4 ဇွန် 2026 /

See today's Peace Related News

Homeအင်တာဗျူး“.....အင်တာနက်လိုင်းအသုံးပြုမရလို့ နစ်နာနေရတဲ့လူတွေက တော်တော်များများရှိတယ်။ အဲဒါကြောင့် ဖုန်းလိုင်း မရသေးတဲ့၊ အင်တာနက်မရသေးတဲ့နေရာမျိုးမှာ အစိုးရက ငွေလွှဲငွေထုတ် အဆင်ပြေအောင်လုပ်ပေးမယ်ဆိုရင် တော့ ပိုပြီးတော့ကောင်းမယ်လို့...

“…..အင်တာနက်လိုင်းအသုံးပြုမရလို့ နစ်နာနေရတဲ့လူတွေက တော်တော်များများရှိတယ်။ အဲဒါကြောင့် ဖုန်းလိုင်း မရသေးတဲ့၊ အင်တာနက်မရသေးတဲ့နေရာမျိုးမှာ အစိုးရက ငွေလွှဲငွေထုတ် အဆင်ပြေအောင်လုပ်ပေးမယ်ဆိုရင် တော့ ပိုပြီးတော့ကောင်းမယ်လို့ အကြံပြုချင်တယ်” တောင်ကုတ်မြို့ခံပရဟိတစေတနာ့ဝန်ထမ်း ကိုညီလင်းဇော်

AA နှင့် ဒေသခံများ ကြိုးပမ်းဆောင်ရွက်နေသည့် တောင်ကုတ်မြို့ပြန်လည်ထူထောင်ရေး အခြေအနေများနှင့် ပက်သက်ပြီး တောင်ကုတ်မြို့ခံ ပရဟိတစေတနာ့ဝန်ထမ်း ကိုညီလင်းဇော်နှင့် ဆက်သွယ်မေးမြန်းချက်။

ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ စကခ (၅) ဌာနချုပ်ရှိရာ တောင်ကုတ်မြို့ကို အာရက္ခတပ်တော် (AA) က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိတွင် ULA/ AA က အုပ်ချုပ်ရေးယန္တယားတည်ဆောက်၍ တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေးကို အကောင်အထည်ဖော်ရန် ဒေသခံများနှင့်အတူ ဆောင်ရွက်လျက်ရှိသည်။

တောင်ကုတ်မြို့ရှိ ULA/ AA ၏ အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးကဏ္ဍများအပါအဝင် ဒေသခံတို့၏ လက်ရှိအခြေအနေများနှင့် ပက်သက်ပြီး တောင်ကုတ်မြို့ခံ ပရဟိတစေတနာ့ဝန်ထမ်း ကိုညီလင်းဇော်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ တိုက်ပွဲကာလအတွင်း တောင်ကုတ်မြို့မှာ ပျက်စီးထိခိုက်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး ဦးစွာ ပြောပြပေးပါဦး။

ဖြေ။ ။ ၂၀၂၄ နိုဝင်ဘာ ၃ ရက်ကစပြီးတော့ ဒီဇင်ဘာ ၁၃ ရက်အထိ စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်မှုအကြိမ်အရေအတွက်က ၂၁၃ ကြိမ်အထိ ရှိခဲ့ပါတယ်။ အဲတချက်တည်းနဲ့ကို မြို့ပျက်စီးမှုပမာဏကို ခန့်မှန်းလို့ရမယ် ထင်ပါတယ်။ ဆုံးရှုံးသွားတဲ့တန်ဖိုးပမာဏကိုကြတော့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ ကနေ စာရင်းထုတ်ပြန်မှ သိရနိုင်ပါမယ်။

မြေပြင်အနေအထားက တိုက်ပွဲကာလထဲမှာ တပ်တော် (AA) ကနေပြီး မြို့ပြင်ထွက်ဖို့ပြောတာကို ပေါ့လျော့ပြီး တွယ်ကပ်နေထိုင်တဲ့ ပြည်သူတွေရှိတဲ့အတွက် လေကြောင်းအန္တရာယ်ကြောင့် အရပ်သားထိခိုက်မှုတွေတော့ ရှိခဲ့ပါတယ်။ ပိတ်မိနေတဲ့လူတွေကိုကြတော့ ကျနော်တို့မြေပြင်ကလူတွေနဲ့ အုပ်ချုပ်ရေးပိုင်းကလူတွေပေါင်းပြီး ကယ်တင်ဆွဲထုတ်လို့ ကုသပေးခဲ့ရတာလည်းရှိပါတယ်။ ဒဏ်ရာရတဲ့လူတွေကိုကြတော့ နေရာဒေသဖော်ပြလို့ မရတဲ့နေရာတွေမှာ တပ်တော်က ဆေးကုသပေးခဲ့တာရှိပါတယ်။ စစ်ဘေးရှောင်တွေကိုတော့ အစိုးရ (ULA/AA) က ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့တွေပေါင်းပြီး ထောက်ပံ့ခဲ့တာတွေရှိပါတယ်။

