လေကြောင်း၊ လက်နက်ကြီး၊ အင်ဂျင်တပ်လေထီးနှင့်ပါ တိုက်ခိုက်ခံနေရသည့် ချောင်းဦးမြို့နယ် ဒေသအတွင်းလက်ရှိအခြေအနေများ၊ စစ်ဘေးရှောင်ပြည်သူများ၏ အခြေအနေများနှင့်ပတ်သက်ပြီး ချောင်းဦးဒေသခံအမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်ကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှစတင်ကာ လေကြောင်း၊ လက်နက်ကြီးနှင့်ပါ တိုက်ခိုက်ခဲ့သည့်အပြင် အင်ဂျင်တပ်လေထီး ပါရာမော်တာ (Paramotor) နှင့်ပါ နေ့စဉ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။
ချောင်းဦးမြို့နယ် ဒေသအတွင်းကို လေကြောင်းတိုက်ခိုက်မှုသာမက အင်ဂျင်တပ်လေထီး (Paramotor) များ အသုံးပြု တိုက်ခိုက်နေသည့်အပြင် စစ်ကောင်စီတပ်ကပါ ကျေးရွာများအတွင်း စစ်ကြောင်းထိုး ဝင်ရောက်ပြီး ရွာကိုပါ မီးရှို့ဖျက်ဆီးတာကြောင့် တိမ်းရှောင်ထွက်ပြေးနေရသည့် စစ်ဘေးရှောင်သူဦးရေလည်း များပြားလာနေသည်။
ယင်းသို့ လေကြောင်း၊ လက်နက်ကြီး၊ အင်ဂျင်တပ်လေထီးနှင့်ပါ တိုက်ခိုက်ခံနေရသည့် ချောင်းဦးမြို့နယ် ဒေသအတွင်းက လက်ရှိအခြေအနေများ၊ စစ်ဘေးရှောင်ပြည်သူများ၏ အခြေအနေများနှင့်ပတ်သက်ပြီး လုံခြုံရေးအရ အမည်မဖော်လိုသူ ချောင်းဦးဒေသခံ အမျိုးသမီးတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ချောင်းဦးမြို့နယ်ကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အကြောင်း ပြောပြပါဦး။
ဖြေ။ ။ ဗုံးကြဲတာ ဟုတ်တယ်။ ၁၂ ရက်နေ့က ကြဲလိုက်တာ၊ ရှမ်းထူးဘက်ရယ်၊ ကုလားကြီးဘက်ရယ်၊ IDPs camp က ကလေး ၂ ယောက်နဲ့ လူကြီးတစ်ယောက် ဆုံးသွားပြီးတော့ ဒဏ်ရာရတာ ၄ ယောက်လောက်ရတယ်။ သေတာက ၃ ယောက်လောက်။ ကလေးလေးက ၅ နှစ်ကလေး တစ်ယောက်ရယ်၊ ၈ နှစ်ကလေး တစ်ယောက်ရယ် အဲ့ဒါက ညီအမနှစ်ယောက် တအိမ်ထဲ ညီအမ အရင်းတွေ။ လေကြောင်းက မနေ့ည (၁၇ ရက်ည) ကလည်း တခါကြဲသေးတယ်။ မနေ့ည ၈ နာရီခွဲ လောက်မှာ နှစ်ကြိမ်ကြဲသွားတာ၊ ၈:၂၄ မိနစ်နဲ့ ၈:၃၄ မိနစ်လောက်မှာ နှစ်ကြိမ်ကြဲသွားတယ်။
