“အိမ်တွေကတော့ မီးရှို့ထားတာကို မနည်းဘူး ဖြစ်နေပြီ။ ထီးချိုင့်မြို့လောက်ဆိုးတာ မရှိဘူးထင်တယ်။ မီးကလည်း နေ့တိုင်းနီးပါးပဲရှို့တာ ကုန်သလောက်ဖြစ်နေပြီ။ မြို့ရဲ့လေးပုံ သုံးပုံလောက်ကုန်သွားပြီလို့ ကျမတို့ ခန့်မှန်းကြပါတယ်” ထီးချိုင့်မြို့ဒေသခံ မအေးမွန် (အမည်လွှဲ)

By MPM 22 ဒီဇင်ဘာ, 2023 👁

စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်ကို သိမ်းပိုက်နိုင်ဖို့အတွက် တစ်လကျော်ကြာထိုးစစ်ဆင်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းမှာ လေကြောင်းကနေ ဆက်တိုက်ပစ်ခတ်တိုက်ခိုက် ခဲ့တာကြောင့် ကာကွယ်ရေးရဲဘော်တွေ ကျဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုဟာ ကာကွယ်ရေးရဲဘော်တွေရှိနေတဲ့ နေရာတည့်တည့်ကို ထိမှန်တာကြောင့် ရမ်းသမ်းပစ်တာမျိုးမဟုတ်ဘဲ ပစ်မှတ်အတိအကျနဲ့ ပစ်ခတ်တယ်လို့ယူဆပြီး ထီးချိုင့်မြို့သိမ်း တိုက်ပွဲအတွင်းကနေ ကယ်ထုတ်ခဲ့တဲ့ပြည်သူတွေထဲမှာ ဒလန် (စစ်ကောင်စီဘက်တော်သား) ရှိနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ယူဆနေကြပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ထီးချိုင့်မြို့ဒေသခံတစ်ဦးဖြစ်တဲ့ မအေးမွန် (အမည်လွှဲ)ကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

မေး။ ။ ထီးချိုင့်မှာ စစ်ကောင်စီရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကျဆုံးမှုရှိခဲ့တယ် ဆိုတဲ့အခြေအနေကို ပြောပြပေးပါဦး။

ဖြေ။ ။ ၉ ရက်နေ့ (ဒီဇင်ဘာ ၉ ရက်) ညနေပိုင်းက မြို့နဲ့ ဆယ်မိုင်ခန့်လောက်ပဲဝေးတဲ့ ဧရာဝတီမြစ် အရှေ့ဘက်ကမ်းက ကမ်းနီ၊ ချိတ်သင်၊ အင်ဒေါင်းကျေး အဲ့ဒီရွာတွေကို စစ်တပ်က လေယာဉ်နှစ်စီးနဲ့ ဗုံးလာပစ်တယ်။ အဲ့ဒီထဲက ဗုံးတစ်လုံးက အင်ဒေါင်းကျေးရွာက ဆေးခန်းထဲကျပေါက်ကွဲပြီး အဲ့ဒီမှာ ဆေးကုနေတဲ့ PDF ရဲဘော်တစ်ယောက် ကျသွားတယ်။ နောက်ထပ် သုံးယောက်ကတော့ ဒဏ်ရာရရှိသွားတယ်။ အဲ့ဒီရဲဘော်တွေက အရင်တိုက်ပွဲတွေမှာ ထိထားလို့ ဆေးကုနေကြရင်းနဲ့ ဗုံးထိတာ။ အဲဒီဗုံးကျတဲ့နေရာက စစ်ရှောင်ပြည်သူတွေရှိတဲ့နေရာနဲ့ သိပ်မဝေးတဲ့ နေရာလည်းဖြစ်တယ်ပေါ့။ ဒီဇင်ဘာ ၁၀ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲ အချိန်တုန်းကလည်း PDF တွေနဲ့ တိုက်ပွဲဖြစ်ပြီး မြတောင်ရွာဘက်ကို လေယာဉ်နှစ်စီးနဲ့ ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချခဲ့လို့ အဲ့ဒီမှာလည်း ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦး ကျခဲ့‌သေးတယ်။

မေး။ ။ အဲ့ဒီဗုံးကြဲမှုကြောင့် ရဲဘော်ထိခိုက်သေဆုံးပြီးနောက်ပိုင်းမှာ စစ်ဘေးရှောင်တွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ဆေးမှုတွေလုပ်တယ်လို့လည်း ကြားရတယ်။ ဘယ်လိုမျိုးစစ်ဆေးမှုတွေများ လုပ်နေတယ်လို့ သိထားရပါလဲ။

