“အဓိက ကျနော်တို့ရည်ရွယ်တာကတော့ ကျနော်တို့ ကယန်းအမျိုးသားတက္ကသိုလ်လို့ ပြောတဲ့အတွက် ကယန်းဒေသမှာ လူ့အရင်းအမြစ်ပေါ့နော် စွမ်းအားကို ကျနော်တို့ မြင့်တင်ဖို့ဖြစ်ပါတယ်။ ကျနော်တို့ ဒီအနာဂတ်ခေါင်းဆောင်တွေကို ပြုစုပျိုးထောင်ပေးနိုင်မဲ့ တက္ကသိုလ်တစ်ခုအဖြစ်လည်း ကျနော်တို့ရည်မှန်းထားပါတယ်” KNEC ဒု – ဒါရိုက်တာခွန်းအာနာတားရှိုနေဇာ

By MPM 31 ဩဂုတ်, 2024 👁

ကယန်းအမျိုးသားတက္ကသိုလ်ဖွင့်လှစ်နိုင်ရေး ကြုံတွေ့ရသည့်စိန်ခေါ်မှုနှင့် ကျောင်းတွင် တက်ရောက်ပညာသင်ယူနိုင်မည့်သူများနှင့်ပတ်သတ်ပြီး KNEC ဒု-ဒါရိုက်တာ ခွန်းအာနာတားရှိုနေဇာနှင့် ဆက်သွယ်မေးမြန်းချက်။

ကယန်းအမျိုးသားပညာရေးကော်မတီ (KNEC) က ဦးဆောင်ဖွင့်လှစ်သည့် ကယန်းအမျိုးသားတက္ကသိုလ်ကို ယခုနှစ်အောက်တိုဘာလထဲတွင် စတင်ဖွင့်လှစ်သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်နေသည်ဟု KNEC တာဝန်ရှိသူများက ပြောသည်။

ကယန်းအမျိုးသားတက္ကသိုလ်ကို ဖွင့်လှစ်မည့် ကယန်းဒေသသည် လက်ရှိတွင်လည်း စစ်ပွဲများဖြစ်ပွားနေသည့်အတွက် နယ်မြေအနေအထားအရ လုံခြုံရေးအတွက် ဘယ်လိုစီစဉ်ဆောင်ရွက်ပေးထားပါလဲ။ ကယန်းအမျိုးသားတက္ကသိုလ်တွင် သင်ကြားပေးမည့် သင်ရိုးညွှန်တမ်းများကို ဘယ်သူတွေနဲ့ပူးပေါင်းပြီး ရေးဆွဲမှုပြုလုပ်ခဲ့ကြပါလဲ။

ပြည်တွင်းရှိ ကယန်းဒေသတွင် ပထမဆုံးဖွင့်လှစ်သည့် အမျိုးသားတက္ကသိုလ်လည်းဖြစ်သည့်အတွက် ဘယ်လိုစိန်ခေါ်မှုများနှင့် ကြုံတွေ့ရင်ဆိုင်ရပါလဲ၊ တက္ကသိုလ်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ ကယန်းအမျိုးသားတက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူနိုင်သူများနှင့် ပတ်သက်ပြီး KNEC ဒု-ဒါရိုက်တာ ခွန်းအာနာတားရှိုနေဇာကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ KNEC ရဲ့ ဒီကယန်းအမျိုးသားတက္ကသိုလ်မှာ ဘယ်သူတွေက လာတက်ရောက်လို့ရနိုင်ပါလဲ။

ဖြေ။ ။ ကျနော်တို့ ကယန်းအမျိုးသားတက္ကသိုလ်မှာပေါ့နော ကျနော်တို့က ကယန်းအမျိုးသားအပါအဝင် ကယန်းဒေသမှ မဟုတ်ဘူး ကျနော်တို့ တိုင်းရင်းသားပေါင်းစုံ နယ်ပေါင်းစုံက ကျောင်းသူကျောင်းသားတွေ အတွက်လည်း ပညာလာရောက်ဆည်းပူးနိုင်တဲ့ တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံကိုလည်း ကျနော်တို့က Welcome လုပ်ပါတယ်ပေါ့နော။

ကျနော်တို့ KNEC ကနေ ပြီးတော့မှ ဦးဆောင်ပြီးတော့မှဖွင့်တဲ့ ဒီကယန်းအမျိုးသား တက္ကသိုလ်ဆိုတာက ကယန်းလူမျိုးအပါအဝင် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ လာရောက်တက်ရောက်နိုင်တယ်။ နေရာဒေသမရွေးပေါ့နော်၊ လာရောက်လျှောက်ထားပြီးတော့မှ ပညာလာရောက် ဆည်းပူးနိုင်တဲ့တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။

