“ကျနော်တို့ဖွဲ့စည်းထားတဲ့ကောင်စီဝင်တွေကလည်း သူ့ရဲ့ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ သူတို့ရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်သွားမယ်၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့လည်း ပုံမှန်ချိတ်ဆက်ဆောင်ရွက်၊ အောက်ခြေကနေလည်း အထက်ကို ပုံမှန်ချိတ်ဆက် လုပ်ဆောင်သွားမယ့် လုပ်ငန်းတွေဆိုရင် ဒါကစနစ်တခုအနေနဲ့ ပိုပြီးကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရားတခု ဖြစ်လာလိမ့်မယ်” ခွံဂျွိမ်း(စ်)နေမင်းလွင်/ အကြံပေး – ဖွံဘော်ခွတ်မြို့နယ်အုပ်ချုပ်ရေးကောင်စီ

By MPM 26 ဇွန်, 2025 👁 2

ကရင်နီ (ကယား) ပြည်၊ ဖွံဘော်ခွတ်မြို့နယ်အုပ်ချုပ်ရေးကောင်စီ၊ အကြံပေး ခွံဂျွိမ်း (စ်) နေမင်းလွင်အား မြို့နယ်အတွင်း အုပ်ချုပ်ရေးယန္တရားဆောင်ရွက်နေမှု အခြေအနေနှင့်ပတ်သက်ပြီး တွေ့ဆုံမေးမြန်းချက်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) လက်အောက် ပြည်ထဲရေးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဌာနခွဲက ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုထိန်းချုပ်နယ်မြေများကို မြို့နယ်အဆင့်အုပ်ချုပ်ရေးအဖြင့် (၁၇) မြို့နယ်အထိ ဖွဲ့စည်းခဲ့ပြီး ဒေသတွင်းအုပ်ချုပ်ရေးယန္တရားများ လည်ပတ်ဆောင်ရွက်လျက်ရှိသည်။

ယခင်က ကရင်နီ(ကယား)ပြည်တွင် မြို့နယ် (၇) မြို့နယ်ဖြင့်သာ အုပ်ချုပ်ခဲ့ရာမှ IEC က မြို့နယ် (၁၇) မြို့နယ်ထိ တိုးချဲ့ဖွဲ့စည်းလိုက်ကာ လွိုင်ကော်၊ ဟူဘော၊ ကေးလျား၊ ဒီးမော့ဆို (အရှေ့)၊ ဖွံဘော်ခွတ်၊ ဆိုမို/ဖေစိုးလေး၊ ဟိုယာ၊ ဆိုတရှား၊ လွိုင်နန်းဖ၊ ဒီးဘောင်းခူ၊ နန်းမယ်ခုံ၊ မယ်စဲ့၊ ပေါ်ဝေါ၊ ဘောဟူဒဲ၊ လိုမူခို၊ ရွာသစ်နှင့် ဖယ်ခုံတို့ဖြစ်သည်။

မြို့နယ် (၁၇) မြို့နယ်အနက် ဖွံဘော်ခွတ်မြို့နယ်သည် ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းနှင့် ဖရူဆို – ဘောလခဲ မြို့နယ်စပ်က ကျေးရွာ၊ရပ်ကွက်အုပ်စုများကို စုပေါင်းပြီး IEC က ပြန်လည်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဖွံဘော်ခွတ် မြို့နယ်အတွင်း ဒေလကြို ၊ နန်းဖဲ ၊ တိုးခွတ် စသည့် အုပ်စု ၃ စု ရှိပြီး ဒေသခံများနှင့် စစ်ဘေးရှောင်များ အပါအဝင် လူဦးရေ ၈၀၀၀ ကျော်ရှိကြောင်း သိရသည်။

ဖွံဘော်ခွတ်မြို့နယ်ကောင်စီကို ဖွဲ့စည်းပြီးနောက် အုပ်ချုပ်ရေးယန္တရား ဆောင်ရွက်နေမှုအခြေအနေ၊ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှု အပါအဝင် ဒေသခံတို့ လိုလားချက်၊ တင်ပြတောင်းဆိုမှုတို့ကို ဆောင်ရွက်ပေးနေသည့် အခြေအနေများနှင့် ပတ်သက်ပြီး ဖွံဘော်ခွတ်မြို့နယ်အုပ်ချုပ်ရေးကောင်စီ၊အကြံပေး ခွံဂျွိမ်း(စ်) နေမင်းလွင်ကို တွေ့ဆုံမေးမြန်းထားပါသည်။

