အိန္ဒိယဘက်ရောက်ရှိနေကြတဲ့ CDM တွေအကြောင်း သုတေသနပြုလေ့လာနေတဲ့ CDM တက္ကသိုလ်ကထိက ဒေါက်တာမေရီနှင့် မေးမြန်းချက်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး စစ်အာဏာသိမ်းခံရပြီးတဲ့နောက်မှာ တစ်နိုင်ငံလုံးက ပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီထဲမှာ အစိုးရ၀န်ထမ်းတွေဟာလည်း “ရုံးမတက်နဲ့ ရုန်းထွက်” ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါ၀င်လာခဲ့ကြပါတယ်။
ချင်းပြည်နယ်ဟာ မြန်မာတစ်နိုင်ငံလုံးမှာ CDM လှုပ်ရှားမှု အားအကောင်းဆုံး ပြည်နယ်တစ်ခုဖြစ်ပြီး အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ အဆိုအရ ချင်းပြည်နယ်က အစိုးရ၀န်ထမ်း ၇၀ ရာခိုင်နှုန်းကျော်ဟာ CDM ပြုလုပ်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်မှုမှာ ပါဝင်ခဲ့ကြပါတယ်။
အစိုးရ၀န်ထမ်းတွေဟာ ရုံးမတက်နဲ့ ရုန်းထွက်ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ တော်လှန်ရေးတပ်ဦးအဖြစ် ရှေ့တန်းကထွက်ပြီး ရဲရဲဝံ့ဝံ့ ချီတက်ခဲ့ကြပြီး အဓိကနေရာမှာ ပါ၀င်ခဲ့ကြပေမယ့် အိမ်နီးချင်း အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ နေထိုင်ခဲ့ကြတဲ့ CDM ၀န်ထမ်းတွေဟာ တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ အလုပ်အကိုင် မရှိတာ၊ အထောက်ပံ့တွေလည်း မရရှိကြတာကြောင့် အတော်လေး အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။
အိန္ဒိယနိုင်ငံမှာ မြန်မာနိုင်ငံကနေ ထွက်ပြေးခိုလှုံလာကြတဲ့ CDM ၀န်ထမ်း အယောက် ၁၅၀၀ ကျော် လောက် ရှိတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတချို့က ခန့်မှန်းထားကြပါတယ်။ အဲဒီထဲက ၃ ပုံ တစ်ပုံလောက်ကတော့ စား၀တ်နေရေး အခက်အခဲတွေကြောင့် နေရပြန်သွားကြတယ်လို့ သိရပါတယ်။
အိန္ဒိယဘက်မှာရောက်ရှိနေကြတဲ့ CDM ၀န်ထမ်းတွေရဲ့ ဘ၀ရပ်တည်ရေး အခြေအနေကရော ဘယ်လိုရှိပါလဲ၊ ဘယ်လို အခက်အခဲ စိန်ခေါ်မှုတွေ ကြုံနေကြရတာပါလဲ၊ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုယ်တိုင် CDM ဆရာမတစ်ဦးလည်းဖြစ် CDM တွေ အကြောင်းကို သုတေသနပြုလေ့လာနေတဲ့ တက္ကသိုလ်ကထိက ဒေါက်တာမေရီကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ အိန္ဒိယနိုင်ငံကိုရောက်လာတဲ့ CDM ဝန်ထမ်း ဘယ်လောက်ရှိပါလဲ။