ကြဲတာက လူထိခိုက်မှုရှိလားဆိုတာတော့ မကြားရသေးဘူး။ မယ်သဲကြိုးဆိုတာ ချောင်းဦးနားလေး မှာ ကြဲသွားတာ။ အခုက ၁၂ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုလုပ်ပြီးတော့ ၁၃ ရက်နေ့မှာ ပါရာမော်တာ (စက်တပ်လေထီး)နဲ့ လာကြဲသွားတာ။ ချောင်းဦးမြို့နယ် ညောင်ပင်သာမှာ (၅၃) နှစ် အရွယ် အမျိုးသမီးတစ်ယောက်ဆုံးသွားပြီးတော့ ကလေးတစ်ယောက်လည်း ဆုံးသွားတယ်။ ကလေးကတော့ မုံရွာမြို့နယ်ကလို့ ပြောတယ်။
မေး။ ။ ချောင်းဦးဘက်ကို ပါရာမော်တာနဲ့ လာကြဲတာက အခုကပထမဆုံးအကြိမ်လား။ ပါရာမော်တာလာတာကိုရော ပြည်သူတွေအနေနဲ့ ကြိုတင်သိလိုက်တာမျိုး၊ ဒေသတွင်းအသိပေး အချက်ပြတာမျိုးရော ရှိပါလား။
ဖြေ။ ။ အခုမှ ပထဆုံးကြဲတာပါ။ ဒီပါရာမော်တာလာတာကို ပြည်သူတွေထဲကတော့ မသိဘူး။ တော်လှန်ရေးမိသားစုတွေတော့ အိုင်ကွန်ရှိရင် အဆင်ပြေတယ်။ အိုင်ကွန်ရှိရင်တော့ စစ်တပ်လေထီး တက်သွားပြီ နမခကနေ၊ မုံရွာကနေပြီးတော့ ချောင်းဦးဘက်ရောက်ပြီ ဘာညာဆိုပြီးရှိရင် ကြားရ တယ် အဲ့လိုမျိုး။ ပြည်သူတွေထဲကတော့ အသံကြားမှပဲသိမယ်။
အသံကြားရင်လည်း ပြေးချိန်လည်းရမှာမဟုတ်ဘူး။ ချတာနဲ့ ကြားတာနဲ့က တူတူလောက်ဆို တော့လေ။ မနေ့ည (၁၇ ရက်ည) ကလည်း ၁၂ လောက် ကျမတို့ခေါင်းပေါ်ကနေ ဝဲနေတာ၊ လေထီးကနေ ချတော့မလား ချတော့မလားဆိုပြီး ချောင်းဦးနယ်ဘက်ကို။ လေယာဉ်က ရှစ်နာရီခွဲ လောက်ကို နှစ်ကြိမ်ကြဲသွားတယ်။ ပါရာမော်တာကကျတော့ ၁၂လောက်ကတစ်ကြိမ် ကြဲသွားတယ်။ အခုချိန်ထိကိုပဲ လေကြောင်းက ခဏတိုင်းလာနေတာပဲ။
မေး။ ။ ချောင်းဦးဘက်မှာ ဒေသတွင်းလေကြောင်းလုံခြုံရေး အချက်ပြတာမျိုး၊ ပညာပေး ဆောင်ရွက်တာမျိုးကိုရော ဒေသတွင်းမှာလုပ်ဆောင်တာ ရှိပါလား။