Photo – IEC

မေး။ ။ မြို့နယ်ကောင်စီကို ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းဆောင်ရွက်နေတာပါလဲ။

ဖြေ။ ။ ဖွဲ့စည်းခဲ့တာ ၂၀၂၄ မေလမှာ တရားဝင် IEC ရဲ့ ဦးစီးကောင်စီကနေ အသိအမှတ်ပြုတာ တနှစ်ကျော် လာခဲ့ပြီ။ အဲ့ချိန်ကတည်းက စဖွဲ့ခဲ့တယ်။

မေး။ ။ ကောင်စီရဲ့ ဖွဲ့စည်းပုံအဆင့်ဆင့်က ဘယ်လိုရှိပါလဲ၊ အဖွဲ့ဝင် ဘယ်နှစ်ဦးပါဝင်ပါလဲ။

ဖြေ။ ။ အဖွဲ့ဝင်ကတော့ စုစုပေါင်း ၇ ဦး ရှိတယ်။ အကြံပေးကတော့ တစ်ဦးပါမယ်။ ထဲထဲဝင်ဝင် ဖွဲ့စည်းပုံအရ ကတော့ ဥက္ကဌ၊ ဒုဥက္ကဌ ၊ အတွင်းရေးမှူး၊ ကျန်တာကတော့ အဖွဲ့ဝင်တွေရှိမယ်။

မေး။ ။ မြို့နယ်ကောင်စီကနေ လတ်တလောဆောင်ရွက်ချက်တွေက ဘယ်လိုရှိပါလဲ။ လုပ်ငန်းဆောင်ရွက် ချက်တွေကို ဘယ်လိုပုံစံနဲ့လုပ်ဆောင်နေပါလဲ။

ဖြေ။ ။ ပြည့်စုံတာတော့ မရှိသေးဘူး၊ စပြီးရုန်းကန်လာတဲ့ အခြေအနေအရဆိုရင် မြို့နယ်ရဲ့ကောင်စီဝင်တွေက အဓိက ဘာလုပ်လဲဆိုရင် အုပ်ချုပ်ရေးယန္တရားတခုကို စနစ်တကျနဲ့ ပြန်လည်ပတ်နိုင်ဖို့ဆိုရင် အရင်တုန်းက အုပ်ချုပ်ရေးပုံစံမျိုးရှိမယ်။ စနစ်တကျ မဖြစ်တဲ့ဟာရှိမယ်ပေါ့။ အဲ့တော့ ဒီဟာကိုစနစ်တကျနဲ့သွားနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ဖွဲ့စည်းခဲ့တယ်။ အဓိက လုပ်ငန်းဆောင်တာကတော့ ဒေသရဲ့အုပ်ချုပ်ရေးက နံပါတ်တစ်ပေါ့။ ဒေသရဲ့ရပ်ရွာအုပ်စု အုပ်ချုပ်ရေးတွေကို စနစ်တကျပြန်ဖွဲ့စည်း ဆောင်ရွက်သွားတဲ့ဟာရှိတယ်။

လက်လှမ်းမီ သလောက် ဒေသရဲ့လိုအပ်ချက်တွေကတော့ ဖြည့်ဆည်းဆောင်ရွက်ရတဲ့ဟာ ရှိတယ်ပေါ့။ ကဏ္ဍအလိုက်ပြောရရင်ကတော့ ပညာရေး၊ ကျန်းမာရေးဆိုလည်း ကိုယ်ထူကိုယ်ထ စပြီးရုန်းရတဲ့ အခြေအနေ ရှိတယ်။ နောက်ပိုင်းမှ ပြည်နယ်အဆင့်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရတဲ့ဟာရှိတယ်။ လတ်တလောဖြစ်သွားတဲ့ အရေးပေါ် ကိစ္စမျိုးတွေရှိရင်တော့ မြို့နယ်ရဲ့ကောင်စီဝင်တွေကတော့ ဦးဆောင်ပြီး ရပ်ရွာ၊ အုပ်စု အုပ်ချုပ်ရေးမှူး တွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားတဲ့ဟာတွေရှိတယ်ပေါ့။

မေး ။ ။ ဖွံဘော်ခွတ်မြို့နယ်အတွင်းမှာ ကျေးရွာအုပ်စုပေါင်းဘယ်လောက်ရှိလဲ လူဦးရေကတော့ ပျမ်းမျှဘယ်လောက် ရှိပါလဲ။

