လေကြောင်းရန်ကာကွယ်ရေးတပ်မှ CDM တပ်ကြပ်ကြီး ဇေယျနှင့် အမေးအဖြေ
အာဏာသိမ်း စစ်ကောင်စီဟာ အခုနှစ်နွေရာသီကျောင်းပိတ်ရက်မှာ ကျောင်းသား၊ကျောင်းသူ လူငယ်တွေအတွက် ရေကြောင်းနဲ့ လေကြောင်း လူငယ်အခြေခံသင်တန်းတွေနဲ့ တန်းမြင့်သင်တန်းတွေကို တိုင်းနဲ့ပြည်နယ် အသီးသီးမှာ စတင်ဖွင့်လှစ်နေပြီလို့ ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ပါတယ်။
ဒီသင်တန်းတွေမှာ အခြေခံစစ် ရေးပြအပါအဝင် ဘာသာရပ်အလိုက် အခြေခံသဘောတရားတွေကို ထည့်သွင်းသင်ကြားပေးနေပြီး အနာဂတ် တပ်မတော်နဲ့ နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်တွေ မွေးထုတ်ပေးနိုင်ရေးစတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်တာလို့ စစ်ကောင်စီက ဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ ရေကြောင်းနဲ့ လေကြောင်း လူငယ်အခြေခံသင်တန်းတွေ ဖွင့်လှစ်မှုအခြေအနေ၊ ကျောင်းသားလူငယ်တွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်မလဲ။ စစ်ကောင်စီလေတပ်နဲ့ ရေတပ်မှာ ဘယ်လို အခြေအနေတွေ ရှိနေလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး လေကြောင်းရန်ကာကွယ်ရေးတပ်က CDM တပ်ကြပ်ကြီး ဇေယျနဲ့ ဆက်သွယ်မေးမြန်းချက်။
မေး။ ဒီလေကြောင်း၊ ရေကြောင်း အခြေခံသင်တန်းပေးနေမှုက ဘယ်လို ရည်ရွယ်ချက်တွေ ရှိနေမလဲ။ စစ်ကောင်စီ ကိုယ်တိုင်က လေကြောင်းမှာဆိုရင် နိုင်ငံတော်ကာကွယ်ရေးမှာ အထောက်အကူဖြစ်လာစေဖို့ဆိုပြီး ပြောထားတဲ့အတွက် သုံးသပ်ပေးပါဦး။
ဖြေ။ ရေကြောင်းနဲ့လေကြောင်းလူငယ်သင်တန်းဖွင့်ရတာက အခုလက်ရှိကြည်း၊ ရေ၊ လေအကုန်လုံးပါပဲ။ အင်အားစုဆောင်းရ ခက်ခဲလာတယ်။ အဲဒီလို ခက်ခဲလာတဲ့အချိန်မှာ အသက်မပြည့်သေးတဲ့ ၁၄၊ ၁၅ နှစ်အရွယ် ကလေးလေးတွေကို လေတပ်ဆိုလည်း လေယာဉ်နဲ့ ပတ်သက်တာတွေ၊ သာမန်အရပ်သားတွေအနေနဲ့ လေယာဉ်တွေက သူတို့အ တွက် စိတ်ဝင်စားစရာ မက်လုံးပေးဆွဲဆောင်တယ်။ လေကြောင်းလူငယ်တွေမှာ သုံးတဲ့ ကျောပိုးအိတ်ကအစ ထုတ်ပေးတယ်။ စားစရာ၊ နေစရာ၊ လည်ပတ်စရာ သေချာကိုလုပ်ပြီး ဒါမျိုးလိုက်ပြီးလုပ်တယ်။ တပ်သားသစ်စုဆောင်းဖို့အတွက် စည်းရုံးရေးတစ်မျိုးပေါ့။ ကျွန်တော်သိတာတော့ အရင်တုန်းကတော့ အရပ်သားတွေလည်း ပါတယ်။ အရပ်ဖက်ပေါ့။ အခုနောက်ပိုင်းတော့ ကျွန်တော်ထင်တယ်။ လေကြောင်းလူငယ်မှာက တပ်မိသားစု ဝင်တွေပဲ ပိုများမယ်ထင်တယ်။ တပ်မိသားစုဝင်တွေ၊ တပ်ရဲ့အသိုင်းအဝိုင်းအမျိုးအနွယ်တွေ၊ ဒါတွေ ပိုများများ ဖွင့်မယ်လို့ ယူဆရတယ်။ အဓိကကတော့ တပ်သားသစ်စုဆောင်းဖို့ မက်လုံးတစ်မျိုးပေါ့။ အသက်မပြည့်တဲ့သူတွေကို ဆွဲဆောင်တဲ့ ပုံစံမျိုးပါပဲ။
မေး။ ဒီရေကြောင်း၊ လေကြောင်းသင်တန်းက ကျောင်းသားလူငယ်တွေအပေါ် ဘယ်လိုမျိုး အကျိုးသက်ရောက်မှုတွေ ဆက်ဖြစ်လာနိုင်မလဲ။
ဖြေ။ လူငယ်တွေကို အကျိုးသက်ရောက်မှုက နဂိုကလည်း လေကြောင်းလူငယ်ဖြစ်ပြီးတော့ လေတပ်ထဲဝင်ရမယ် ဆိုပြီး အတင်းအဓမ္မ ဝင်ရမယ်လို့တော့ မရှိဘူးပေါ့။ အရင်တုန်းကဆို သဘောကျပြီး လေတပ်ထဲဝင်ထဲ သူတွေ ရှိတယ်၊ စစ်သားသားသမီးတွေကတော့ ဝင်တာပါပဲ။ အရပ်ဖက်သားသမီတွေကတော့ ပြောလို့မရဘူး။ ကိုယ့် သားသမီးဘဝကို မသနားလို့ရှိရင် ဝင်ခိုင်းကြပေါ့။ အဲဒီလိုပဲ ပြောရမှာပဲ မိဘတွေကို။
မေး။ နောက်ဆုံးအနေနဲ့ စစ်ကောင်စီလေတပ်နဲ့ ရေတပ်မှာ ဘယ်လိုအခြေအနေတွေ ရှိနေလဲ။ ဒီသင်တန်းအပေါ် ဘယ်လို မှတ်ချက်ပြုလိုတာရှိမလဲ။
ဖြေ။ ကြည်းတပ်မှာဆိုရင် အင်အားကတော်တော်လျော့ကျလာတဲ့ အနေအထားဖြစ်တယ်။ အင်အားပြုန်းတီးတာ တအားများလာတဲ့အတွက် အခုဆိုတချို့မြို့တွေမှာ လုံခြုံရေးတွေကို လေတပ်ကအဖွဲ့တွေ ရေတပ်ကအဖွဲ့တွေ သုံးလာတယ်။ လှုပ်ရှားစစ်ကြောင်းတွေမှာကအစ ကြည်း၊ရေ၊လေသင်တန်းကျောင်းတွေမှာ သွားတက်နေတယ်။ ရေ၊လေစစ်သည်တွေပါသုံးပြီး လှုပ်ရှားစစ်ကြောင်းတွေ စခန်းကုန်းတွေ အဲဒီလိုနေရာမှာ ထည့်သုံးတဲ့ အနေအထားကို ကျွန်တော်တို့ တွေ့လာရတယ်။ ကြည်းတပ်ရဲ့ လူအင်အားမရှိတော့ဘူးဆိုတဲ့ အနေအထား ဖြစ်လာတာပေါ့။ လေကြောင်းလူငယ်သင်တန်းသားတွေဆိုတာ သူတို့ဒါအနာဂတ်အတွက် အင်အားပဲလေ။ လက်ရှိ စစ်တပ်ရဲ့ အင်အားဖြစ်တဲ့အတွက် သူတို့ဒါကို သေချာလုပ်တယ်လို့ ကျွန်တော်မြင်တယ်။ တော်တော် ကို စနစ်တတကျကို သေချာပြင်ဆင်ပြီးလုပ်နေတာကို ကျွန်တော် အရင်တည်းက သတင်းတွေမှာ မသိခင် တည်းက ကျွန်တော်အဲဒါကို သိထားရတယ်။
သံလွင်တိုင်းမ် – ပေးပို့သည်။

