တပ်ဘက်နှင့်ရဲဘက် CDM များအား NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းချိတ်ဆက်ပြီး အကူအညီ ပေးနေသည့် ပြည်သူ့ရင်ခွင်-People’s Embrace အဖွဲ့မှတာဝန်ရှိသူ JOY နှင့် ဆက်သွယ်မေးမြန်းချက်။
တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စစ်ကောင်စီလက်အောက်မှစွန့်ခွာ၍ ပြည်သူနှင့်ပူးပေါင်းလာကြသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်စုစုပေါင်း ၁ သောင်း ၄ ထောင်ကျော် ရှိနေကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ချက်များအရ သိရသည်။
အထူးသဖြင့် ရှမ်းမြောက်တော်လှန်ရေးအင်အားစုများ၏ ၁၀၂၇ စစ်ဆင်ရေးနှင့် ကရင်နီတော်လှန်ရေး တပ်ဖွဲ့များ၏ ၁၁၁၁ စစ်ဆင်ရေးအတွင်း တပ်ရင်းအလိုက်ဖြစ်စေ တစ်ဦးချင်းဖြစ်စေ ပြည်သူ့ဘက်ပြောင်း ခိုလှုံလာသူ အများအပြား ရှိနေကြောင်း တွေ့ရသည်။
အဆိုပါ ပြည်သူဘက်ပြောင်းခိုလှုံလာသူများနှင့်ပတ်သက်ပြီး ၎င်းတို့၏ လက်ရှိရပ်တည်နေထိုင်မှုများ၊ တော်လှန်ရေးတွင်ပူးပေါင်းပါဝင်နေမှုများ၊ စစ်ကောင်စီအပေါ်ထားရှိသော သဘောထားများကိုသိရှိနိုင်ရန် တပ်ဘက်နှင့်ရဲဘက် CDM များအား NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းချိတ်ဆက်ပြီး အကူအညီ ပေးနေသည့် ပြည်သူ့ရင်ခွင်-People’s Embrace အဖွဲ့မှ တာဝန်ရှိသူ JOY နှင့် ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ နှစ်အလိုက်ယှဉ်ရင် ခိုလှုံသူအရေအတွက်က နည်းလာသလား၊ များလာသလား။ ပြီးတော့ အရေအတွက်ပေါ်မူတည်ပြီး ကြည့်မယ်ဆိုရင်ရော တော်လှန်ရေးအတွက် ကောင်းတဲ့ရှုထောင့်ပါလား သုံးသပ်ပေးပါဦး။
ဖြေ။ ။ အာဏာသိမ်းခါစကတော့ အများကြီးထွက်လာကြတယ်၊ နောက်ပိုင်းကတော့ ပုံမှန်လေးပေါ့။ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းကျမှ စစ်တပ်ကနေထွက်လာတဲ့သူ အရမ်းများလာတာ။ ဌာနတစ်ခုအနေနဲ့ဖြစ်ဖြစ် အဖွဲ့အစည်းတစ်ခုအနေနဲ့ ဖြစ်ဖြစ်ကြည့်ရင် သောင်းနဲ့ချီရှိတဲ့ ဝန်ထမ်းလျော့ဖို့မဆိုထားနဲ့ တစ်ယောက် လျော့သွားရင်တောင် အများကြီးလစ်လပ်သွားတယ်။ ဒီပမာဏကို ပြန်ပြီးအစားထိုးဖို့က စစ်တပ် အနေနဲ့ အင်မတန်ခက်ခဲတယ်။ ဒီလောက်အရေအတွက်ရှိလာတာက ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတဲ့အချက်ဖြစ်တယ်။ အင်မတန်အထောက်အကူဖြစ်တဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။