ဖြေ ။ ။ အုပ်စုကတော့ သုံးအုပ်စုနဲ့ဖွဲ့သွားတယ်။ ဒေလကြို၊ တို့ခွတ် ၊ နန်းဖဲရှိမယ်။ ကျေးရွာပေါင်းကတော့ ၂၃ ရွာ၊ လူဦးရေကတော့ ပျမ်းမျှအားဖြင့် ၆၀၀၀ ကျော် ရှိမယ်။ စစ်ရှောင်ကတော့ ၂၀၀၀ ကျော်လောက် ရှိမယ်။ ဒေလကြို မှာကတော့ ၉ ရွာ ရှိမယ်၊ တို့ခွတ်မှာတော့ ၁၁ ရွာ ရှိမယ်၊ နန်းဖဲကတော့ ၃ ရွာပေါ့။ နန်းဖဲကတော့ ၄ ရွာရှိတယ် တရွာကတော့ ကေးလျားမြို့နယ်ထဲ ပါသွားတယ်ပေါ့နော။

မေး။ ။ မြို့နယ်ထဲက အုပ်စု ၃ စုကို နယ်မြေအလိုက်ဒေသအုပ်ချုပ်မှုကို ဘယ်လိုပုံစံနဲ့ လည်ပတ်ဆောင်ရွက်နေပါလဲ။

ဖြေ။ ။ ဒီဘက်က ဝေးလံခေါင်ဖျားတဲ့ဒေသဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဓိကကတော့ ချိတ်ဆက် ဆက်သွယ်ရေးပြောရမှာပေါ့။ ဒီတခုနဲ့တင် စိန်ခေါ်မှုကြုံနေရတယ်။ တစ်အုပ်စုနဲ့ တစ်အုပ်စု အဓိက ဆက်သွယ် ဆက်ဆံဖို့ဆိုရင် အခက်အခဲဖြစ်တဲ့ အခြေအနေတခုဖြစ်တယ်။ ပြီးတော့ လမ်းပန်းဆက်သွယ်ရေး သော်လည်းကောင်း၊ အွန်လိုင်းပေါ်က ဆက်သွယ်ရေးဆိုလည်း လက်လှမ်းမီမှု သိပ်မရှိတဲ့အတွက်ကြောင့် အဓိက စိန်ခေါ်မှုတခု ဖြစ်တယ်ပေါ့။

မေး။ ။ ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့အတွက် ဘာတွေဆောင်ရွက်ထားတာရှိပါလဲ၊ ဘာတွေ လုပ်ဆောင်သွားမှာပါလဲ။

ဖြေ။ ။ ဆက်သွယ်ဆက်ဆံရေးလို့ပြောတဲ့အခါမှာ လမ်းပန်းဆက်သွယ်ရေးကလည်း ဒုတိယစိန်ခေါ်မှုကြီးတခု အနေနဲ့ပေါ့။ အရင်တလောကတော့ ပွင့်လင်းရာသီတုန်းက လက်လှမ်းမီသလောက် ပြန်ပြုပြင်ထားတဲ့ဟာတွေ ရှိတယ်။ အဓိကကတော့ အုပ်စုချင်း ဆက်သွယ်ထားတဲ့လမ်း ပြင်ထားတာရှိတယ်။ ပြင်ပေမဲ့လည်း အခု မိုးရာသီ ပြန်ရောက်တော့ မြေသားလမ်းပဲ ဖြစ်သေးတဲ့အတွက်မို့ ပြန်ပြီးပျက်သွားတဲ့ဟာရယ် ပိုပြီးတော့ပျက်စီးလာတဲ့ဟာ ရှိတယ်။ မိုးရွာတော့ တံတားပြိုမယ့်အနေအထားလည်း ပိုပြီးရှိလာတယ်။ အဲ့တော့ အုပ်ချုပ်ရေးအနေနဲ့ လတ်တလောဖြစ်နေတဲ့ တံတားကိုတော့ ပြုပြင်ဆောင်ရွက်တဲ့အခြေအနေတော့ ရှိပါတယ်။