မေး။ ။ လက်ရှိ တောင်ကုတ်မြို့ခံတွေရဲ့ အခြေအနေကိုလည်း သိပါရစေ။

ဖြေ။ ။ တောင်ကုတ်မြို့ခံတချို့တဝက်ကတော့ ဝင်ပြီးနေထိုင်တာတွေရှိပါတယ်။ အခြေအနေတွေက ပြန်လည် ထူထောင်ရေးကာလဖြစ်တာကြောင့် အခက်အခဲတွေရှိတာပေါ့။ တချို့လူတွေကြတော့ လေကြောင်းအန္တရာယ်ကို ကြောက်တဲ့အတွက် မနေဝံ့ဘဲ အခြေအနေကိုစောင့်ကြည့်တဲ့လူတွေရှိသလို ပြည်မနဲ့အဝေးတနေရာကို ရောက်နေတဲ့လူတွေလည်း ရှိတယ်။ အဲဒီလူတွေကတော့ ရခိုင်ပြည်အေးချမ်းတည်ငြိမ်ချိန်မှ ပြန်လာမယ်ဆိုပြီး စောင့်နေကြတာပေါ့။

မေး။ ။ တောင်ကုတ်မြို့ ပြန်လည်ထူထောင်ရေးက ဘယ်လိုအခြေအနေရှိနေပြီလဲ။

ဖြေ။ ။ အခုပြန်လည်ထူထောင်ရေးကာလမှာတော့ အခက်အခဲတွေကအများကြီးရှိတယ်။ ဒီစိန်ခေါ်မှုတွေကို ကောင်းကောင်းမွန်မွန်နဲ့တောင့်ခံနိုင်မယ်ဆိုရင်တော့ မကြာတဲ့အချိန်တခုမှာ ပြန်ပြီးလည်ပတ်သွားနိုင်မယ်လို့ ယုံကြည်ရပါတယ်။ ဒီမှာရှိတဲ့ပုဂ္ဂိုလ်တွေလည်း တစိုက်မတ်မတ်လုပ်နေကြတာကို မျက်မြင်ထင်ရှားတွေ့နေရတာ ရှိပါတယ်။

အခု ခြောက်လပိုင်း (ဇွန်လ) မတိုင်ခင်မှာတော့ အမှိုက်ခွန်ကို စပြီးတော့ဆောင်ရတယ်ပေါ့နော်။ အမှိုက်ကား ကလည်း မြို့သန့်ရှင်းရေးကိုအဓိကထားပြီး စည်ပင်ကလုပ်ပေးနေတာဖြစ်တဲ့အတွက် တနေ့ကိုနှစ်ကြိမ်လောက် တော့ ကားထွက်ပြီးလုပ်ပေးနေတာရှိတယ်။ လုံခြုံရေးနဲ့ပတ်သက်လို့ရှိရင်တော့ တောင်ကုတ်မြို့အနေနဲ့ ဒီလပ် (Dleps) တွေ ပြည့်ပြည့်စုံစုံ မရောက်သေးတာဖြစ်တဲ့အတွက် သူခိုးအန္တရယ်တခုတော့ရှိတယ်။ ရပ်ကွက်ရုံးတွေ ကလည်း ညနေ ၅ နာရီလောက်ဆိုပိတ်တော့ အမှုအခင်းတစုံတရာဖြစ်ရင် ဆက်သွယ်ရေးလိုင်းတွေလည်း မရှိတဲ့ အတွက် တိုင်တန်းရတာတွေအခက်အခဲတော့ရှိတယ်။