မေး။ ။ EAO ကနေတဆင့် ဘက်ပြောင်းခိုလှုံလာသူတွေကိုရော ပြည်သူ့ရင်ခွင်ကနေ ဘယ်လိုချိတ်ဆက် ဆောင်ရွက်ပေးနေပါလဲ။EAO လို့ဆိုရာမှာ ဘယ်တိုင်းရင်းသားလက်နက်ကိုင်ဆီကနေ တဆင့် အလင်းဝင်လာတာ အများဆုံးလို့ ပြောလို့ရလဲဆိုတာ ပြောပြပေးပါရှင့်။
ဖြေ။ ။ EAO တွေဆီပဲ CDM ဝင်ဝင် ကျနော်တို့ဆီပဲဝင်ဝင် အကုန်လုံးကို ကျနော်တို့က CDM စာရင်းသွင်း၊ အတည်ပြုပြီး CODE တွေ ထုတ်ပေးနေတယ်၊ လိုအပ်တာကူညီပေးနေတယ်။ စားဝတ်နေရေးကအစပေါ့။ သူတို့တွေ အသက်အန္တရာယ်ကင်းကင်းနဲ့ လှုပ်ရှားသွားလာနိုင်ပြီး နေရေးထိုင်ရေးအတွက် ကျနော်တို့က တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အကူအညီကို ယူရတယ်။ အများဆုံး နယ်မြေအနေအထားအရ ပြောရရင် KNUနဲ့ KIA နယ်မြေကနေ CDM ဝင်လာတာ များပါတယ်။ အခုအချိန်ကတော့ တစ်နိုင်ငံလုံးအနေအထားနဲ့ကို ထွက်နေကြတာ။ အခြားတိုင်းရင်းသားနယ်မြေတွေမှာလဲ များတယ်။
မေး။ ။ ဒီခိုလှုံသူတွေထဲမှာ တော်လှန်ရေးအတွက် ပြန်ပါဝင်လာသူဘယ်လောက်များလဲ။
ဖြေ။ ။ ကျနော်ကိုယ်တိုင်လည်း ပါဝင်ဆောင်ရွက်နေတာပါ။ ထွက်လာတဲ့သူတွေက စစ်ကောင်စီကိုပြန်ပြီး တော်လှန်မယ်ဆိုတဲ့စိတ်နဲ့ ထွက်လာကြတာ။ ဥပမာ- ၃ ယောက်မှာဆို ၁ ယောက်လောက်က တော်လှန်ရေးထဲ ပြန်ပါလာတာရှိတယ်။ ဒီလို ပြန်ပါဝင်ချင်တဲ့သူတွေကို ကျနော်တို့က ယုံကြည်မှုအရရော သူတို့ရဲ့ အရည်အချင်းအရရော စောင့်ကြည့်လေ့လာပြီးမှ ပြန်ပါဝင်စေတာရှိတယ်။ ရာခိုင်နှုန်းအားဖြင့် ပြောပါဆိုရင်တော့ တိတိကျကျ ပြောဖို့ခက်မယ်။ ဘာလို့လဲဆိုတော့ တပ်ရင်းတပ်ဖွဲ့တွေမှာရော MOD ရဲ့ လက်ရုံးတွေမှာရော CDM တွေက ပြန်ပါဝင်ပြီး အလုပ်လုပ်ပေးနေတာ ရှိနေပါတယ်။ အတိုင်းအတာတစ်ခု အထိတော့ ပြန်တာဝန်ထမ်းဆောင်နေကြပါတယ်။
မေး။ ။ အများအားဖြင့် သူတို့ရဲ့ဘယ်လိုအခြေအနေအပေါ်မူတည်ပြီး ပြည်သူ့ရင်ခွင်က သူတို့ရှေ့ဆက် ရပ်တည်ရေးအတွက် ကူညီပံ့ပိုးပေးလဲဆိုတာ ရှင်းပြပေးနိုင်လား။
ဖြေ။ ။ ခိုလှုံလာတဲ့သူတွေက ပြည်တွင်းထဲမှာဆိုရင်လည်း တပ်ရင်းတပ်ဖွဲ့တွေဆီကနေ လာတာပါသလို EAO တွေဆီကနေ လာတာလည်းပါမယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ သူတို့ဘာသာ ပြည်သူ့ရင်ခွင်ကော်မတီတွေဖွဲ့ပြီး လက်ခံဆောင်ရွက်နေတာရှိတယ်။ ကျနော်ကိုယ်တိုင်ဆိုရင်လည်း ကေအဲန်ယူ တပ်မဟာ(၂) မှာ ခိုလှုံပြီး ကျွေးတဲ့ထမင်းကို စားခဲ့ရတာပဲ။ ပြည်ပကိုထွက်မယ်ဆိုရင်လည်း တချို့ဆိုရင် ခိုလှုံခွင့် လျှောက်တာတွေရှိတော့ NUG အစိုးရကနေထောက်ခံပေးတာတွေ ရှိတယ်။ အစိုးရအနေနဲ့ လစဥ်သူတို့အတွက် ထောက်ပံ့စရိတ်တွေ ထုတ်ပေးတယ်။ အခြား NGO တွေအနေနဲ့ကလည်း သူတို့အတွက် ကနဦးထောက်ပံ့ငွေတွေ ပေးအပ်တာတို့ လက်နက်ပါ ပါလာမယ်ဆိုရင် အမျိုးအစားပေါ်မှာ မူတည်ပြီး သိန်းလေးဆယ်နဲ့သိန်းတစ်ရာအထိကို ဆုချတယ်။ အခြား NGO တွေဖြစ်တဲ့ ပြည်သူ့ပန်းတိုင်တို့လို မေမေ့ရင်ခွင်တို့လိုမျိုး အဖွဲ့အစည်းတွေကလည်း လိုအပ်တာကူညီပေးတယ် CDM လုပ်မယ့်သူတွေအနေနဲ့ စားဝတ်နေရေး၊ လုံခြုံရေး စိတ်ပူစရာမရှိပါဘူး။
မေး။ ။ NUG ရဲ့ MOD နဲ့ရော ပြည်သူ့ရင်ခွင်က ဘယ်လိုချိတ်ဆက်လုပ်ကိုင်ပါလဲ။
ဖြေ။ ။ ပြည်သူ့ရင်ခွင်ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေက အခုအချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် အကောင်အထည်ဖေါ်မှုကော်မတီရဲ့ လမ်းညွှန်မှုအောက်မှာ အပြည့်အဝ ရှိပါတယ်။ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန-MOD ကတော့ ပြည်သူ့ရင်ခွင်လုပ်ငန်းအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းလောက်ကို ဆောင်ရွက်နေတာပါ။ မိခင်ဌာနလို ဖြစ်နေတာပေါ့။ ဒီမှာပါဝင်နေတာကလည်း ကနဦး တည်ထောင်ခဲ့တဲ့ ကိုလင်းထက်အောင်လို CDM အရာရှိစစ်သည်တွေ၊ အရပ်သား တက်ကြွလှုပ်ရှားသူတွေနဲ့ MOD က ဝန်ထမ်းတွေ ပေါင်းစပ်ဖွဲ့စည်းထားတာပါပဲ။
မေး။ ။ ခိုလှုံသူတွေကို လက်ခံဆောင်ရွက်ပေးလာတဲ့တလျှောက် သူတို့ဆီက ကြားရတဲ့သတင်းစကားအရ ကြည့်မယ်ဆိုရင် စကစရဲ့အုပ်ချုပ်ရေးယန္တရားအပါ် သူတို့ရဲ့အမြင်က ဘယ်လိုရှိနေလဲဆိုတာ ပြောပြနိုင်မလားရှင့်။
ဖြေ။ ။ သူတို့တွေအကုန်လုံးရဲ့ ပြောစကားအရဆိုရင် စစ်တပ်က ပြည်သူလူထုအပေါ်မှာမှ မဟုတ်ဘူး၊ သူတို့အချင်းချင်းကြားမှာလည်း နိုင်ထက်စီးနင်းအရမ်းလုပ်တယ်။ ခွဲခြားတာတွေ ဖိနှိပ်ဆက်ဆံတာတွေ၊ ဘာ supporting မှ မရှိဘဲ သေမယ်ဆိုတာ သိသိကြီးနဲ့ သေတွင်းပို့လိုက်တာမျိုးတွေ၊ သေမှာသိသိနဲ့ ဒီအတိုင်း လွှတ်ထားတာတွေ ရှေ့တန်းရောက်နေတဲ့ စစ်သားတွေရဲ့လစာကိုတောင် ထုတ်မပေးဘဲ ဖြတ်စားခံနေရတာမျိုးတွေ၊ အရာရှိတွေက ကိုယ်ထိလက်ရောက်စော်ကားတာမျိုးတွေ စုံနေတာပဲ။ စစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားဆိုတာကလဲ ဟန်ပဲရှိတော့တာ။