မေး။ ။ ဒေသတွင်းလိုအပ်ချက်တွေကို မြို့နယ်ကောင်စီအနေနဲ့ IEC ရဲ့ ဦးစီးကောင်စီကို တင်ပြချက်တွေ ရှိပါလား။ ဒေသရဲ့အခက်အခဲ၊ လိုအပ်ချက်တွေကိုကော တင်ပြတောင်းခံမှုအခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ။ ။ သက်ဆိုင်ရာပြည်နယ်ရဲ့ဦးစီးကောင်စီကိုတော့ တောင်းဆိုတဲ့ဟာတော့ လမ်းပန်းဆက်သွယ်ရေးပဲပေါ့။ လမ်းတံတား တင်ပြတောင်းထားတာရှိတယ်။ နောက်တခုကတော့ မြေထိန်းနံရံပေါ့နော။ ဒီဟာကလည်း ကြီးမားတဲ့ စိန်ခေါ်မှုဖြစ်တယ်။ လမ်းက အပေါ်နဲ့အောက် ပြိုတဲ့ဟာရှိတယ်။ လတ်တလော အဲ့ဒါကို ပြင်ထိန်းဖို့ လိုတော့ အဲ့ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ ဦးစီးကောင်စီကို တင်ပြထားတယ်။ တချို့လမ်းအတွက်လည်း တင်ပြထားတာ ရှိတယ်ပေါ့နော။

မေး။ ။ ကြားကာလမှာက ပြည်နယ်ရဲ့ ကြားကာလလွှတ်တော်တရပ်လည်း ရှိနေတော့ အဲ့ဒီကနေတဆင့် ဘတ်ဂျက်ကို နှစ်အလိုက်ဆွဲပြီးတင်ပြတာလား။ ဘယ်လိုပုံစံနဲ့ တင်ပြထားပါလဲ။

ဖြေ။ ။ ဒီနှစ်ရဲ့ ဘတ်ဂျက်ကာလလို့ပဲ ပြောရမှာပေါ့နော။ တင်ထားသော်လည်းပဲ ကျလာတာတော့ မရှိသေး ဘူးပေါ့နော။ ဖြစ်လာတဲ့ အရေးပေါ်အခြေအနေ တံတားပြိုတဲ့ဟာတွေတော့ လက်လှမ်းမီသလောက် ကိုယ်ထူ ကိုယ်ထနဲ့ပဲ လုပ်သွားတာရှိတယ်။ လိုအပ်တဲ့ ငွေရေးကြေးရေးအကူအညီတချို့ကိုတော့ သက်ဆိုင်ရာကို အမြန်ဆုံး လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုရင်တော့ အဲ့ဒါကိုတော့ လတ်တလော ဖြေရှင်းရတာတော့ရှိတယ်။ တနှစ်စာ စီမံချက်အရ တင်တောင်းတာရှိသလို အရေးပေါ်ရင် အရေးပေါ်သလို လုပ်သွားတာမျိုးရှိတယ်။

မေး။ ။ မြို့နယ်ဖွဲ့စည်းပြီး တနှစ်ကျော်အတွင်း ဖွံဘော်ခွတ်မြို့နယ်အတွက် ဘယ်အပိုင်း၊ ကဏ္ဍတွေ ဆောင်ရွက်ပြီးစီးပါပြီလဲ။

ဖြေ။ ။ ရသွားတာကတော့ ကြားကာလအုပ်ချုပ်ရေးကောင်စီကနေပြီး ပံ့ပိုးပေးတဲ့ တမြို့နယ်ကို ၄ ရာခိုင်နှုန်း ဘတ်ဂျက်ချပေးတာရှိတယ်။ အဲ့ဒီဟာနဲ့ အဓိကလိုအပ်တဲ့ ဒေသရဲ့ဖွံ့ဖြိုးရေးလုပ်ငန်းလို့ပဲ ပြောရမှာပေါ့နော။ လမ်းပန်းဆက်သွယ်ရေးကို အဓိကထားပြီး ပြန်ပြီးပြုပြင်ဆောင်ရွက်တာရှိတယ်။

ဒီမှာရှိတဲ့ ကောင်စီဝင်တွေနဲ့ ဆိုင်ရာအဖွဲ့အစည်းတချို့တွေနဲ့ သူတို့လက်လှမ်းမီသလောက် တခြားအဖွဲ့အစည်း တွေကို ချိတ်ဆက်ဆောင်ရွက် ပြီးတော့ ဒီမြို့နယ်ထဲမှာလည်း အရေးပေါ်ဖြစ်သွားတဲ့ ရွာမြေပြိုမှုတွေပေါ့နော၊ အဲ့ဒီအတွက် ချိတ်ဆက်ဆောင်ရွက်ပြီး လုပ်သွားတာရှိတယ်ပေါ့နော။ ထွေထွေထူးထူး ရရှိတဲ့ဟာတော့မရှိဘူး။ ခုနက တခု၊ နှစ်ခု ရတဲ့ဟာနဲ့ပဲ လည်ပတ်ပြီးမှ ဆောင်ရွက်သွားတဲ့ဟာတွေရှိတယ်။

မေး။ ။ IEC က ပေးဝေတဲ့ မြို့နယ်ရဲ့ဘတ်ဂျက် ၄ ရာခိုင်နှုန်းက ငွေကြေးနဲ့ဆိုရင် ဘယ်လောက်ရှိပါလဲ။

ဖြေ။ ။ ပြည်နယ်ရဲ့ဝင်ငွေအပေါ် မူတည်မှာပေါ့နော။ ပြည်နယ်ရဲ့ဝင်ငွေ ဘယ်လောက်ရလဲဆိုတဲ့အပေါ် အခြေခံပြီးတော့ တွေ့ရသလောက်ကတော့ သိန်း ၁၀၀ နဲ့ အထက်တော့ရတယ်။ သိန်း ၁၀၀ ကနေ ၂၀၀ ကြားအထိတော့ ပျမ်းမျှအားဖြင့် ရတယ်။

မေး။ ။ ရရှိထားတဲ့ ဘတ်ဂျက် ၄ ရာခိုင်နှုန်းကို ဘယ်လိုကဏ္ဍတွေမှာ ပြန်ပြီးခွဲဝေသုံးစွဲပါလဲ။

ဖြေ။ ။ တချို့ကတော့ ရုံးလည်ပတ်ရေးအတွက်ပြန်သုံးတယ်။ ဦးစီးကောင်စီရဲ့ ခံစားခွင့်တချို့ကတော့ ပြန်ပေး တာပေါ့နော။ လတိုင်းပေးတဲ့ အခြေနေမျိုးတော့မဟုတ်ဘူး။ နှစ်လလား၊ သုံးလလား တဖြတ် အဲ့လိုပေါင်းပြီး သုံးသွားတာမျိုး ရှိတယ်။ အဓိက အသုံးများဆုံးကတော့ အရေးပေါ် လိုအပ်ချက်ရှိတဲ့နေရာ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ သုံးသွားတယ်။ တခြား ကျန်းမာရေးပိုင်းဆိုင်ရာ၊ ပညာရေးပိုင်းဆိုင်ရာမှာလည်း လိုအပ်တဲ့ တောင်းဆိုမှုတွေကို အဲ့ဒီကနေပြန်ဖဲ့ပြီး သုံးစွဲရတာမျိုးရှိတယ်။

မေး။ ။ ဒေသတွင်း လူထုတွေဆီက ဘယ်လိုတင်ပြတောင်းဆိုမှုတွေကို ပြန်ကြားရတာရှိပါလဲ။

ဖြေ။ ။ လမ်းပန်းဆက်သွယ်ရေးကတော့ နံပါတ်တစ်ဖြစ်တယ်။ နံပါတ်နှစ်ကတော့ စားဝတ်နေရေးဖြစ်တယ် ပေါ့နော။ ရွေ့ပြောင်းတောင်ယာ လုပ်ကြတယ်။ နည်းစနစ်မမှန်တော့ တနှစ်စာတနှစ် မဖူလုံတာမျိုးလည်းရှိတယ်။ အဲ့ဒါကိုလည်း တင်ပြလာတာရှိတယ်။ တချို့ရေရှားပါးတဲ့ နှစ်ရွာ၊ သုံးရွာလည်း တင်ပြလာတာရှိတယ်။ သို့ပေမဲ့ ခုနကပြောတဲ့ ဝင်ငွေအရက အရမ်းနည်းနေသေးတဲ့အချိန်မှာ ဦးစားပေးလုပ်ရမယ့် လုပ်ငန်းတွေကိုပဲ ရွေးချယ်ပြီး သွားရတဲ့အခြေနေပဲ ရှိသေးတယ်။ တချို့ကတော့ ကျေးရွာအဆင့်ကတော့ တော်တော်များများကတော့ စာနဲ့ပေနဲ့ တက်လာတဲ့ဟာ အုပ်စုအုပ်ချုပ်ရေးမှူးတွေကနေတဆင့် မြို့နယ်ကို ပြန်တင်ပြတဲ့အခြေနေမျိုးတော့ ရှိတယ်။