ဖြေ။ ။ လေကြောင်းနဲ့ပတ်သက်တာက NUG အနေနဲ့ရော၊ သပိတ်အဖွဲ့တွေအနေနဲ့ရော လုပ်တယ်။ ဒါပေမယ့် တနယ်လုံးကိုတော့ အကုန်လုံးကို မလုပ်သေးဘူး။ မလုပ်ဖြစ်သေးဘူးပေါ့နော်။ အခုချောင်းဦးမြို့နယ် တနယ်လုံးက အကုန်လုံးလမ်းတွေလည်း ပိတ်ပြီးတော့ လေကြောင်းကိုပဲ ကြောက်နေရတာဆိုတော့ အခုလောလောဆယ် လုံးဝလုပ်လို့မရသေးဘူး။ ပါရာမော်တာဆို သုံးရက် ဆက်တိုက်ဝဲ ဝဲပြီးတော့ သူချချင်တဲ့အချိန် ချတယ်။ မချချင်တဲ့အချိန် ပြန်သွားတယ်။ မုံရွာနဲ့လည်း နီးနေတဲ့အခါကြတော့ ပါရာမော်တာက ဒီနေ့ရောဆို သုံးရက်ဆက်တိုက်ရှိပြီ လာနေတာ။
အဲ့လိုဆိုတော့ ပါရာမော်တာက ဒီရက်ထဲမှဆိုတော့ ပါရာမော်တာအကြောင်းကလည်း အခုမှတက်ပြီး လိုင်းပေါ်ကကြည့်ရတာဆိုတော့ သူတို့ကိုအသိပညာပေးတာတွေ မရှိသေးဘူး။ သပိတ်အဖွဲ့က လုပ်တာကတော့ ဒီလေယာဉ်ဆိုရင် ဘာလေယာဉ်ခေါ်တယ်။ ဘယ်လောက်ဆံ့တယ်၊ ဘယ်လောက် ဗုံးကြဲနိုင်တယ်။ ပျံသန်းနိုင်အား ဘယ်လောက်ရှိတယ် သူတို့ဝဲတာဆိုရင် ဘယ်အချိန် အတိုင်းအတာ အထိဝဲနိုင်တယ်၊ အဲ့ဒါဆိုရင် ဘယ်လိုနေရမယ်။ ဗုံးခိုကျင်းဆိုရင်လည်း ဘယ်လိုနေရမယ်၊ တကယ်လို့ ဗုံးခိုကျင်းထဲထိ မရောက်နိုင်ဘူးဆိုရင် ကိုယ်ကတဆင့်ထပ်နိမ်တဲ့နေရာမှာ ဝပ်နေရမယ်။ လေယာဉ်ရဲ့ ပုံစံတွေရော၊ လက်နက်ကြီးဆိုရင်လည်း လက်နက်ကြီးရဲ့ ပုံစံတွေရော အကုန်လုံး ပရိုဂျက်တာနဲ့ ထိုးပြီးတော့ပြတာ။

မေး။ ။ မုံရွာ-မန္တလေးလမ်းနဲ့ ချောင်းဦးမြို့နယ်၊ ချောင်းဦး-ပခုက္ကူလမ်းကိုလည်း ချောင်းဦးပြည်သူ့ ကာကွယ်ရေးအဖွဲ့က ပိတ်ထားတယ်လို့ ကြေညာထားတော့ လက်ရှိအခြေအနေမှာ စစ်ရေး ဖော်ဆောင်မှုတွေကရော ဘယ်လိုရှိနေလဲ၊ သိရပါလား။
ဖြေ။ ။ စစ်ရေးဖော်ဆောင်မှုအခြေအနေက လက်ရှိတော့ ကင်မွန်းတော် – ပျူရွာကို စခန်းသိမ်း သဘောမျိုး လုပ်နေတာတော့ရှိတယ်။ မနေ့ကလည်း သူတို့ (စကစ) ဘက်က စစ်ကြောင်းတွေ ထိုးတာတွေ ရှိတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ပစ်တော့ မနေ့က ၅ နာရီ ၆ နာရီလောက် အချိန်မှာ လက်နက်ကြီးတွေ ကျပြီးတော့ တောကျောင်းလေးရွာက အမျိုးသမီးတစ်ယောက် ဆုံးသေးတယ်။ စခန်းသိမ်း တိုက်ပွဲဖော်ဆောင်တော့ သူတို့ (စကစ) ဘက်ကလည်း စစ်ကြောင်းတွေ ထိုးတာပေါ့။ မုံရွာဘက်ကနေလာတဲ့ စစ်ကြောင်းတွေကလည်း ကျီကုန်း၊ အင်းမ၊ အင်းမကနေ ပြီးတော့ အခုပြောတဲ့ ကင်မွန်းတော်ရွာ (ပျူရွာ) ကို လာတယ်။