ဖြေ။ ။ မဏိပူရ်ရော၊ နာဂလဲန်းတွေရော၊ ဒေလီရော၊ မိဇိုရမ်အထိ CDM တွေ ရှိနိုင်မယ့်နေရာတွေကို ဆက်သွယ် ပြီးတော့ စာရင်းတွေတော့ ပြုစုခဲ့တာမျိုးတွေ ရှိခဲ့တယ်။ ပြည့်စုံမှုတော့ မရှိလောက်ဘူး။ ကျမရထားတဲ့ ဒေတာအရ ကတော့ ၁၂၀၀ ကနေ ၁၅၀၀ အကြားတော့ ရှိလိမ့်မယ်။ ဒီမှာကြတော့ လူတွေကလည်း ရွေ့ပြောင်းသွားလာ နေကျတော့ စာရင်းကတော့ တိတိကျကျ ဘယ်လောက်ရှိပါတယ်ဆိုပြီးမှ ပြောလို့မရပါဘူး။
မေး။ ။ CDM ၀န်ထမ်းတွေက ဘယ်ဒေသကများပါလဲ။
ဖြေ။ ။ ချင်းပြည်နယ်က ပိုများတယ်။ စစ်ကိုင်းတို့၊ မကွေးတို့က အနည်းစုရှိပါတယ်။
မေး။ ။ အိန္ဒိယဘက်ကို ရောက်ရှိနေကြတဲ့ CDM ၀န်ထမ်းတွေဟာ ဘယ်လိုရပ်တည်နေကြရတာပါလဲ။ သူတို့တွေ ဘယ်လိုနေထိုင်ပြီး ဘာတွေလုပ်ကိုင်နေကြရပါလဲ။
ဖြေ။ ။ ပုံမှန်အားဖြင့် ကျမတို့ဒီဘက်က CDM ဖြစ်ဖြစ် စစ်ဘေးရှောင်ကြားထဲမှာ ရောနေတာပေါ့နော်။ ကျမတို့ရဲ့ နေထိုင်တဲ့ပုံစံက တချို့ကျတော့ မိသားစုရှိတော့ အိမ်ဌားနေတယ်။ စစ်ရှောင်ထဲမှာ နေတာမျိုးရှိတယ်။ အမျိုးအိမ်တွေမှာ နေတာမျိုးရှိတယ်။ အလုပ်အကိုင် အခွင့်အလမ်း နေရာမျိုးတွေမှာကြတော့ ကွာခြားမှု ရှိနိုင်တာပေါ့နော၊ အိမ်ဌားနေတဲ့သူက ပိုပြီးလွတ်လပ်မယ်။ စစ်ရှောင်ထဲ နေတဲ့သူတွေကတော့ စခန်းစည်းကမ်း လိုက်နာရတဲ့ အတွက်ကြောင့် သူ့မှာဖိအားရှိတာမျိုးတွေ ရှိမယ်။ မတူတဲ့ ဟာမျိုးပေါ့။
အိုင်းဇောလ်မှာ ရှိတဲ့သူ အတွက်ကတော့ အတားအဆီးတမျိုး ဖြစ်သွားမယ်၊ အများအားဖြင့် အိုင်းဇောလ်ဘက်က တွေ့ရတဲ့ CDM တွေကြတော့ ဒီသက်ဆိုင်ရာ အာဏာပိုင်၊ ဒေသအစိုးရတွေက အလုပ်လုပ်ခွင့် မပေးတာမျိုးတွေ ကြုံရတယ်၊ ကျမတို့မှာ အလုပ်အကိုင်အခွင့်အလမ်း မရှိကြဘူး။ တဖက်ကလည်း ပုံမှန် ထောက်ပံ့ကြေး ရတာမျိုးလည်း မရှိဘူး။ ကျမကိုယ်တိုင်လည်း ထောက်ပံ့ကြေး တခါမှ မရဖူးဘူး၊ အဲ့လိုဟာမျိုးတွေ အများကြီး ရှိနေမှာပဲပေါ့နော်။ ကိုယ်တိုင် အဆက်အသွယ်မလုပ်တာလည်း ဖြစ်ကောင်းဖြစ်မယ်၊ ပြီးတော့မှ စာရင်းထဲ မှာလည်း ကိုယ့်အလှည့် မရောက်လာသေးတဲ့ အရာတွေ ရှိကောင်းရှိမယ်၊ အကြောင်းအရာတွေတော့ အများကြီးပေါ့။