မေး။ ။ မြို့နယ်အုပ်စု ဒေသအတွင်းမှာက ကိုယ်ထူကိုယ်ထ ဆောင်ရွက်သွားတဲ့အပိုင်းတွေရှိတယ်။ လိုအပ်ချက်တွေလည်း များပြားနေဆဲဖြစ်တယ်ပေါ့။ ဒီလိုဒေသရဲ့လိုအပ်ချက်တွေကို ဖြည့်တင်းနိုင်ဖို့ အုပ်ချုပ်ရေးကောင်စီရဲ့ စည်းတည်ရှိမှုက ဘယ်လောက်ထိ အရေးကြီးတယ်လို့ထင်ပါလဲ။

ဖြေ။ ။ ရှင်းရှင်းပြောရရင် ကျနော်တို့ဖွဲ့စည်းထားတဲ့ကောင်စီဝင်တွေကလည်း သူ့ရဲ့ဆိုင်ရာကဏ္ဍအလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ သူတို့ရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းမွန်မွန်လုပ်ဆောင်သွားမယ်၊ သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့လည်း ပုံမှန်ချိတ်ဆက်ဆောင်ရွက်၊ အောက်ခြေကနေလည်း အထက်ကို ပုံမှန်ချိတ်ဆက်လုပ်ဆောင် သွားမယ့်လုပ်ငန်းတွေဆိုရင် ဒါကစနစ်တခုအနေနဲ့ ပိုပြီးကောင်းမွန်တဲ့ အုပ်ချုပ်ရေးယန္တရားတခု ဖြစ်လာလိမ့်မယ်။ ကျေးရွာ အဆင့်သော်လည်းကောင်း၊ အုပ်စု အဆင့်သော်လည်းကောင်း လိုအပ်တဲ့ရပ်ရွာအုပ်စု၊ မြို့နယ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေ ဆိုရင်လည်း အရေးကြီးတဲ့ကဏ္ဍတခုထဲမှာ ပါတာပေါ့။

အုပ်ချုပ်ရေးစနစ်တခုသာ ကောင်းမွန်စွာ စနစ်တကျနဲ့မလည်ပတ်နိုင်ဘူးဆိုရင် ဟိုမရောက်၊ ဒီမရောက် လေလွှင့်နေတဲ့ ကလေးတသိုက်လိုမျိုး ဖြစ်သွားနိုင်တဲ့အခြေအနေမှာ ရှိတယ်ပေါ့နော။ စနစ်တကျ တစုတစည်းနဲ့ ပုံမှန်သွားနိုင်ဖို့ဆိုတာ ကျနော်တို့အုပ်ချုပ်ရေး၊ ဦးစီးကောင်စီရဲ့လုပ်ဆောင်ချက်၊ လုပ်ငန်းတာဝန်အပေါ်မှာလည်း အများကြီး မူတည်နေတယ်။ ကောင်စီဝင်တွေရဲ့အခန်းကဏ္ဍက အုပ်ချုပ်ရေးယန္တရားတခုကို စနစ်တကျသွားနိုင်ဖို့ဆိုတာ အင်မတန်မှအရေးကြီးတဲ့ အခန်းကဏ္ဍတခု ဖြစ်တယ်။

မေး။ ။ ဖွံဘော်ခွတ်မြို့နယ်ဟာဆိုရင် ခေတ်အဆက်ဆက်ဖွံ့ဖြိုးမှုနောက်ကျတဲ့ ဒေသလည်းဖြစ်တယ်။ လက်ရှိကလည်း ကြားကာလအနေအထားဆိုပေမဲ့ တိုက်ရင်းတည်ဆောက်၊ တည်ဆောက်ရင်း တိုက်နေတဲ့အခြေအနေမှာ ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ဖို့က အဓိက ဘာလို့ထင်ပါလဲ။ ဘာတွေကိုဆောင်ရွက်သွားဖို့လိုပါလဲ။

ဖြေ။ ။ ဒီဘက်ဒေသအခြေအနေအရဆိုရင် ခုနကပြောတဲ့ အပေါ်ကနေအောက်ဖြစ်ဖြစ် ၊ အောက်ကနေအပေါ် ဖြစ်ဖြစ် Bottom- Up ဖြစ်ဖြစ် Federalism သွားတဲ့ အချိန်မျိုးမှာ ဖက်ဒရယ်ဒီမိုကရေစီလို့ ပြောလိုက်ရင်တော့ တန်းတူအခွင့်အရေးကို ပုံမှန်လေး လုပ်ဆောင်သွားမယ်၊ ခွဲဝေဆောင်ရွက်သွားမယ်။ ကျနော်တို့ ပြည်နယ်မှာရှိတဲ့ လူထုတွေအချင်းချင်းကလည်း အပြန်အလှန်နားလည်မှုနဲ့ စည်းလုံးပြီးတော့ ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုရင် တော့ အရင့်အရင်က ကြုံလာခဲ့တဲ့ အခက်အခဲစိန်ခေါ်မှုတွေကတော့ တနည်းတဖုံတော့ ပြောင်းလဲနိုင်မယ့် အနေအထားရှိတယ်။