၁၀၂၇ စစ်ဆင်ရေးမှာဆိုရင်လည်း တိုက်တဲ့စခန်း အကုန်ရလိုက်တာပဲ။ သူတို့ (စစ်တပ်) မှာ ခံယူချက်တွေ စိတ်ဓာတ်တွေ မရှိတော့ဘူး။ အချို့အနည်းစု စစ်သားစစ်စစ်တွေက သိတယ်၊ သူတို့ကာကွယ်နေတာ ပြည်သူလူထုကိုမဟုတ်ဘူး၊ သူတို့တိုက်ရင်းသေလည်း ပြည်သူလူထုက ဝမ်းသာနေမှာပဲဆိုတာသိတယ်။ အဲဒီတော့ လွန်ဆန်ရဲတဲ့သတ္တိမရှိလို့သာ နေနေရမယ် တကယ်လာတိုက်တော့ ပြေးရင်ပြေး၊ မပြေးရင် သေကြတာပဲ။ စခန်းတွေ ကျတာပဲ။ အကြောက်တရား စိုးမိုးမှုနဲ့ အသိမှားနေတဲ့ စစ်သားအချို့ရှိနေသေးလို့သာ အိပဲ့ပဲ့နဲ့ကျန်နေတာ။
မေး။ ။ အခုဆိုရင် မြို့တွေမှာလည်း စစ်တပ်က ပေါ်တာဆွဲတာတွေ၊ ကျေးရွာတွေမှာ ပျူစောထီးအဖွဲ့က ပြည်သူ့စစ်သင်တန်းပေးပြီး လက်နက်ဆင်ပေးတာတွေ လုပ်နေတာ နေရာတော်တော်များများမှာ တွေ့နေရတယ်ဆိုတော့ ဒီလိုပြန်ဖြည့်တင်းနေတဲ့အင်အားက တော်လှန်ရေးကို ဘယ်လောက်ထိရောက် စေနိုင်မယ်ထင်ပါလဲ။ သုံးသပ်ပေးပါဦး။
ဖြေ။ ။ စစ်တပ်က ပုံစံအမျိုးမျိုးနဲ့ လူသစ်စုဆောင်းနေတယ်။ ပေါ်တာဆွဲတဲ့ပုံစံနဲ့လည်း လုပ်တယ်။ အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်တွေ အလုပ်အကိုင်ရှားလာတဲ့အချိန် စစ်တပ်က အလုပ်ခေါ် စာအတုတွေလုပ်တယ်။ တချို့ဆို အေဂျင်စီတွေနဲ့ပါပေါင်းပြီး လစာရမယ် ခံစားခွင့်ရမယ်ခေါ်ပြီး စုဆောင်းရေး တပ်ထဲပို့တယ်၊ စုဆောင်းရေးတပ်ထဲမှာ လူငယ်တွေကို ချော့လိုက်ခြောက်လိုက်လုပ်ပြီး ဆွဲသွင်းတယ်။ ဒီလိုနဲ့ လစ်လပ်သွားတဲ့ သူတို့စစ်သားနေရာတွေမှာ အစားထိုးဖို့ကြိုးစားတာ၊ ဒီပုံစံမျိုးနဲ့တော့ တိုက်ရည်ခိုက်ရည် ပြည့်ဝနေပြီဖြစ်တဲ့ တော်လှန်ရေးတပ်တွေကို ရင်ဆိုင်တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး။ သေလမ်းပို့လိုက်သလိုပဲ ဖြစ်မှာ။ ပျူစောထီးဖွဲ့ ပြည်သူ့စစ်ဆိုတာကလဲ စစ်ကာင်စီရဲ့ ဘုန်းကြီးဝါသဝရဲ့ ပြည်သူ့စစ် ကွန်မန်ဒိုတွေလို ဖြစ်မှာပဲ။ မျက်နှာမှာအိုးမဲတွေသုတ်ပြီး ဟုတ်တာလည်းမဟုတ်ဘူး အပုံလိုက်မုန့်ဟင်းခါးဖြစ်တာပဲ၊ စစ်တပ်က လုပ်နေတာက အချိန်နည်းနည်းပိုဆွဲလို့ပဲရမယ်။
မေး ။ CDM ဝင်ချင်တဲ့ စစ်ကောင်စီလက်အောက်ကသူတွေအတွက် အချိန်မီသေးလား။