ဒီဘက်မှာက အများစုက အလုပ်ကြမ်း လုပ်ရတယ်၊ အလုပ်ကြမ်း လုပ်ရတယ်ဆိုတော့ တရားဝင် စာရွက်စာတမ်း ရှိတာမဟုတ်တော့ တချို့နေရာတွေမှာ လုပ်အားခ ခေါင်းပုံဖြတ်တာမျိုးတွေ ကြုံနေရတယ်။ ချက်ချင်းလုပ်အားခ မရှင်းပေးတာမျိုးရှိတယ်။ သူတို့မှာ ဘယ်လိုဖြေရှင်းရမလဲ မသိဘူး၊ ခက်ခဲတာမျိုး ရှိတယ်။ ပြီးတော့မှ တချို့ CDM တွေ ကြတော့ စျေးရောင်းတယ် တနိုင်တပိုင်နဲ့၊ တချို့ကျတော့ အမျိုးအိမ်မှာ စီးပွားရေးလုပ်ငန်းတွေမှာ ဝင်ကူတာမျိုး တွေ့ရမယ်။ ဒီမှာဆိုရင် တချို့ဆရာ၊ ဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ သူတို့ရဲ့ လုပ်ငန်းကို လက်တွေ့ကျင့်သုံးနိုင်တယ်။ ဆရာ၊ဆရာမတွေဆိုရင် စခန်းတွေမှာ စာပြန်သင်ပေးတာမျိုးလုပ်တယ်။ ကျန်းမာရေး ဝန်ထမ်းတွေဆိုရင် ကျန်းမာရေးနဲ့ ပက်သက်တဲ့ နေရာတွေမှာ ပြန်ပြီးတော့ လုပ်အားထမ်းဆောင် နိုင်တာ တွေ့ရတယ်။
မေး။ ။ CDM ၀န်ထမ်းတွေထဲမှာ ဘယ်လိုဝန်ထမ်းမျိုးက ပိုများပါလဲ။
ဖြေ။ ။ စုံတယ်၊ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ ပညာရေးမှာက ကျမ ထင်တာကတော့ အခြေခံ ပိုများတယ်။ အဆင်မြင့် တက္ကသိုလ် ဆရာ၊ ဆရာမကြတော့ လူနည်းစုပေါ့။ အခြေခံ ဆရာ၊ ဆရာမတွေကတော့ များတယ်။ တခြားမီးရထားဝန်ထမ်း၊ ဝန်ကြီးဌာန ပေါင်းစုံက CDM အကုန်လုံးက ဒီမှာ ရှိကြတယ်။ နည်းတာ များတာကပဲ ကွာသွားမှာပါ။
မေး။ ။ ဒီဘက်ကို ရောက်လာတဲ့ CDM ၀န်ထမ်းတချို့ဟာ နေရပ်ပြန်သွားတဲ့သူတွေလည်း များတယ်လို့ သိရပါတယ်။ ဘယ်လိုတွေကြောင့် သူတို့တွေက ပြန်သွားကြတာပါလဲ။ အဲဒီအခြေအနေကို ရှင်းပြလို့ရမလား။
ဖြေ။ ။ ကျမကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်အခြေအနေအရ ပြောမယ်ဆိုရင် တော်တော်များများကတော့ ပြန်သွားကြတာမျိုး ရှိတယ်၊ အကြောင်းအရင်းကို ပြန်စစ်ကြည့်မယ်ဆိုရင် တချို့က မိသားစုကျန်းမာရေး၊ ဥပမာ မိဘတွေထားခဲ့ပြီး ဒီဘက်ကို လာခဲ့တာဆိုရင် ကိုယ့်မိဘကျန်းမာရေးကြောင့်သာ မဖြစ်မနေ ပြန်သွားရတာ ပေ့ါလေ။ တကယ်ဆိုရင် လုံခြုံရေးအရ အန္တရာယ်အရမ်းရှိတဲ့ မြင့်မားနေတဲ့ အရာထဲတောင်မှ မဖြစ်မနေ ပြန်သွားကြရတာမျိုး၊ တချို့ကျတော့ မြေပြင်မှာပြန်ပြီး တာဝန်ထမ်းတာမျိုး၊ ဥပမာ ဆရာဝန်၊ သူနာပြု၊ အခြေခံ ဆရာ၊ ဆရာမတို့ ဆိုရင် ကလေးတွေရဲ့ ပညာရေးကို ရှေးရှုပြီးမှ အန္တရာယ်ကြားကနေပြီးမှ ပြန်သွားရတာမျိုး၊ တချို့ကျတော့ ငွေကြေးထောက်ပံ့မှု မရနိုင်တာ၊ ဒီမှာကလည်း အလုပ်အကိုင် အခွင့်အလှမ်းက မရနိုင်ဘူး၊ ပြီးတော့ UNHCR တတိယနိုင်ငံသွားဖို့ မျော်လင့်ချက်တွေကလည်း မဖြစ်နိုင်တာမျိုး၊ ကြန့်ကြာနေတာမျိုး၊ နှောင့်နှေးနေတာမျိုး ဖြစ်နေတဲ့အခါကြတော့ ဒီမှာနေတော့လည်း မထူးတော့တဲ့ အခါကြတော့ မြန်မာပြည်ကို ပြန်သွားမယ်ဆိုတဲ့ လူတွေလည်းရှိတယ်။ နောက်တချို့ကျတော့ မိသားစုပေါင်းစည်းရေးအတွက် ပြန်သွားတာမျိုး တွေ့ရပါတယ်။
မေး။ ။ CDM ၀န်ထမ်းတွေဆိုတာ မြန်မာ့နွေဦးတော်လှန်ရေးမှာ ရှေ့တန်းက ဦးဆောင်ခဲ့သူတွေလို့ ပြောလို့ရတယ်လေ။ ရုံးမတက်နဲ့ ရုန်းထွက်ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြပြီး အလုပ်ရာထူးတွေ စွန့်လွှတ်ပြီး တော်လှန်ရေးထဲပါ၀င်ခဲ့ကြတယ်၊ အခုအခါမှာတော့ တော်လှန်ရေး အချိန်ကြာလာတာနှင့်အမျှ အမေ့လျှော့ခံ နေကြရတယ်ဆိုပြီး CDM တွေကိုယ်တိုင်က ပြောတာတွေရှိလာပါတယ်။ ဒီအပေါ်မှာ ကိုယ်ကိုတိုင်က CDM ကျောင်းဆရာတစ်ယောက်အနေနဲ့ ဘာများပြောချင်ပါလဲ။
ဖြေ။ ။ အကြမ်းမဖက် အာဏာဖီဆန်ရေးက ပြည်သူတွေနဲ့အတူ ကျမတို့ဝန်ထမ်းတွေက ပြည်သူတွေနဲ့ စခဲ့တာပေါ့။ ကျမတို့ ဝန်ထမ်းတွေပဲလား မဟုတ်ဘူး၊ ကျောင်းသူကျောင်းသားတွေက အခုထိ CDM လုပ်ပြီးမှ တော်လှန် ခဲ့ကြတယ်။ ပြောရမယ်ဆိုရင် ကျမတို့ရဲ့ CDM သပိတ်ကတော့ တော်လှန်ရေး သက်တမ်းတလျှောက် ခိုင်မာနေတုန်းပဲ။ တော်လှန်ရေးနဲ့အတူ လက်တွဲနေတုန်း၊ သွားနေတုန်းပဲ၊ ဆက်ပြီးတော့မှလည်း ဒီတော်လှန်ရေးနဲ့ အတူ သွားနေအုံးမှာပဲ။ ဒါပေမယ့် တခါတလေကျရင် တလရမှာ ဦးစားပေးရမယ့် အပိုင်းလေးတွေ၊ ခေါင်းထဲမှာ ရှိတယ်ဆိုပေမယ့် တချို့သော အရာလေးတွေကို ဦးစားပေးရတဲ့ အရာတွေကြောင့် CDM ကိစ္စ မှေးမိန်သွားတဲ့ ဟာမျိုး ရှိတယ်။ ပြောရမယ်ဆိုရင် ကျမတို့က အမေ့လျော့ခံရတယ်ဆိုတာလည်း မှန်ပါတယ်။ ကျမတို့ကိုယ်တိုင် ကလည်း မေ့လျှော့ခံနေရတယ်ဆိုတဲ့ဟာမျိုး။