ပိုပြီးဖွံ့ဖြိုးလာမယ်။ အဓိကပြောချင်တာကတော့ စည်းလုံးခြင်းပါပဲ၊ အတူပူးပေါင်းရုန်းကန်ပြီးတော့ တွန်းလှန်မယ် ဆိုရင်တော့ ကျနော်တို့လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်အရွေ့တခု ၁၀၀ ရာခိုင်နှုန်း မဟုတ်ရင်တောင်မှ ၅၀ ရာခိုင်နှုန်းလား ၇၀ ရာခိုင်နှုန်းလား ဒါကတော့ စည်းလုံးပြီးတော့ ပူးပေါင်းလုပ်ဆောင်သွားမယ့် အခြေအနေပေါ် မူတည်တယ်ပေါ့နော။ တကယ်သာ လုပ်ဆောင်သွားနိုင်တယ်ဆိုရင်တော့ အများကြီးပြောင်းလဲမှုတခုနဲ့ သွားနိုင်မယ့် အနေအထားတခုရှိတယ်ပေါ့နော။

မေး။ ။ မြို့နယ်ကောင်စီမှာ ကဏ္ဍအလိုက် ဘယ်နှစ်မျိုးဖွဲ့စည်းဆောင်ရွက်နေတာ ရှိပါလဲ။

ဖြေ။ ။ မြို့နယ်အနေနဲ့ လတ်တလောဖွဲ့စည်းနိုင်တာကတော့ ဌာနဆိုင်ရာ ၆ ခုနဲ့ပဲ အသက်သွင်းနိုင်သေးတာပေါ့။ ကောင်းမွန်တဲ့အုပ်ချုပ်ရေးယန္တရားတခု လည်ပတ်နိုင်ဖို့ဆိုရင်တော့ သူ့ရဲ့ဌာနအစုံကို ဖွဲ့စည်းတည်ဆောက်နိုင်ဖို့ လိုတာ ပေါ့နော။ လတ်တလောလုပ်နိုင်မယ့်ဟာနဲ့ အရေးတကြီးလိုအပ်မယ့် ဌာနလောက်ပဲ ဖွဲ့စည်းနိုင်သေးတယ်။ အဲ့တော့ ဌာန ၆ ခုနဲ့ပဲ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်နေတယ်။

နံပါတ် (၁) ကတော့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးရှိမယ်၊ ပြီးတော့ ကျန်းမာရေး၊ ပညာရေး ၊ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ပြန်လည်နေရာချထားရေးပေါ့နော၊ အမျိုးသမီးနဲ့ ကလေးသူငယ်ဌာန၊ ပြည်သူ့လုံခြုံရေး (KSP) ပေါ့။ စခန်း ဆိုတာထက် လုံခြုံရေးကင်းပုံစံမျိုးနဲ့ ဖွဲ့စည်းထားတယ်။ တချို့ဌာနဆိုရင်တော့ သူ့ရဲ့ဦးစီးမှူးတွေက ပြည်နယ်ကနေ တိုက်ရိုက်ခန့်အပ်ပေးတဲ့ ဦးစီးမှူးတွေရှိတယ်။

မေး။ ။ ကြားကာလမှာတော့ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်နဲ့ဒေသအရေးကို ဆောင်ရွက်နေကြတာကိုလည်း တွေ့ရှိရတယ်။ နောင်တချိန်ကြရင် ဖွတ်ဘော်ခွံ့မြို့နယ်ကို ဘယ်လိုပုံစံနဲ့ မြင်စေချင်ပါလဲ။