ဖြေ။ ။ ဒီမေးခွန်းကိုဖြေရရင် မီလည်းမီပါသေးတယ်။ မီလည်း မမီတော့ပါဘူး။ မီသေးတယ်ဆိုတာက လက်ရှိ NUG က ချမှတ်ထားတဲ့မူဝါဒအရ မီနေပါသေးတယ်။ လက်ခံကြိုဆိုပေးနေတယ်။ CDM လုပ်ဖို့ရာမှာ လိုအပ်တဲ့အခက်အခဲအမျိုးမျိုးကို အသေးစိတ် ဆွေးနွေးတိုင်ပင်ပြီး အချိန်၊ ငွေကြေး၊ လုပ်အားတွေနဲ့ တန်ဖိုးအရှိဆုံးဖြစ်တဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ အသက်တွေကိုပါရင်းပြီး ကူညီပေးနေသေးတာပါ၊ အစိုးရ တရပ်အနေနဲ့ ကူညီပေးနေသလို အခြား NGO အနေနဲ့ ရပ်တည်ပြီး CDM ပြုလုပ်ရေးကို ကူညီနေတဲ့ အဖွဲ့တွေလည်း ရှိနေတာက CDM လုပ်မယ့်သူတွေအတွက် အများကြီးအထောက်အကူ ဖြစ်တယ်။
မမီတော့ဘူးဆိုတာကတော့ ရှင်းပါတယ်၊ ထိုးစစ်ဆင်နေတဲ့ နယ်မြေထဲရောက်သွားတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေအတွက်တော့ မမီတော့ပါဘူး။ တိုက်ပွဲတွေဖြစ်နေတယ် လမ်းကြောင်းတွေပိတ်ကုန်တယ်၊ ဒီလိုအချိန်မျိုးမှ ပြည်သူ့ရင်ခွင်ခိုလှုံချင်ပါတယ်၊ CDM လုပ်ချင်ပါတယ်ဆိုတာတွေက အလာကောင်းပေမယ့် အခါနှောင်းသွားခဲ့ပါပြီ။ ခေါ်ထုတ်ပေးချင်ရင်တောင် ခက်ခဲသွားပြီ။ နောက်တစ်ခုက CDM နဲ့ စစ်သုံ့ပန်း ဆိုတာက အကွာကြီးကွာပါတယ်။ CDM တွေဆိုတာက ပြည်သူ့အချစ်တော်တွေပါ၊ ပစ်စရာကျည်ကုန်မှ ပြေးပေါက်ပိတ် အဝိုင်းခံရမှ CDM လုပ်ချင်ပါတယ် ဆိုတာမျိုးကို လုံးလက်ခံလို့ မရဘူးဆိုတာ သာမာန်တွေးကြည့်ရုံနဲ့ပဲ မြင်သာပါတယ်။ သူတို့က စစ်သုံ့ပန်းဥပဒေတွေအတိုင်းပဲ စီရင်ခံရမှာပါ။
မေး။ ။ ဒါဆို CDM လုပ်ချင်ပေမယ့် လုပ်မရတဲ့အခြေအနေမျိုးဆို ဘယ်လိုလုပ်ရမလဲ။
ဖြေ။ ။ သိပ်နားလည်တာပေါ့၊ စစ်သားတွေ၊ ရဲတွေဆိုတာလည်း လူသားတွေပဲလေ မိသားစု အနှောင်အဖွဲ့တွေ ရှိတယ်။ အခြားအကြောင်းအရာတွေရှိတယ်။ ဒါကိုသိတယ်၊ ဒါပေမယ့် အဲဒီလို စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အတွက်လည်း ပူးပေါင်းလို့ရအောင် NUG အနေနဲ့ အခွင့်အရေးတရပ်ပေးထားတယ်၊ အဲဒါကတော့ Pre CDM ပဲ၊ တစ်ခုတည်းသော ဖိအားအနည်းဆုံး ပြည်သူလူထုနဲ့ ပူးပေါင်းနိုင်မယ့် အခွင့်အရေးပါ။ ဒီလိုအခွင့်အရေး ရှိနေတာတောင် မပူးပေါင်းဘဲ စစ်ကောင်စီအားကိုးနဲ့ ပြစ်မှုတွေ ကျူးလွန်ထားရင်တော့ နောင်တစ်ချိန် တရားဥပဒေအရ အရေးယူကြတဲ့အချိန်မှာ သားတို့သမီးတို့က မိသားစုနဲ့မို့ပါ ဆိုတာမျိုးနဲ့ လာထုချေလို့ကတော့ တာ့တာပါပဲ။
မေး။ ။ ခိုလှုံလာသူတွေရဲ့ အသက်နဲ့သူတို့မိသားစု အသက်အာမခံချက်အတွက်ရော ပြည်သူ့ရင်ခွင်က ဘယ်လိုကြိုးပမ်း အာမခံမှုပေးထားပါလဲ။