မေး။ ။ အခုလက်ရှိ KNEC ကျောင်းမှာ လာတက်ရောက်နေတဲ့ ကျောင်းသူကျောင်းသား ဘယ်နှစ်ဦးလောက် ရှိပြီလဲရှင့်။ ဆရာဆရာမဦးရေကရော ဘယ်လောက်ရှိနေလဲရှင့်။

ဖြေ။ ။ ကျနော်တို့ Academic program တော့ မ run သေးဘူးပေါ့နော။ လတ်တလောမှာတော့ ဆရာဆရာမ ၁၀ ယောက်ဝန်းကျင် ၁၀ ယောက်၊ အယောက် ၂၀ ဝန်းကျင်လောက်ပေါ့နော။ ဝန်ထမ်းတွေ အပါအဝင်ပေါ့နော။ အဲ့လောက်နဲ့တော့ ကျနော်တို့ စတင်ပြီးတော့မှ စုစည်းထားတယ်။ ဒါပေမဲ့ ကျနော်တို့ ဒီ program တွေကတော့ ကျနော်တို့ မ run သေးဘူးပေါ့နော။

ကျနော်တို့ ဒီဆောင်းအဝင်လောက်မှာ ကျနောတို့က စတင်ပြီးတော့မှ run နိုင်ဖို့အတွက် ကျနော်တို့က စတင်ပြီး တော့မှ စီစဉ်ဆောင်ရွက်နေပါတယ်ပေါ့နော။ လတ်တလောမှာ ကျနောတို့ CYLT လို့ခေါ်တဲ့ ဒီတက္ကသိုလ်ဝင်တန်း ချင်းမိုင်တက္ကသိုလ် ဝင်ခွင့်ရဖို့အတွက် စီစဉ်ပေးတဲ့ Program တစ်ခုပဲ run သေးပါတယ်ပေါ့နော်။ ကျန်တဲ့ program တွေတော့ ဒီ အောက်တိုဘာလလောက်မှာ ကျနော်တို့ စတင်ပြီးတော့မှ ဖွင့်လှစ်ဖို့ ရှိပါတယ်ပေါ့နော။

မေး။ ။ KNEC ရဲ့ ကယန်းအမျိုးသားတက္ကသိုလ်ကို တက်ရောက်ချင်တယ်ဆိုရင် ဘယ်လိုဝင်ခွင့်စာမေးပွဲမျိုးတွေ လုပ်ထားပေးပါလဲရှင့်။ ပြီးတော့ လစဉ်ကြေးပုံစံမျိုးရော ဘယ်လိုစီစဉ်ပေးတာတွေရှိပါလဲ။

ဖြေ။ ။ ကျနော်တို့ ဒီကယန်းအမျိုးသားတက္ကသိုလ်မှာ ခေါ်ယူမယ့် ဘွဲ့ဒီဂရီတွေပေါ့နော်၊ အဲ့ဒီ program အသီးသီးမှာပေါ့နော် ကျနော်တို့သင်ကြားရေးမှာတော့ အခမဲ့ ဖြစ်မယ်ပေါ့နော။ နေရာထိုင်ခင်း အခမဲ့ဖြစ်မယ်။ ဒါပေမဲ့ ကျနော်တို့ ဒီ ကျောင်းသူကျောင်းသားဘက်မှ စားစရိတ်တွေ ပြန်ပြီးတော့မှ ကူပေးရတာမျိုးရှိမယ်။ ဒါမှမဟုတ်လည်း တချို့က အပြင်မှာနေပြီတော့ ကျောင်းလာတက်လို့ ရတယ်ပေါ့နော။ ကိုယ့်စရိတ်နဲ့ကို ကျောင်းလာတက်လို့တော့ ရတယ်ပေါ့နော။ အဲ့လိုမျိုးတော့ စီစဉ်ထားပေးတယ်။

တက္ကသိုလ်ဝိုင်းထဲမှာလည်း ကျနော်တို့ အဆောင်တွေတော့ ကျနော်တို့စီစဉ်ပေးမယ်ပေါ့နော။ နောက်တစ်ခုက application form နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ရဲ့ တရားဝင်စာမျက်နှာကနေတဆင့်ပေါ့နော ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်ပေါ့။ ပြီးတော့မှ ကျနောတို့ ဒီကြေညာချက်ကာလကို ကျနော်တို့ထားမယ်။ ကျောင်းသားတွေ application လက်ခံပြီးတော့မှ ကျနော်တို့က သူတို့ကို လူကိုယ်တိုင် အင်တာဗျူးတွေလုပ်မယ်။ အဆင့်ဆင့် ပေါ့နော။ စိစစ်ပြီးတော့မှ ရွေးချယ်ပြီးတော့မှ လက်ခံသွားမယ့် အစီအစဉ်မျိုး ဖြစ်တယ်ပေါ့နော။

ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ ကယန်းအမျိုးသားတက္ကသိုလ်က လတ်တလောမှာက လူဦးရေအကန့်အသတ်နဲ့ပဲ ဖွင့်လှစ်သွားဖို့ ရှိတယ်။ ကျနော်တို့ ဒီအဆောက်အအုံ လိုအပ်ချက်အရရော ပြီးတော့မှ ကျနော်တို့ သင်ရိုးညွှန်းတန်း အရရော ကျနော်တို့ကနေပြီးတော့မှ ပံ့ပိုးပေးနိုင်ဖို့ရော၊ ကျနော်တို့လိုအပ်တဲ့ computer နည်းပညာတွေ၊ ပြီးတော့မှ ကျနော်တို့ IT နည်းပညာတွေ ပိုပြီးတော့မှ ထိထိမိမိ အသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီးတော့မှ program တစ်ခုကို ကျနော်တို့ လူဦးရေအကန့်အသတ်နဲ့ ကျနော်တို့ လက်ခံသွားဖို့ ရှိပါတယ်။

မေး။ ။ KNEC အမျိုးသားတက္ကသိုလ်မှာ သင်ကြားရမယ့် ဘာသာရပ် ၆ ခုအပြင် နောက်ထပ် ၄ ခုလည်း ပါဝင်တယ်လို့ ပြောတယ်ပေါ့လေ၊ ဆိုတော့ ဒီထဲမှာ ဒီသင်ရိုးညွှန်တမ်းတွေကို ဘယ်သူတွေနဲ့ ပူးပေါင်းပြီးတော့မှ ရေးဆွဲမှုတွေ ပြုလုပ်ခဲ့ကြပါလဲ။

ဖြေ။ ။ ကယန်းအမျိုးသားတက္ကသိုလ်ရဲ့ သင်ရိုးညွှန်တမ်းနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ သက်ဆိုင်ရာ မိတ်ဖက်ပေါ့နော၊ ကျနောတို့ ဒီအသိပညာရှင်တွေလည်း ရှိတယ်ပေါ့နော။ ကျနော်တို့ အဓိက ညှိနှိုင်း ဆောင်ရွက်ပေး အကြံပေးတာကတော့ Critical thinking foundation က ဒေါက်တာသိန်းလွင်နဲ့ ကျနော်တို့ ချိတ်ဆက်ပြီးတော့မှ ကျနော်တို့ သင်ရိုးညွှန်းတမ်းတွေကို စနစ်တကျ ပြင်ဆင်ရေးသားတာ ရှိပါတယ်။ ကျနော်တို့ မိတ်ဖက်တက္ကသိုလ်လည်း တချို့ရှိပါတယ်ပေါ့နော။ တချို့မိတ်ဖက် တက္ကသိုလ်တွေနဲ့လည်း ကျနောတို့က ချိတ်ဆက်ပြီးတော့မှ သိတတ်ပညာရှင်တွေ ကျနော်တို့ချိတ်ဆက်ပြီးတော့မှ ရေးဆွဲတာရှိပါတယ်။

မေး။ ။ KNEC ရဲ့ ဒီတက္ကသိုလ်က ပြည်တွင်းမှာလည်းဖြစ်တဲ့အတွက် အခုလက်ရှိမှာ စစ်ပွဲတွေလည်းဖြစ်နေတဲ့အတွက် နယ်မြေအနေအထားအရဆိုရင် လုံခြုံရေးအတွက် ဘယ်လိုစီစဉ်လုပ်ဆောင်ပေးထားပါလဲ။

