှာတော့ သူတို့ Primary Healthcare ပေါ့နော၊ အဲဒါတော့ ပုံမှန်ရှိတယ်။ ကလေးမီးဖွားတာတော့ အဆင်ပြေတယ်ပေါ့နော။ ကလေးမိခင်ကာကွယ်စောင့်ရှောက်တာတော့ ဒါပုံမှန်သွား နေတဲ့ဟာတွေပေါ့နော။

တချို့သောလူနာအတွက် ဆေးရုံပို့တဲ့နေရာမှာ အရမ်းခက်ခဲတာတော့ ကျနော်တို့ ကြားသိရတယ်။ ပြီးမှ လွှဲပြောင်းချိန်မှာလည်း ထိုင်းအာဏာပိုင်ရဲ့ ခွင့်ပြုချက်လည်းစောင့်ရတော့ တခါခါက လူနာက အသက်ဆုံးရှုံး တဲ့ဟာမျိုး ကြားခဲ့ဖူးတာပေါ့နော။ ဥပမာဆိုရင် ဟိုဖက်ခွင့်ပြုမှ စောင့်လိုက်တော့ ဒီမှာ မွေးနေတဲ့ကလေးက ဘယ်လိုပြောရမလဲ တန်းလန်းကြီးဖြစ်နေပြီလေနော။ အဲအနေအထားမှာ မွေးတဲ့ကလေးမျိုး ဆိုရင်တော့ အသက်ဆုံးရှုံးရတဲ့ကလေးမျိုးလည်း ရှိခဲဖူးတာပေါ့၊ အခက်ခဲဆုံးကတော့ ဒီ refer (လွှဲပြောင်းပေးတဲ့) အပိုင်းပဲပေါ့။

မေး။ ။ လုံခြုံရေးစိုးရိမ်ပူပန်မှုတွေကြောင့် စာသင်ကျောင်းမှာ စာမသင်ကြားတော့ဘဲ ရွှေ့ပြောင်းပြီးသင်ရတာ တွေလည်း ကြားနေရတယ်။ ဒီအပိုင်းရော အခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ပညာရေးကလည်း ရွှေ့ပြောင်းရတာပေါ့နော။ စာသင်ဆောင်တွေကအစ တနေရာတည်းသင်တော့လည်း လုံခြုံရေးကလည်း စိတ်ပူရတော့ ပိုလုံခြုံတဲ့နေရာမှာ ရွှေ့ပြောင်းလိုက်ရတော့ ဆရာ၊ ဆရာမတွေ အတွက်ရော၊ ကျောင်းသူ၊ကျောင်းသားတွေအတွက်ရော၊ ကျောင်းသားမိဘတွေအတွက်ရော၊ လူထုတွေ အတွက်ရော ကျနော်တို့က အစပေါ့နော။ ဆောင်ရွက်ပေးနေတဲ့ ရပ်ကွက်မှူးကစ ကျနော်တို့အတွက် အများကြီး အခက်ခဲဖြစ်တယ်။

ဒီဖက်ရွေ့လိုက်၊ ဒီဖက်ပြန်ရွှေ့လိုက်နဲ့ နောက်ကလေးအတွက် ပိုဆိုးတာက ပိုပြီးတော့မှ ပိုလုံခြုံတဲ့နေရာမှာ သင်ရတဲ့အခါမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ပြသနာတွေ ဖြစ်လာတယ်လေးနော။ ဥပမာ ဒီရာသီဥတု အပူအအေး မမျှတော့ အရမ်းအေးတဲ့ခါကျတော့ ကလေးငယ်တချို့က ဖျားနာတာတွေလည်းရှိတယ်ပေါ့နော။

မေး။ ။ ဖြည့်စွက်ပြောချင်တာမျိုး ရှိပါလား။

ဖြေ။ ။ ထွေထွေထူးထူးမရှိပေမဲ့ ရိက္ခာပိုင်း ဘယ်လိုဆက်ဖြစ်လာမလဲ မသိဘူး။ အလှူရှင်တွေကိုလည်း ဖိတ်ခေါ်ချင်တာပေါ့နော။ ကျနော်တို့က အဓိက ဒီမှာနေတဲ့လူထုတွေတော်တော်များများက အလှူရှင်တွေကိုပဲ မှီခိုရတာပေါ့နော။ ဆိုတော့ စားနပ်ရိက္ခာတခုတည်း မဟုတ်ပါဘူး။ ကျန်တဲ့ Non – Foods items တွေဆိုလည်း အလှူရှင်တွေကိုပဲ မှီခိုရတယ်။ ကျနော်တို့ဒီမှာက စိုက်ပျိုးရေးလုပ်လို့လည်း မရဘူး။ လူထုတွေ တော်တော်များ လည်း အလုပ်လက်မဲ့ဖြစ်နေတော့ အလှူရှင်တွေကိုပဲ အားကိုးရမယ်ဆိုတော့ ဆက်လက်ပြီးတော့ ကူညီပေးဖို့ပေါ့ နော၊ အခြားသောအလှူရှင်တွေကိုလည်း ဆက်လက်ပြီးဖိတ်ခေါ်ချင်ပါတယ်။ အဲ့ဒါပဲ ပြောပြချင်ပါတယ်။

ကန္တာရဝတီတိုင်း ( မ် ) – ပေးပို့သည်။