နောက်တခုက ၂၀၂၁ အစပိုင်းမှာ CDM ကိစ္စပေါ်လစီတွေ ရေးဆွဲကြတယ်။ ဒါဆိုရင် CDM တွေက တော်တော်လေး မျှော်လင့်ခဲ့ကြတယ်။ ဒီထဲမှာ ဘာပါမလဲ၊ ပြီးတော့ CDM ပေါ်လစီရေးဆွဲတယ်ဆိုတော့ CDM တွေရဲ့ အသံကိုတော့ နားထောင်မှာပဲ ဆိုတာမျိုးပေါ့။ ဒါပေမယ့် ပြောရမယ်ဆိုရင်တော့ CDM တွေ ဘာလိုနေလဲဆိုတာကို ပဏမပဲ ဖြစ်ဖြစ်၊ စစ်တမ်းပဲ ဖြစ်ဖြစ် ကောက်ခဲ့လား၊ မကောက်ခဲ့လားဆိုတာ ကျမတော့ မသိတော့ မဖြည့်ခဲ့ရဘူး။ တချို့ ကိစ္စတွေမှာကြတော့ ကျမက အဆက်အသွယ် ပြတ်သွားတာမျိုးရှိတော့ အဲ့ကျတော့ ဒီပေါ်လစီတွေ ပြန်ဖတ်ကြည့်တဲ့ အခါကျတော့ ဒီတော်လှန်ရေးပြီးသွားရင် ကျမတို့က ဒီ CDM တွေကို ဘယ်လိုမျိုး၊ ဘယ်လို ရာထူးပေးမယ်၊ ပြောရမယ်ဆိုရင်တော့ ဆုချတာပေါ့။ ဘယ်လိုနေရာမှာ ထားမှာဆိုတာမျိုး၊ ပြီးတော့မှ Non CDM တွေကိုကြတော့ ဝန်ထမ်းရေးရာအရ၊ စီမံခန့်ခွဲရေးဆိုင်ရာအရ အရေးယူမှာ၊ စကစနဲ့ ပေါင်းတဲ့ ထင်ရှားတဲ့ဟာတွေကို ပြစ်မှုကြောင်းအရ အရေးယူမယ်ဆိုတဲ့ဟာတွေပဲ ပါတာပေါ့နော်။
ကျမတို့ မျှော်လင့်ထားတာက တော်လှန်ရေးက ဘယ်လောက်ကြာမလဲမသိဘူး။ ဒီဝန်ထမ်း၊ ဒီ CDM ပေါ်လစီထဲမှာ ဒီတော်လှန်ရေးကာလမှာ CDM တွေရဲ့ အခွင့်အရေးကို ဘယ်လိုပံ့ပိုးမလဲ၊ ဘယ်လိုကာကွယ်မလဲ၊ ကျမတို့ရဲ့ အပိုင်းကို ဘယ်လို မြင့်တင်ပေးမလဲဆိုတဲ့ဟာမျိုး၊ တော်လှန်ရေးနဲ့အတူ ကျမတို့ရဲ့အပိုင်းကို ဘယ်လို မြင့်တင်ပေးမလဲဆိုတာကို မျှော်လင့်ထားခဲ့တာ၊ ဒါပေမယ့်လည်း ဒီဟာတွေကို မတွေ့ရဘူး။ ဒီထဲမှာကိုမှ ကျမတို့က အမေ့လျော့ခံတယ်လို့ ပြောရပြန်ရင် မဟုတ်ပြန်ဘူး။
ပြောရမယ်ဆိုရင် တချို့ဝန်ကြီးဌာန ရှိတဲ့သူတွေဆိုရင် သူ့ဝန်ကြီးဌာနအလိုက်ကို ထောက်ပံ့ကြေးတွေ ပေးနိုင်တဲ့သူတွေလည်း ရှိတယ်။ ဥပမာ- ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ မီဒီယာတွေ ဆိုရင် သူ့လူကိုသူ ချိတ်ဆက်နိုင်တယ်၊ ကောင်းကောင်းလေ ဆက်သွယ်ရေး တည်ဆောက်နိုင်တယ်။ ဒါပေမယ့် ဒီ NUG မှာ ဌာန မရှိတဲ့ ဝန်ကြီးဌာနက ဝန်ထမ်းတွေ ဥပမာ-မီးရထားဝန်ထမ်းတွေဆိုရင် မရှိတော့ဘူး။ ဒါတွေကျတော့ ကျမတို့က လွတ်နေတာ၊ ဘယ်ကိုသွားပြီးမှ ဘယ်နေရာမှာကို သွားရမလဲ၊ ဒါလေးတွေကြောင့်ပဲ တချို့က မေ့လျှော့ခံ ရတယ်လို့ ပြောထွက်ရခြင်း ဖြစ်ပါတယ်။
မေး။ ။ အိန္ဒိယဘက်ကို ရောက်ရှိလာကြတဲ့ CDM ၀န်ထမ်းတချို့ကို မေးမြန်းကြည့်တဲ့အခါမှာ NUG အစိုးရထံကနေဖြစ်ဖြစ်ပေါ့လေ၊ တခါမှ ထောက်ပံ့ကြေး မရတဲ့သူတွေလည်း ရှိတယ်လို့ သိရတယ်။ ဆိုတော့ အဲဒါက ဘယ်လိုကြောင့်ပါလဲ။ ဒီအပေါ်မှာရော ဘာများပြောချင်ပါလဲ။