ချောင်းဦးဘက်ကလည်း စစ်ကြောင်းထွက်တယ်။ အဲ့ဒီစစ်ကြောင်းကတော့ ပြန်ဆုတ်သွားတယ် လို့ကြားတယ်။ စစ်ရေးအခြေအနေကတော့ အခုချိန်ထိ တင်းမာဆဲပဲ။ ဒီဘက်(တော်လှန်ရေးတပ်ဖွဲ့) ကလည်း အခုချိန်ထိရှိနေတယ်။ သူတို့ဘက်ကလည်း စစ်ကြောင်းထိုးတာတွေ ဘာတွေရှိလာတဲ့ အခါကြတော့ လမ်းတွေဘာတွေ ပိတ်ထားတာနေမှာပေါ့။ ရွာတွေမီးရှို့တာကတော့ ကျီကုန်းဘက်မှာ ကြားလိုက်တယ်။ မီးတွေရှို့နေပြီဆိုပြီး ပြည်သူတွေပြေးလာတာ မုံရွာမြို့နယ်ကရော ချောင်းဦး မြို့နယ်ကရော ပြည်သူတွေစစ်ရှောင်နေရတာ အများကြီးရှိတယ်။
မေး။ ။ စစ်ဘေးရှောင်တွေလည်းရှိတယ်ဆိုတော့ မုံရွာ-ချောင်းဦးတလျောက် စစ်ဘေးရှောင်တွေ လက်ရှိအခြေအနေကရော ဘယ်လိုမျိုးရှိနေပါလဲ။
ဖြေ။ ။ စစ်ရှောင်တွေကတော့ များသောအားဖြင့် ဘုန်းကြီးကျောင်းတွေမှာ ရှောင်ကြတာ များတယ်။ အခု ဘုန်းကြီးကျောင်းတိုင်း ကျောင်းတိုင်းမှာ စစ်ရှောင်တွေအနည်းနဲ့အများရှိတယ်။ တချို့ဘုန်းကြီးကျောင်းမှာဆို ၂၅၀ – ၃၀၀၊ အနည်းဆုံးဘုန်းကြီးကျောင်းက လူဦးရေ ၇၀ လောက် ရှိတယ်။ အဲ့နေ့ကဆိုရင် ကျီကုန်းဘက်ကနေမရှောင်သေးဘဲ အမြင့်နဲ့ညောင်ဖြူပင်ကြားမှာဆို စစ်ရှောင်တွေ အများကြီးပဲ။ အဲ့ဒီကနေမှ တလက်ကြီးတို့ ကင်ပွန်းချောင်တွေဘက်ကရှောင်တဲ့ ဟာတွေကျ မလုံးတင်တို့၊ မထိသာတို့ အဲ့ဘက်မှာလည်း အများကြီးစစ်ရှောင်တွေက။ စစ်ဘေးရှောင် တွေက အဲ့ဘက်ကပြည်သူတွေလည်းရှိသလို ဒီဘက်ကပြည်သူတွေလည်း အများကြီးပဲ။

မေး။ ။ စစ်ရှောင်နေရသူတွေရဲ့ ကျန်းမာရေးနဲ့စားဝတ်နေရေး အခြေအနေတွေမှာရော ဘယ်လိုမျိုး ကြုံတွေ့ရတာတွေရှိပါလဲ။