မေး။ ။ တောင်ကုတ်မြို့ ပြန်လည်တည်ဆောက်ရေးနဲ့ပတ်သက်လို့ ဘာများပြောချင်ပါလဲ။

ဖြေ။ ။ ပွင့်ပွင့်လင်းလင်း ပြောစရာတစ်ချက်ပဲရှိတယ်။ အဲဒါ ဘာလဲဆိုတော့ ပြည်တွင်း၊ ပြည်ပရောက်ရှိနေတဲ့ အာရက္ခပြည်သူတွေအနေနဲ့ ဗိုလ်ချုပ်နဲ့တကွခေါင်းဆောင်တွေအကုန်လုံးကို ပြည့်ပြည့်ဝဝယုံကြည်ဖို့ လိုအပ်တယ် ဆိုတဲ့တစ်ချက်ပါပဲ။ အဲဒီအချက်ကို ခိုင်ခိုင်မာမာနဲ့ထားရှိမယ်ဆိုရင်တော့ အချိန်တိုအတွင်းမှာ အကုန်လုံး အဆင်ပြေသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။

မေး။ ။ တောင်ကုတ်ဒေသခံတွေရဲ့ စားဝတ်နေရေးအခြေအနေရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ အဲဒါကိုဖြေမယ်ဆိုရင် အဓိကအကျဆုံး တစ်ချက်ပဲရှိတယ်။ ဘာလဲဆိုတော့ ဒီကနေ နိုင်ငံရပ်ခြားကို ရောက်နေတဲ့ ညီကိုမောင်နှမတွေ ရှိတယ်။ ပြီးတော့ သားသမီးတွေရှိတယ်။ လင်ယောင်္ကျားတွေ ရှိတယ်။ အဲလိုလူတွေကို မှီခိုအားထားနေရတဲ့မိသားစုတွေအနေနဲ့ ပထမဦးဆုံးကြုံရတဲ့အခက်အခဲက တစ်ဘက်နိုင်ငံက လွှဲတဲ့ငွေကြေးကို သွားရောက်ထုတ်ယူရတဲ့အခါ အခက်အခဲကြုံနေရတာရှိတယ်။ ဥပမာ- ဒီဘက် ရခိုင်တောင်ပိုင်း ဒေသလို့ပဲပြောလိုက်ပါမယ်။ အဲဘက်ကလူတွေကြတော့ လိုင်းရတဲ့နေရာကို တော်တော်အဝေးကြီးကိုသွားပြီး ထုတ်ယူရတယ်။

လမ်းခရီးစရိတ်ကိုက တခါသွားရင်တစ်သိန်းခွဲ၊ နှစ်သိန်းလောက်မှာရှိတယ်။ အဲတော့ ဟိုကလွှဲလိုက်တဲ့ငွေက သုံးသိန်းလောက်ရှိမယ်။ ဒီမှာ သွားစရိတ်၊လာစရိတ်က နှစ်သိန်းလောက်ရှိတဲ့အခြေအနေဆိုတော့ အဲလိုမျိုး အင်တာနက်လိုင်းအသုံးပြုမရလို့ နစ်နာနေရတဲ့လူတွေက တော်တော်များများရှိတယ်။ အဲဒါကြောင့် ဖုန်းလိုင်း မရသေးတဲ့၊ အင်တာနက်မရသေးတဲ့နေရာမျိုးမှာ အစိုးရက ငွေလွှဲငွေထုတ်အဆင်ပြေအောင် လုပ်ပေးမယ်ဆိုရင် တော့ ပိုပြီးတော့ကောင်းမယ်လို့အကြံပြုချင်တယ်။

မေး။ ။ တောင်ကုတ်စစ်ဘေးရှောင်တွေရဲ့ အခြေအနေကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ စစ်ဘေးရှောင်တွေကတော့ ရှိတာတော့ရှိတယ်။ ဒါပေမဲ့ အနည်းအကျဉ်းလောက်ပဲကျန်တော့တယ်။ ဘာလို့လဲဆိုတော့ အာရက္ခတပ်တော်ကနေပြီး ကန့်သတ်ပိတ်ပင်ထားတဲ့အချိန်ထိကို မြို့ကိုပြန်ပြီးဝင်ခွင့်ရမလား မေးမြန်းတာတွေလည်း အများကြီးရှိပါတယ်။ လက်ရှိ စစ်ဘေးရှောင်အရေးကို ထည့်ပြီးတော့ပြောရမယ်ဆိုရင် မြို့တဝက်ကျော်လောက်ရှိတယ်။ ပြီးတော့ အိမ်တွေပါသွားတဲ့လူတွေကြတော့ တပ်တော်ကနေ ယာယီကဏ္ဍ သဘောပုံစံမျိုးနဲ့ ခေတ္တစီစဉ်ပေးထားတာတွေလည်းရှိတယ်။