ဖြေ။ ။ သူတို့တွေကို အန္တာရာယ်ကင်းတဲ့နေရာတွေမှာ စောင့်ရှောက်ထားတယ်။ ဒီနယ်မြေတွေမှာ သူတို့တွေကို ကာကွယ်ပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကိုပဲ ချီးကျူးစကား ဆိုရမှာပါ။ စစ်တပ်က CDM လုပ်ပြီး ခိုလှုံလာသူတွေကို ပြန်ဖမ်းဖို့ဆိုတာ အိမ်မက်တောင် မက်လို့မရဘူး။
မေး။ ။ နောက်ထပ်မံ ခိုလှုံလိုသူတွေအတွက် မီဒီယာကနေတဆင့် ဘာများသတင်းစကားပါးချင်ပါလဲ။
ဖြေ။ ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီတော်လှန်ရေးက စစ်တပ်ရှုံးကို ရှုံးမှာပါ။ Non-CDM တွေကို ဘယ်လို ကိုင်တွယ်မလဲ၊ ဘယ်လိုတွေ ပြန်ပြီးတော့ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုအပိုင်းမှာ အပြစ်ပေးအရေးယူမှုတွေ လုပ်မလဲဆိုတာ စပြီးတော့ အုတ်မြစ်ချနေကြပြီ။ မကြာခင်မှာ CDM, Non CDM တွေနဲ့ ပတ်သက်ပြီးတော့ နည်းဥပဒေတွေ ထွက်လာတော့မယ်ဆိုတာ ကျနော်ထင်တယ်။ အချို့ဆိုရင် CDM ဝင်ချင်တဲ့စိတ် ရှိပေမယ့် မိသားစုနဲ့ အခြားအကြောင်းအရာတွေကြောင့် လုပ်လို့မရ ဖြစ်နေတာရှိတယ်။ ဒီလိုလူမျိုးတွေကို ပြောချင်တာက တော်လှန်ရေးမှာ ကူညီပေးချင်တဲ့စိတ်ရှိဖို့ပဲ လိုတယ်။ CDM လုပ်မှ မဟုတ်ဘူး။ တော်လှန်ရေး အစိုးရက Non CDM တွေကို ပြည်သူလူထုနဲ့ ပူးပေါင်းလို့ရအောင် CDM လုပ်ပါလို့ တစ်ခုတည်း ပြောထားတာမဟုတ်ဘူး။ နောင်တစ်ချိန်မှာ ကာကွယ်ပြောလို့မရဘူး။ CDM လုပ်လို့မရရင်တောင် တော်လှန်ရေးအပေါ်မှာ ပူးပေါင်းပါလို့ပဲ ပြောချင်တယ်။
မေး။ ။ မေးခွန်းတွေထဲမှာမပါတဲ့ နောက်ထပ်ဖြည့်စွက်ပြောလိုတာတွေရှိရင် ပြောပြပေးပါဦး။
ဖြေ။ ။ စစ်တပ်က ရာထူးကြီးပိုင်း မျက်နှာရူးတစ်ကောင် မီဒီယာမှာပြောခဲ့သလိုပဲ ပြန်ပြောရလိမ့်မယ်။ ကြာတော့ကြာပြီ သူပြောတာက တိုင်းရင်းသားလက်နက်ကိုင်တွေကို ပြောခဲ့တာပေါ့၊ ငြိမ်းချမ်းရေး လုပ်ချင်လား။ တပ်က ကြိုဆိုတယ်၊ စစ်တိုက်ချင်လား စစ်တပ်က အချိန်မရွေးအဆင်သင့်ပဲပေါ့။ ကျနော်တို့ကလည်း အခုအချိန်မှာ ပြောချင်တာက CDM လုပ်ချင်တယ်၊ ပြည်သူလူထုဘက်က ရပ်တည်မယ် ဆိုရင် အစွမ်းကုန်ကူညီမယ်။ နွေးနွေးထွေးထွေး ကြိုဆိုနေမယ်။ ဒါမှမဟုတ် အာဏာသိမ်းစစ်အုပ်စုနဲ့အတူ ရပ်တည်မယ်ဆိုရင်လဲ တော်လှန်ရေးတပ်ဖွဲ့တွေက အဆင်သင့်ပါပဲ။
ကေအိုင်စီ ပေးပို့သည်။