ဖြေ။ ။ စားဝတ်နေရေးကတော့ ဘုန်းကြီးတွေကတော့ ရှိတာတွေ ကျွေးတယ်။ နောက်ပိုင်းကြ တောင့်မခံနိုင်တဲ့ဟာမျိုးမှာကြ ကိုယ့်ဟာကိုယ်ချက်စားရတာမျိုးပေါ့။ တချို့ဘုန်းကြီးကျောင်းတွေက ကိုယ့်ဘာကိုချက်စားရတယ်။ တချို့ဘုန်းကြီးကျောင်းတွေကြ ဘုန်းကြီးကကျွေးတာမျိုးလည်း ရှိတယ်။ ဒီ NGO အဖွဲ့အစည်းကနေပြီးတော့ သူတို့တတ်နိုင်တဲ့ဘက်က ကူညီတာတွေလည်း ဆန်တို့၊ ဆီတို့ လာဝေတာတွေလည်းရှိတယ်။
ကျန်းမာရေးနဲ့ပတ်သက်လို့ကတော့ ဆေးခန်းလေးတွေဘာတွေ လာဖွင့်ပေးတာမျိုး မတွေ့သေး ဘူးရှင့်။ ကျန်းမာရေးနဲ့ပတ်သက်ရင်လည်း လူအများကြီးနဲ့နေတဲ့အခါတော့ ဟိုတနေ့ကလို ဆိုရင်လည်း ဘုန်းကြီးတပါးဝမ်းလျောလို့ဆိုပြီး ဘယ်ဆေးခန်းဖွင့်လဲ၊ ဘယ်ဆေးရုံရှိလဲဆိုပြီး ပြောနေ ကြတယ်။ လေယာဉ်ကြဲပြီးနောက်နေ့ ဆေးရုံမှာလည်း ခြေထောက်ပြတ်တဲ့ဟာတွေ၊ ပါးတွေ ပေါက်တဲ့ဟာတွေ ခြေထောက်ဖြတ်ရမယ့်ဟာမျိုးတွေ အများကြီးရှိတယ်။ လေကြောင်းတိုက်ခိုက် ခံရမှုကြောင့် ဖြစ်တာတွေပေါ့။
သူတို့ကတော့ ဆေးဝါးကုသမှုအတွက် အများကြီးအခက်အခဲရှိတယ်။ စစ်ဘေးရှောင်တွေရှိတဲ့ ဆီကိုလည်း လာမကုနိုင်သလို ဆေးရုံအနေနဲ့ကြတော့လည်း သူတို့မှာဆေးဖိုးဝါးခတွေ မတတ်နိုင် ကြတော့ လောလောဆယ်ဆေးရုံကလည်း စိုက်ကုထားတာကြောင့် ဆေးရုံမှာလည်း လိုအပ်ချက် ရှိသလို ပြည်သူတွေမှာလည်း လိုအပ်ချက်ရှိနေတယ်။ လိုအပ်ချက်ကတော့ စစ်ဘေးရှောင်တွေမှာ ဆေးဝါးလိုအပ်ချက်ရယ်၊ ဆေးဝါးကုသစားရိတ် ဒါမှမဟုတ် ဆေးဝါးလေးထောက်ပံ့ပေးနိုင်မယ် ဆိုရင်တော့ ဒါအကောင်းဆုံးပေါ့။
မေး။ ။ ဖြည့်စွက်ပြောချင်တာများရှိပါသေးလား။
ဖြေ။ ။ စစ်ဘေးရှောင်တွေမှာလည်း ဆေးခန်းလေးတွေ လိုက်ဖွင့်ပေးနိုင်ရင် ပိုပြီးအဆင်ပြေတယ်။ ဘာလို့လဲဆိုတော့ အခုချိန်ခါမျိုးမှာ ဘယ်နေရာပဲသွားသွား စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကလည်း ပိုပြီးများလာတယ်။ အစကထက် စာရင်ပေါ့။ အစကဆိုရင် စစ်ဘေးရှောင်စခန်းတွေမှာ သွားပြီးတော့ ဆီလေးတွေ ဆန်လေးတွေဝေမယ်ဆိုရင် ကျမတို့ကအရေးမကြီးဘူး၊ ကလေးတွေနဲ့ ဒီတိုက်ပွဲပဲလှူပါ၊ လှူပါဆိုပြီးတော့ အဲ့လိုပြောခဲ့တာပေါ့နော်။ အခုချိန်ကာလကြတော့ ဘယ်လိုဖြစ်လာလဲဆိုတော့ သူတို့တွေက ရှောင်ရတိမ်းရတာက သိပ်ပြီးအဆင်မပြေတော့ဘူးပေါ့နော်။ ဆန်ဆီဝေတယ်ဆိုရင် လည်း ဝေသလောက်ကိုသူတို့မှာဝမ်းသာနေတယ်။