မေး။ ။ မိုးတွင်းကာလနဲ့ တောင်ကုတ်ဒေသခံတွေရဲ့ အခြေအနေကိုလည်း သိပါရစေ။

ဖြေ။ ။ အတတ်နိုင်ဆုံးတော့ ဒီက မြို့ကလူတွေ ပြုစုစောင့်ရှောက်ထားတာတော့ရှိတယ်။ ပြီးတော့ ကျန်းမာရေးကိစ္စနဲ့ဆိုရင် အစိုးရကဖွင့်ပေးထားတဲ့ ကျန်းမာရေးဌာနတွေရှိတယ်။ ပြည်သူတွေ ဈေးနှုန်း သက်သက်သာသာနဲ့ ဝယ်လို့ရအောင်ဆိုပြီး သက်သာဈေးဆိုင်တွေ ဖွင့်ပေးထားတာရှိတယ်။ ကျန်းမာရေး ကဏ္ဍမှာတော့ အဆင်ပြေပြေနဲ့ကို လည်ပတ်နေပါတယ်။

တခုက ART ဆေးသောက်နေရတဲ့လူတွေကြတော့ ဆေးပြတ်လပ်တဲ့ဝေဒနာကိုခံစားနေရတာရှိလို့ ခုနောက်ပိုင်း မှာ ရောဂါရဲ့ဆိုးကျိုးတွေပေါ့။ နောက်ဆုံးအဆင့်ရောက်တဲ့ ပုံစံမျိုးအခြေအနေမှာ ရောဂါဝေဒနာ အလူးအလဲ ခံနေရတာရှိတယ်။ ပြီးတော့ TB ဆေး ပြတ်လပ်တာမျိုးတွေရှိတယ်။ ဒီမိုးတွင်းက မူလကတည်းက ကုန်စည် ပြတ်လပ်တာတွေရှိတယ်။ ဒါပေမဲ့ ဒီ ၂၀၂၃ နဲ့ ၂၀၂၅ ကြားကာလမှာ အဆင်ပြေတဲ့နေရာကနေ သယ်ယူပို့ဆောင် တာတွေရှိပေမယ့် လိုအပ်ချက်နည်းနည်းရှိလို့ ကုန်းဈေးနှုန်းကတော့ တက်လာမယ်လို့ထင်တယ်။

မေး။ ။ ဖြည့်စွက်ပြီး ဘာများပြောချင်တာရှိပါလဲ။

ဖြေ။ ။ အစိုးရနဲ့ ပြည်သူနားလည်မှုလွဲမှားတာတွေ ပြီးတော့ အဲလိုတိမ်းစောင်းမှုတွေမရှိရအောင် အရပ်ဘက် ဆိုင်ရာဟောပြောပွဲတွေ လုပ်ပေးသင့်တယ်လို့မြင်တယ်။ ဆက်သွယ်ရေးတွေမရှိသေးတဲ့ ဒီအချိန်ကာလမှာ ဗိုလ်ချုပ်ပြောထားခဲ့သလို အာဏာအလွဲသုံးစားလုပ်တဲ့လူတွေ၊ အာဏာပြတဲ့လူတွေရှိလာရင် ဒါမှမဟုတ် မကျေနပ်ချက် တစုံတရာရှိလာရင်ပဲဖြစ်ဖြစ် အသိပေးတိုင်တန်းလို့ရမယ့်စနစ်မျိုးတွေ၊ ဥပမာ အကြံပြု၊ စာပို့လို့ရတဲ့စနစ်တွေ အဲလိုမျိုးပြည်သူအတွက် ဖော်ဆောင်ပေးမယ်ဆိုရင်တော့ အစိုးရနဲ့ပြည်သူ အခုလိုမျိုး အချေအတင် မေးခွန်းတွေထုတ်နေတဲ့ကိစ္စမျိုးတွေ လျော့ကျသွားမယ်လို့မြင်ပါတယ်။

မေး။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အောင်ထိန် (DMG) ပေးပို့သည်။