ဖြေ။ ။အဆက်သွယ် ပြတ်တာလား၊ သတင်းအချက်အလက်ပြတ်တာ ဖြစ်မလား၊ ပြောရမယ်ဆိုရင် ကျမလည်း မိခင်ဝန်ကြီးဌာနနဲ့ မချိတ်မိပါဘူး၊ ဒီတိုင်းပဲ ရှိနေတယ်ပေါ့၊ ကြားထဲမှာ ကျမတို့ CDM ဖောင်ဖြည့်ရတဲ့ဟာမျိုး ရှိတယ်။ CDM ဖောင်ဖြည့်မှ CDM ဖြစ်ကြောင်း အသိအမှတ် ကုတ်နံပါတ်လေး ရထားတာမျိုး ရှိတယ်။ ဒါပေမယ့် အဲ့ကာလတုန်းက အင်တာနက်လိုင်းတွေ ဖြတ်ထားတော့ ဖြည့်မရတာမျိုး ရှိတယ်။ ကျမတို့ဆိုရင် ဖြည့်မရဘူး၊ အခုနောက်ပိုင်းလည်း CDM ကုတ် ရချင်တယ်၊ ဖြည့်ချင်တယ်ဆိုရင် ကူညီပေးတယ်၊ ဖြည့်လို့ ရသေးတယ်။
ကျမထင်တာ ကြားထဲမှာ အချက်အလက်မရတာလား၊ တခြား စစ်ကိုင်း၊ မကွေးတို့ကို မပြောဘူး။ ကျမနဲ့ ထိတွေ့များတဲ့ ချင်းပြည်နယ်ကို ပြောရမယ်ဆိုရင် သူ့မြို့နယ်အလိုက် CDM စာရင်းလေးတွေ ရှိလိမ့်မယ်။ အဲ့မှာများ စာရင်းဝင်ဖို့၊ ပျက်ကွက်တာမျိုးလား၊ ဒါမှမဟုတ် ခိုင်မာတဲ့ CDM အဖွဲ့အစည်းတွေလိုမျိုုး မရှိတဲ့ အခါကြတော့ ဘယ်နေရာကို သတင်းပေးရမယ်မျိုး မသိတာလားပေါ့၊ ကြားထဲမှာ သတင်းအချက်အလက်တွေက ပြတ်နေတယ်။
မေး။ ။ CDM ၀န်ထမ်းတွေအတွက် သက်ဆိုင်ရာတာ၀န်ရှိသူတွေက ဘာတွေစီစဉ်ပေးသင့်ပါလဲ။
ဖြေ။ ။ နွေဦးထီ ရှိတယ်၊ အဓိက CDM တွေ အတွက် ပံ့ပိုးဖို့ဆိုပြီး လုပ်ထားတဲ့ဟာပေါ့၊ ဒါပေမယ့် နွေဦးထီ တခါဖွင့်တိုင်း CDM ဘယ်လောက်ရာခိုင်နှုန်းကို ပံ့ပိုးပေးထားတယ်ဆိုတာ မသိရဘူး။ ကျမ မသိတာလည်း ဖြစ်နိုင်တယ်၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ CDM ရဲ့ ဘယ်နှစ်ရာခိုင်နှုန်း ပံ့ပိုးပေးနိုင်တယ်ဆိုတာ ဖော်ပြပေးရင် ကျမတို့လည်း သတင်းအချက်အလက် မပြတ်တော့ဘူး။ NUG က ထောက်ပံ့မှုတွေတော့ လုပ်နေတာပဲ၊ CDM တွေ ကလည်း အများကြီးဆိုတော့ ကိုယ့်အလှည့် မရောက်နိုင်ရင်တောင်မှ ကိုယ့်လုပ်ဖော်ဆောင်ဖက်တွေက ရနေတယ် ဆိုတာ ကျမတို့ မြင်ရင်တော့ စိတ်ချမ်းသာတယ်။
ဒီဘက်ရောက်လာတဲ့ CDM တွေရဲ့ ဘဝမှတ်တမ်း၊ တချို့သူတွေဆိုရင် ခက်ခက်ခဲခဲ ရုန်းကန်ရတာ။ ဒါတာမျိုးတွေ ဆိုရင် သုသေတနလုပ်တာ၊ မှတ်တမ်းတင်တာမျိုး လုပ်စေချင်တယ်။ ဒီမှာဆိုရင် သုသေတန လုပ်တဲ့သူတွေ ရှိရင် CDM တွေရဲ့ အကြောင်းတွေကို ပြန်ဖော်ထုတ်ပေးဖို့ ပြောချင်တယ်။ ပြီးတော့ မီဒီယာတွေကလည်း မေးပြီးတော့မှ မေ့လျော့သွားတာမျိုး မဟုတ်ဘဲနဲ့ ကျမတို့ ပြည်သူတွေ ကြားထဲမှာ CDM တွေ ရှိနေတယ်၊ မေ့လျော့ခံ မဟုတ်ဘူး။ တော်လှန်ရေးနဲ့ ဆက်သွားနေတယ်ဆိုတာမျိုး ဖြစ်အောင် အလျင်းသင့်ရင် သင့်သလိုမျိုး ဖော်ပြပေးတာမျိုး ဖြစ်စေချင်တယ်။