အဲ့လိုမျိုး ဆေးဝါးကုသပေးမယ်ဆိုရင် လည်း ပြေးတာလွှားတာတွေကြောင့် လူကြီးတွေအနေနဲ့ အအေးပတ်တာတွေရော ကလေးတွေ အနေနဲ့ရောပေါ့။ တချို့ကလေးတွေ (စစ်ဘေးရှောင်) ဆိုရင် ကိုယ့်အိမ်ကိုဆို မနက်ခင်းအစောကြီး ထမင်းစားနေကြ ကလေးတွေဆိုသနားစရာ။ ဘယ်လိုတုန်း ဆိုတော့ မနက်ခင်းအစောကြီးဆိုရင် “အင်း…ဗိုက်ဆာလိုက်တာ၊ ပြီးတဲ့အခါကြတော့ အင်း..မဟုတ်ပါဘူး မဆာပါဘူး” ဆိုပြီး အဲ့ဒီလိုမျိုးလေးတွေ ကြားရတဲ့အခါတော့ သနားတာပေါ့လေ။ ဘယ်လိုပြောရမလဲ ကုန်စျေးနှုန်းကလည်းတက် ဟင်းစားရှာဖို့ဆို ဆိုင်ကယ်ဆိုလည်း ဆီတသောင်း ဖိုးလောက်မှမထည့်ရင် ကိုယ်လိုတဲ့ခရီး မရောက်နိုင်ဘူးဆိုတော့ ဒီကာလမှာ ပိုက်ဆံတစ်သောင်းရှာဖို့ ဆိုတာကလည်း တောင်သူတွေအနေနဲ့ဆိုတော့လည်း မလွယ်ဘူးပြောရမှာပေါ့။
တောင်သူတွေအနေနဲ့လည်း မြေယာတွေလုပ်မစားနိုင်၊ အလုပ်သမားတွေကလည်း မခေါ်တဲ့အခါ ကြတော့ အဲ့ဒီလိုမျိုး စစ်ဘေးရှောင်သွားတယ်ဆိုရင် ကိုယ့်အိတ်ထဲမှာ ပိုက်ဆံပါနိုင်မှလည်း အဆင်ပြေမယ်။ စားဖို့ကလည်း ဘုန်းကြီးကျောင်းကျွေးတယ်၊ ဒီကျောင်းကျွေးတယ်ဆို ဒီကျောင်းကို ပြုံလာတဲ့အခါကြတော့ ကျောင်းမှာပဲ ၂၀၀-၃၀၀ များတယ်။ မနက်ခင်းပိုင်း အစာမကျွေးနိုင်ဘူးဆို ကလေးတွေအနေနဲ့ ဗိုက်ဆာတာတောင် ဟယ်မဆာပါဘူးဆိုတော့ စိတ်ကမကောင်းဘူး။ လုပ်သလို မဖြစ်တော့ ဖြစ်သလိုပဲလုပ်နေရတယ်။ အရင်တုန်းက ဆန်တွေဆီတွေဝေမယ်ဆိုလည်း သူတို့ အတွက် အရေးမကြီးဘူး၊ တော်လှန်ရေးမိသားစုက အရေးကြီးတယ်ဆိုပြီး နေကြတာလေ။ ဆေးရုံ၊ ဆေးခန်း ဖွင့်ပေးမယ်ဆိုလည်းကောင်းတယ်။ ဒဏ်ရာကြီးကြီးရတဲ့သူတွေကို ဆေးရုံစားရိတ် ထောက်ပံ့ပေးတာလည်း ကောင်းတယ်။ အဲ့ဒီဆေးရုံကိုသွားပြီး ထောက်ပံ့တာပဲဖြစ်ဖြစ် အဲ့ဒီလိုမျိုး ဆိုရင် ပိုပြီးအဆင်ပြေပါတယ်။
ရှမ်းနီအသံ ပေးပို့သည်။