ဖြေ။ ။ ကျောင်းရဲ့ location ကို ကျနော်တို့ safe အဖြစ်ဆုံးနေရာ ကျနော်တို့ရွေးချယ်ပြီးတော့မှ ဖွင့်လှစ်ထားတယ်ပေါ့နော။ အတတ်နိုင်ဆုံးတော့ လုံခြုံရေးအရ ကျနော်တို့ ပြင်ဆင်မှုတွေလည်း ကျနော်တို့ စီစဉ်ဆောင် ရွက်ထားပါတယ်ပေါ့နော်။ ကျနော်တို့ လုံခြုံရေးအရ အရေးပေါ် အခြေအနေတစ်ခုခု ဖြစ်လာခဲ့ရင်တော့ ကျနော် တို့ ကျောင်းသူကျောင်းသားတွေ အချိန်မရွေး လုံခြုံနဲ့နေရာကို ရွှေ့လျားနိုင်အောင်လည်း ကျနော်တို့ တက္ကသိုလ်ကော်မတီအနေနဲ့ ကျနော်တို့ စီစဉ်ဆောင်ရွက်ထားတွေတော့ ရှိပါတယ်ပေါ့နော်။

မေး။ ။ ကယန်းဒေသမှာ ပထမဆုံး အမျိုးသားတက္ကသိုလ်လည်းဖြစ်တဲ့အတွက် ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရလဲ၊ ပြီးတော့ ဒီလိုဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုရော ပြောပြပေးလို့ရမလား။

ဖြေ။ ။ ကျနော်တို့ ကယန်းတက္ကသိုလ်ရဲ့ စိန်ခေါ်မှုလို့ပြောရင် အရမ်းကြီးပါတယ်ပေါ့နော။ ကျနော်တို့ ပထမဦးဆုံး စတင်ထူထောင်တဲ့ တက္ကသိုလ်တခုလည်း ဖြစ်တဲ့အတွက် ကျနော်တို့ လိုအပ်တဲ့ နည်းပညာပိုင်းတွေရော ပြီးတော့မှ စီမံအုပ်ချုပ်ရေးအပိုင်းတွေရော ပြီးတော့မှ သင်ကြားရေးအပိုင်းတွေရော တကယ့် လူသားအရင်းအမြစ်ပေါ့နော၊ ဒီကျွမ်းကျင်ပညာရှင်တွေလည်း အများကြီးလိုအပ်တယ်ပါတယ်ပေါ့နော်။

နောက်ထပ် လိုအပ်ချက်တစ်ခုအနေနဲ့ စိန်ခေါ်မှုတစ်ခု အနေနဲ့ကတော့ ကျနော်တို့ ဒီနေရာထိုင်ခင်း အဆောက် အအုံတွေပေါ့နော။ ဒါတွေအရမ်း လိုအပ်သေးပါတယ်။ တဖက်မှာလည်း ကျနော်တို့ နောက်ထပ်စိန်ခေါ်မှု တခုကတော့ လုံခြုံရေးအ‌ခြေအနေကလည်း စိန်ခေါ်မှုကြီးတယ်။

မေး။ ။ ကယန်းအမျိုးသားတက္ကသိုလ်ဖွင့်ရတဲ့ ရည်ရွယ်ချက်ကိုလည်း ပြောပေးပါရှင့်…

ဖြေ။ ။ ကျနော်တို့ ကယန်းအမျိုးသားတက္ကသိုလ် ဖွင့်လှစ်ရတဲ့ နံပါတ်တစ်ရည်ရွယ်ချက်ကတော့ ကျနော်တို့ စစ်ရေးကာလမှာ ကျနော်တို့ ဒီပညာရေးလမ်းပျောက်နေတဲ့ လူငယ်တွေကို ကျနော်တို့ ပညာရေးလမ်းကြောင်းမှာ ပြန်ပြီးတော့မှ တက်လှမ်းနိုင်ဖို့အရေး၊ သူတို့ရဲ့ဖြစ်ချင်တဲ့ အနာဂတ်ပေါ့နော၊ အိမ်မက်တွေကို ပြန်လည်ပြီးတော့မှ အကောင်အထည်ဖော်နိုင်ဖို့အတွက် အထောက်အကူဖြစ်ဖို့ ရည်ရွယ်ပါတယ်ပေါ့နော်။