ကျမတို့ CDM က လူတန်းစား စုံတယ်၊ ဝန်ကြီးဌာနပေါင်းစုံ ဖြစ်တော့ တခါတလေ တချို့အခွင့်အလမ်းတွေ မတူဘူး။ ဥပမာ လုပ်သက်၊ ပညာအရည်အချင်း၊ အတွေ့အကြုံ တူတာမျိုး စုပြီးမှ ကျမတို့ရဲ့ စွမ်းရည်မြင့် သင်တန်း (Capacity Building) လေးတွေကို လုပ်ပေးသင့်ပေါ့။ NUG ကို တိုက်ရိုက်ပြောမယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကျမတို့ ဒီဘက်ကိုလာတယ်၊ တော်လှန်ရေးက ဘယ်လောက်ကြာမလဲ မသိဘူး။ ကျမတို့ကတော့ တောင့်ခံ နေအုံးမှာပဲ။ ကျမတို့မှာ အခက်အခဲတွေ ကြုံရတယ်။ မိသားစုအတွက် ရုန်းကန်ရတယ်၊ ကျမတို့ရဲ့ စွမ်းရည် ပြန်လည်တည်ဆောက်ရေးကို မမြှင့်တင်ပေးနိုင်တော့ဘူး။
တော်လှန်ရေးက နိုင်သွားရင်တော့ NUG က ပြန်သုံးမှာပဲ။ ကြားထဲမှာ ကျမတို့ရဲ့အရည်အချင်းက ယိုယွင်းသွားပြီ၊ ကျမတို့မှာ တိုးတက်မှုတွေ မရတော့ဘူး၊ ကျမတို့က ပြန်လည်တည်ဆောက်ရေး ကာလက ၅ နှစ်လောက်နဲ့ ပြီးသွားမယ့်ဟာက ကျမတို့လူဟောင်း ဒုက္ခသည်ဘဝနဲ့ နေနေတဲ့လူတွေနဲ့ ပြန်တည်ဆောက်မယ်ဆိုရင် ကျမတို့ ၁၀ နှစ်လောက် ကြာရင်ကြာသွား နိုင်တယ်။ ဒီကြားထဲမှာ ကျမတို့ကို မမေ့လျော့ပဲ စွမ်းရည် ပြန်လည် တည်ဆောက်ရေးကို တခါတည်း မြှင့်တင်ပေးစေချင်တာ။ ကျမတို့က စွမ်းရည်ပြန်လည်တည်ဆောက်ရေးပိုင်းမှာ တခါတည်း မြှင့်တင်ပေးပြီးသားဆိုရင် တည်ဆောက်ရေးကာလမှာ ၅ နှစ်နဲ့ ပြီးမယ့်ဟာက ၂ နှစ်နဲ့ ပြန်ပြီးမှ မြန်မြန်ဆန်ဆန် ပြန်လည်တည်ဆောက်နိုင်မယ်။
မေး။ ။ လေ့လာရသလောက်ဆိုရင် CDM ၀န်ထမ်းတွေဟာ ကိုယ့်၀မ်းကိုယ်ကျောင်းပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရပ်တည်နေရတယ်။ အကူအညီအထောက်ပံ့တွေရတဲ့သူ တချို့ရှိသလို တချို့ကလည်း မရနိုင်ကြဘူးဆိုတော့ ဒီတိုင်းပဲဆက်သွားရင် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါလဲ။ ဘာတွေ လုပ်ပေးသင့်ပါလဲ။