ဖြေ။ ။ ပြည်နယ်တခုလုံးအနေနဲ့ ပြန်ခြုံပြီးကြည့်ရမယ်ဆိုရင်တော့ ဖက်ဒရယ်ဒီမိုကရေစီပြောတဲ့အတွက်ကြောင့်မို့လို့ ဒီလိုမျိုး ရည်မှန်းချက်ပန်းတိုင်ထားတဲ့အတွက်ကြောင့် အောက်ခြေကနေအပေါ်ကို ပြန်တက်တဲ့စနစ်လို့လည်း ပြောလို့ရတယ် ပေါ့နော။ အဲ့ဒီစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အတွက်ကြောင့်မို့လို့ ကဏ္ဍအလိုက် စနစ်တကျ ပူးပေါင်း ဆောင်ရွက်ဖို့လိုတယ်။ ရပ်ရွာအုပ်ချုပ်ရေးစနစ်ဆိုရင်လည်း ပိုပြီးတိုးတက်ပြောင်းလဲအောင် အုပ်ချုပ်ဖို့တော့လိုတာပေါ့နော။ အရင်ကလို ကြောက်စိတ်ပဲများတော့ တာဝန်အရပဲခန့်အပ်ထားတယ် နာမည်ပဲရှိပြီး လူကဘာမှမလုပ်ဘူးဆိုတဲ့စနစ်ကို ပြုပြင်ဖို့လိုတယ် ရပ်ရွာအဆင့်ပေါ့။

နောက်တခုက အုပ်စုအဆင့်ပေါ့။ အုပ်စုအဆင့်ဆိုရင်လည်း ရပ်ရွာကနေ ပြန်ရွေးချယ်ပြီးတင်မြှောက်ထားတဲ့ အုပ်စုဥက္ကဌ တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ရပ်ရွာရဲ့တင်ပြချက်တွေကို အထက်ကိုထပ်ဆင့် တင်ပြလုပ်ဆောင်သွားဖို့လိုတယ်ပေါ့နော။ အောက်ခြေကနေ အပေါ်ကိုတက်လာတဲ့ စနစ်ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါကို ကဏ္ဍအလိုက်လို့ပဲ ပြောရမှာပေါ့။ ရပ်ရွာ ဆိုလည်း ရပ်ရွာအဆင့်၊ အုပ်စုဆိုလည်း အုပ်စုအဆင့် ၊ မြို့နယ်အဆင့် ဒီလိုမျိုးသာ စနစ်တကျနဲ့ ပိုပြီးတော့ လုပ်ဆောင် သွားမယ်ဆိုရင်တော့ ကျနော်တို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ရောက်ရှိနိုင်မယ့် အနေအထားရှိပါတယ်။

မေး။ ။ မြို့နယ်ကောင်စီရဲ့လုပ်ဆောင်ချက်၊ ဒေသတွင်း လိုအပ်ချက်၊ အခက်အခဲတွေနဲ့ပတ်သက်ပြီး ဖြည့်စွက် ပြောပြပေးပါလား။

ဖြေ။ ။ အဓိကကတော့ ဆိုင်ရာဌာနအားလုံးအလိုက် အကုန်လုံးက ဝေးလံခေါင်ဖျားတဲ့ဒေသမို့ တခါတလေ လိုအပ်တဲ့ ဒီပံ့ပိုးကူညီ ဆောင်ရွက်မှုတွေ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းပဲပြောပြော ဒါကလိုအပ်သလို ဦးစားပေး ရွေးချယ်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ရမလဲဆိုတဲ့ဟာက ဒါက ကျနော်တို့အထက်မှာရှိတဲ့လူကြီးတွေက ဒါကိုမြေပြင်အခြေအနေ ကို သေချာလေးသိပြီး အကောင်အထည်ဖော်ဆာင်ရွက်သွားမယ်ဆိုရင်တော့ ခုနကပြောတဲ့ မြို့နယ်အဆင့်သော် လည်းကောင်း၊ အုပ်စုအတွင်းသော်လည်းကောင်း လိုအပ်တဲ့ လိုအပ်ချက်တွေက ပိုပြီးတော့ထိရောက်တဲ့ ဝန်ဆောင်မှု တခုကနေနဲ့တော့ လည်ပတ်နိုင်မယ်ပေါ့။ ဒီဟာကို သက်ဆိုင်ရာဌာနဆိုင်ရာတွေက ဒါကို အဓိက သေချာစစ်ဆေးပြီးမှ ပူးပေါင်း လုပ်ဆောင်သွားရင်တော့ အများကြီး ကျနော်တို့မျှော်မှန်းထားတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုလည်း ရောက်ရှိနိုင်တယ် ဒါလေးပဲ ပြန်ဖြည့်စွက်ပေးချင်တယ်ပေါ့နော်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။