သူတို့ဖြစ်ချင်တဲ့ ရချင်တဲ့ အလုပ်အကိုင်တွေလုပ်ချင်တဲ့ လုပ်ငန်းတွေမှာ အကျုံးဝင်တဲ့ သင်ကြားရေး၊ လေ့လာရေး ပေါ့နော။ နည်းစနစ်တွေကို ဒီတက္ကသိုလ်မှာ လာရောက်လေ့လာသင်ကြားပြီးတော့မှ သင်ယူပြီးတော့မှ သူတို့ လိုရာခရီးပေါ့နော်၊ သူတို့လိုရာအလုပ်အကိုင် ရည်မှန်းချက်တွေကို သူတို့အကောင်အထည်ဖော်သွားနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။ ပြီးတော့မှ ကျနော်တို့ ဒီကယန်းအမျိုးသားတက္ကသိုလ်ဖွင့်လှစ်ရတဲ့ နောက်ထပ် ရည်ရွယ်ချက် တခုကတော့ ဒီကယန်းဒေသထဲမှာပဲ ပြန်လည်အလုပ်အကျွေးပြုနိုင်မဲ့ ကျနော်တို့ဒေသခံ လူ့အရင်းအမြစ်ကိုလည်း ကျနော်တို့ က ပြုစုပျိုးထောင်လိုတဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်ပေါ့နော။

ဆိုတော့ ကျနော်တို့ ဒီမိမိဒေသမှာရှိနေတဲ့ ပညာအခွင့်အရေး နည်းပါးတဲ့လူငယ်တွေ အများကြီးရှိတယ်ပေါ့နော။ အဲ့တော့ ကျနော်တို့ လူမျိုးပေါင်းစုံ ဒီကယန်းအပါအဝင်ပေါ့နော ကယန်းဒေသမှာရှိတဲ့ လူမျိုးပေါင်းစုံတွေ ပြီးတော့မှတခြားပြည်နယ်မှာရှိတဲ့ လူငယ်တွေလည်းပေါ့နော၊ လာရောက် join လို့ ရတယ်။ ပြီးတော့မှ တဖက်မှာ လည်း ကျနောတို့ရည်ရွယ်ချက်က အဓိကကျနော်တို့ ရည်ရွယ်တာကတော့ ကျနော်တို့ ကယန်းအမျိုးသား တက္ကသိုလ်လို့ ပြောတဲ့အတွက် ကယန်းဒေသမှာ လူ့အရင်းအမြစ်ပေါ့နော် စွမ်းအားကို ကျနော်တို့မြင့်တင်ဖို့ ဖြစ်ပါတယ်။ ကျနော်တို့ ဒီအနာဂတ်ခေါင်းဆောင်တွေကို ပြုစုပျိုးထောင်ပေးနိုင်မဲ့ တက္ကသိုလ်တခုအဖြစ်လည်း ကျနော်တို့ ရည်မှန်းထားပါတယ်။

မေး။ ။ ဒီကယန်းအမျိုးသားတက္ကသိုလ်နဲ့ ပတ်သက်ပြီးတော့မှ နောက်ထပ်အရေးကြီးတာ၊ ဖြည့်စွက်ပြောဆိုချင်တာမျိုး ရှိပါလား။

ဖြေ။ ။ ကယန်းအမျိုးသားတက္ကသိုလ်ဆိုတာပေါ့နော် ကျနောတို့ဒီလူငယ်တွေရဲ့ ပြန်လည်တည်ဆောက်ရေးအတွက် အဓိကရည်ညွှန်းပြီးတော့မှ အနာဂတ်ပေါ့နော်၊ မျိုးဆက်ခေါင်းဆောင်တွေကို ပြုစုပျိုးထောင်ဖို့အတွက် ရည်ရွယ်တဲ့တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်ပေါ့နော။ ဆိုတော့ ဒီကယန်းလူမျိုးတွေအပါအဝင်ပေါ့နော ကျနောတို့ တိုင်းရင်းသားညီအစ်ကို အားလုံးအနေနဲ့လည်း လာရောက်ပညာသင်ယူ လေ့လာနေသလို ကျနော်တို့ ဒီလတ်တလော လိုအပ်ချက်တွေဖြစ်တဲ့ ကျနော်တို့ သင်ကြားရေးအပိုင်းမှာပဲဖြစ်ဖြစ်၊ စီမံခန့်ခွဲရေးအပိုင်းမှာဖြစ်ဖြစ် ကျနော်တို့ ဒီကယန်းအမျိုးသားပညာရေး ဖော်ဆောင်ရာမှာ တထောင့်တနေရာကနေပြီးတော့မှ Supporting အပိုင်းတွေပဲဖြစ်ဖြစ်၊ ပါဝင်လိုတဲ့မိတ်ဆွေတွေကို ကျနော်တို့ ကယန်းအမျိုးသားပညာရေးကော်မတီအနေနဲ့ ဖိတ်ခေါ်ပါတယ်ပေါ့။

NMG ပေးပို့သည်။