ဖြေ။ ။ NUG အပေါ်မှာ ယုံကြည်မှု လျော့နည်းလာတာမျိုး ဖြစ်နိုင်တယ်၊ ဒါကတော့ တော်လှန်ရေး အပေါ်မှာရော တော်လှန်ရေးကို စိတ်မဝင်မစားတော့ဘဲနဲ့ ကျမတို့ရဲ့ဝန်ထမ်း ဖြစ်တည်မှုကိုလည်း လုံးဝ မသိချင်တော့တာမျိုး၊ မေ့ပစ်ချင်တာမျိုး အထိ ဖြစ်လာနိုင်တယ်။ ပြီးတော့မိဘ၊ ဆွေမျိုး ၊အသိုင်းအဝန်းတွေရဲ့ ပြောခံနေရတာမျိုးလည်း ရှိမယ်။ နင်တို့တော်လှန်ရေးက ပြောတော့ ခဏလေး ပြီးသွားမှာဆို အလုပ်လည်း မရှိဘူး၊ ထောက်ပံ့ကြေးလည်း မရဘူးဆိုတဲ့ဟာမျိုး စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ ခံစားရတာမျိုး ရှိတယ်။
ကျမတို့ရဲ့ ကျွမ်းကျင်တဲ့အလုပ်တွေကို လေ့ကျင့်မူ မလုပ်နိုင်တဲ့အခါကြတော့ စွမ်းဆောင်ရည်တွေ ကျဆင်း လာတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မူတွေ ကျဆင်းလာတယ်၊ ကိုယ်ကဘာမှမဟုတ်တော့ဘူးလို့ ခံစားရတယ်။ ကျမဆိုရင် CDM လုပ်တာနဲ့ပဲ တာဝန်ကျေသလား၊ တလရအတွက် ဘာလုပ်ပေးရအုံးမလဲ အမျိုးစုံဝင်လာတယ်။ တဖက်မှာ ကျမတို့မြင်နေရတာ မီဒီယာတွေမှာက ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပဲ တော်လှန်ရေးက ဖြစ်နေသလား လို့တောင် ထင်ရတယ်။
တခြားနေရာတွေမှာကတော့ ပုံမှန်လို လည်ပတ်နေတယ်၊ ကိုယ့်အသိုင်းအဝန်းထဲက၊ ကိုယ်နဲ့သိတဲ့ အသိုင်းအဝန်း ထဲက လူတွေကလည်း စကစအသိုင်းအဝန်းမှာ ပြန်ပြီး အလုပ်လုပ်နေတာတွေ မြင်ရတော့ ကိုယ်ပဲ အရူးလားလို့ ထင်ရတယ်။ ဟိုဖက်က Non CDM တွေဘက်က ပြောလာမယ်ဆိုရင်လည်း သူတို့လုပ်ရပ်က မှန်တယ်၊ ကျမတို့ လုပ်ရပ်ကမှားတယ်ဆိုတဲ့ Concept အမှားကြီးကို သားစဉ်မြေးဆက် ပေးလာနိုင်တာပေါ့နော။ ဒီ CDM က တော်လှန်ရေးနဲ့အတူ သွားနေတာပဲ၊ အဆုံးထိလည်း သွားနေမှာပဲ၊ ဒါပေမယ့် ဒီလိုပုံစံအတိုင်းသာ ဆက်ပြီးမှ သွားနေမယ် ဆိုရင်တော့ ပိုပိုပြီးမှ မစုစည်းနိုင်တော့ဘဲနဲ့ အကွဲပြဲက ပိုပိုပြီးမှ ဖြစ်လာနိုင်တယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်တာရှိပါလဲ။
ဖြေ။ ။ CDM အဖွဲ့အစည်းကို NUG ကပဲ ဖြစ်ဖြစ်၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြန်ပြီးတော့မှ အားစိုက်စေ ချင်တယ်။ လက်နက်ကိုင်တော်လှန်ရေးကလည်း တော်လှန်ရေးအတိုင်းသွား၊ ကျမတို့ရဲ့ အကြမ်းမဖက် တော်လှန်ရေးကလည်း အကြမ်းမဖက်တော်လှန်ရေးအတိုင်း ပိုပြီးမှအားကောင်းသထက် အားကောင်းဖို့ ကျမတို့ လိုအပ်တယ်။ အပြိုင်သွားဖို့ လိုအပ်တယ်လို့ ကျမမြင်တယ်။
KMG ပေးပို့သည်။