ဖြေ။ ။ ဟုတ်ပါတယ်။ စစ်ဆေးတာမျိုး ရှိတယ်။ ရိုက်နှက်စစ်ဆေးတာမျိုးတော့ မဟုတ်ဘူးပေါ့။ လူတွေကို ပြန်စိစစ်တာမျိုးပေါ့။ ဒီစစ်ရှောင်တွေကလည်း အရင်တိုက်ပွဲမှာတုန်းက ပိတ်မိနေတဲ့သူတွေကို PDF တွေက ကယ်ထုတ်လာတာမျိုးပေါ့။ အဲ့ဒီကယ်ထုတ်လာတုန်းကတည်းက စစ်တပ် (စစ်ကောင်စီ) ဘက်ကလူတွေ၊ ပျူ (ပျူစောထီး) တွေက စစ်ရှောင်ပုံစံမျိုးနဲ့ ခိုးလိုက်လာတယ်လို့ သတင်းတွေ ထွက်ထားတယ်။ ဒါပေမယ့် အဲ့တုန်းကတော့ စစ်ဆေးတာမျိုး မကြားရဘူး။ အခုကျနေရာအတိအကျ ပစ်မှတ်အတိအကျနဲ့ လာပစ်တယ်လို့ ထင်ပြီး ဒီစစ်ရှောင်တွေကို ပြန်စိစစ်တာမျိုး လုပ်နေတာပေါ့။ အခုနောက်ပိုင်း စစ်တပ်က နေရာအတိအကျနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ်လာနိုင်လို့ အခုလိုစစ်ဆေးမှုတွေ လုပ်နေတာလို့ ကြားတယ်။

မေး။ ။ စစ်ကောင်စီဘက်ကရော အခုလေကြောင်းကနေ လာပစ်တာမျိုးတွေရှိနေတော့ နှစ်ဘက်တိုက်ပွဲအခြေ အနေကရော ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ အခုက ဒီဘက် (တော်လှန်ရေးတပ်ဖွဲ့များ) က တိုက်ပွဲတွေ ရပ်ထားတယ်။ စစ်တပ်ဘက်က နေ့တိုင်းကို လာပစ်တာ လေယာဉ်နဲ့ ၁၉ ရက်နေ့ကလည်း လာပစ်တယ်။ မနေ့က ၂၀ ရက်မှာလည်း လာပစ်တယ်။ ၁၉ ရက်နေ့ကဆို မနက်ပိုင်းရောညပိုင်းရော လာပစ်တာ။ မနေ့ကတော့ တိုက်လေယာဉ်တွေနဲ့ မနက် ၁၁ နာရီ လောက်မှာ လာပစ်တာ။ ညနေပိုင်းမှာလည်း ထပ်လာပစ်တယ်။

မေး။ ။ လက်ရှိမှာ စစ်ကောင်စီတပ်ဘက်က ထီးချိုင့်မြို့တွင်း ဝင်ရောက်နေမှု အခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ သူတို့က ဒီထီးချိုင့်က သူတို့အတွက်အရေးပါတော့ လက်မလွှတ်ချင်တော့ အသည်းအသန်တိုက်နေတာ။ အိမ်တွေကတော့ မီးရှို့ထားတာကို မနည်းဘူး ဖြစ်နေပြီ။ ထီးချိုင့်မြို့လောက်ဆိုးတာ မရှိဘူးထင်တယ်။ မီးကလည်း နေ့တိုင်းနီးပါးပဲရှို့တာ ကုန်သလောက်ဖြစ်နေပြီ။ မြို့ရဲ့လေးပုံ သုံးပုံလောက်ကုန်သွားပြီလို့ ကျမတို့ ခန့်မှန်းကြပါတယ်။ နောက်ပြီး သူတို့ (စစ်ကောင်စီတပ်) အင်အားများများနဲ့ ထီးချိုင့်မြို့တွင်းကို နေရာပြန်ယူထားပြီး မြစ်တဖက်ကမ်း မြတောင်ကျေးရွာဘက်မှာလည်း အင်အားတွေ ထပ်ဖြည့်ပြီး ခံစစ် ပြင်နေတယ်လို့ ကျမတို့ ကြားထားပါတယ်။

မေး။ ။ ထီးချိုင့်တိုက်ပွဲတွေက နိုဝင်ဘာ ၈ ရက် ကတည်းက စခဲ့တာဆိုတော့ လက်ရှိမှာ တစ်လခွဲကျော် ကြာလာပြီဆိုတော့ ဒေသခံတွေရဲ့ အခြေအနေကရော ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ တော်တော်များများကတော့ တိုက်ပွဲတွေ မစခင် နှစ်ရက်လောက်အလို နိုဝင်ဘာ ၆ ရက် လောက် ကတည်းက ပြောင်း‌ရွှေ့သွားကြပါတယ်။ စစ်တပ်ဘက်က လေကြောင်းဗုံးကြဲတာရော တိုက်ပွဲရောကြောင့် ပြည်သူ ၁၂ ယောက် လောက်ကလည်း သေဆုံးထားတာရှိတော့ ကျန်တဲ့သူတွေလည်း ဆက်မနေရဲတော့ဘဲ အကုန်လုံး စစ်ရှောင်ကုန်ကြပါပြီ။

ရှမ်းနီအသံ ပေးပို့သည်။