ရှမ်းမြောက်စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် လူမှုကူညီရေးအသင်းများ ရင်ဆိုင်ကြုံတွေ့ နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး ကျောက်မဲမြို့ရှိ လူမှုကူညီရေးလုပ်ကိုင်သူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
သျှမ်းပြည်၊ ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းများကို “၁၀၂၇ စစ်ဆင်ရေး” နောက်ဆက်တွဲ ပြန်လည် ဖြစ်ပွားခဲ့သည့် ဇွန်လ ၂၅ ရက်မှ စတင်ပြီး တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့သည်။ TNLA တပ်ဖွဲ့က မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများကို ထိန်းချုပ်နိုင်သည်။
တိုက်ပွဲဖြစ်ပွားခဲ့သည့် ဇူလိုင် ၂၀ ရက် အထိ တစ်လနီးပါးကြာ မှတ်တမ်းပြု ကောက်ယူထားသည့် စာရင်းအရ အရပ်သားသေဆုံးမှု ၈၀ ဦး ထက်မနည်းရှိလာပြီး မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင် နေရသည့် စစ်ဘေးရှောင်ဦးရေ ၁၅,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်လျက်ရှိသည်။
ထို့အခြေအနေများကြောင့် ကျောက်မဲမြို့ရှိ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် လူမှုကူညီရေး အသင်းများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲ စိန်ခေါ်မှုများနှင့် ပတ်သက်ပြီး ကျောက်မဲမြို့ရှိ လူမှုကူညီရေး လုပ်ကိုင်သူတစ်ဦးကို ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ ကျောက်မဲမြို့မှာ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို ပြောပြပေးပါဦး။
ဖြေ ။ ။ သူတို့ အပစ်ရပ်ကြေညာပြီး မြေပြင်မှာ အပစ်အခတ်မရှိဘူး ဆိုပေမယ့်လည်း ဒီရက်ပိုင်းမှာ အပေါ်ကနေ လေယာဉ်ရော အောက်ခြေမှာ တိုက်ပွဲတွေရော ဆက်တိုက်ဖြစ်နေတယ်။ မြေပြင်မှာလည်း တိုက်ပွဲအပြင်းအထန် ဖြစ်နေတဲ့အချိန်မှာ ပြည်သူတွေက ဘယ်ကိုပြေးလို့ပြေးရမှန်း မသိဘူး။ စစ်ဘေးရှောင်တဲ့နေရာမှာ ဘယ်နေရာ သွားရလို့ သွားရမှန်း မသိဘူး။ ရှောင်သွားတဲ့နေရာတိုင်း တိုက်ပွဲဖြစ်နေတော့ ပြည်သူတွေလည်း ဒုက္ခရောက် တယ်။ တတ်နိုင်တဲ့လူတွေလည်း တောင်ကြီး၊ မန္တလေး အဲ့လိုသွားကြတာပေါ့။
ကျောက်မဲမြို့မှာရှိတဲ့ ပြည်သူလူထုတွေ အားလုံးကလည်း အလုပ်အကိုင်မဖြစ်ဘူး။ အလုပ်မဖြစ်တော့ လူမှုကူညီရေး အသင်းတွေကို အားထားရတာပေါ့။ ကျနော်တို့လည်း တတ်နိုင်သလောက် ဆန်တစ်ပြည်၊ ဆီတစ်ဗူး၊ ကြက်ဥတစ်ဆွဲ (၁၀) လုံးပေါ့၊ အခုလောလောဆယ် အဲ့ဒါထောက်ပံ့နေတယ်။ ထောက်ပံ့လာတာ တစ်ပတ်နီးပါး ရှိတော့မယ်။ ဒါပေမယ့် ပစ္စည်းတွေက တကယ့်ဒုက္ခရောက်တဲ့နေရာ မရောက်မှာစိုးတာကြောင့် ကားနဲ့ပတ်ပြီးတော့ တကယ့်ဒုက္ခရောက် နေတဲ့ အဖိုးအဖွားတွေဆီပဲ လှူပေးနေပါတယ်။
မေး ။ ။ တိုက်ပွဲကြား စစ်ဘေးရှောင်တွေ ထွက်ပြေးနေရတဲ့အခြေအနေရှိတယ်၊ မြို့ထဲမှာ ကျန်နေသေးတဲ့ ပြည်သူတွေရော ဘယ်လောက်ရှိသေးလဲ။
ဖြေ ။ ။ အခုက တိုက်ပွဲက မြို့ပေါ်နဲ့ ရွာပိုင်းမှာ ပြန်ဖြစ်နေတော့ ရွာဘက် စစ်ဘေးရှောင်သွားတဲ့လူတွေ မြို့ထဲ ပြန်ဝင်လာကြပြီ။ ရှောင်ပြီးတော့ အိမ်ပြန်ရောက်တဲ့အချိန် စားစရာမရှိဘူးပေါ့နော်။ နေစရာတော့ ရှိသေးပေမယ့် စားစရာမရှိတဲ့ အတွက်ကြောင့်မလို့ ဒီအပိုင်းမှာ ဆန်တွေလှူပေးတယ်။ တတ်နိုင်တဲ့အပိုင်းတွေ လုပ်ပေးတယ်။
နောက်ပြီးတော့ အခုက တစ်လနီးပါး ရှိပြီ။ ဇွန်လ ၂၅ ရက် ကတည်းကဆိုတော့ အလုပ်အကိုင်မဖြစ်ဘူး။
ဒါကြောင့်မို့လို့ လက်လုပ်လက်စားတွေက စားဝတ်နေရေး အရမ်းခက်ခဲနေတယ်။ လုံးဝ အဆင်မပြေတဲ့ အတိုင်းအတာတစ်ခုအထိ ရောက်နေတယ်။ နောက်ဆုံး ငိုယိုပြီးမှ ကျနော်တို့ကတော့ ဆန်မရှိတော့ဘူး၊ စားစရာ လုံးဝ မရှိတော့ဘူးဆိုတဲ့ အပိုင်းရောက်သွားတော့ ကျနော်တို့ကနေပြီးမှ အတတ်နိုင်ဆုံးတော့ ကူညီထောက်ပံ့ ပေးနေပါတယ်။
မေး ။ ။ အရင်က မြို့ထဲမှာတိုက်ပွဲဖြစ်လို့ ရွာဘက်ကိုရှောင်သွားကြရတယ်။ အဲ့တုန်းက ဘယ်နေရာတွေကို ရှောင်သွားကြတာများပါလဲ၊ လက်ရှိရော ကျောက်မဲမြို့ပတ်ဝန်းကျင်မှာ စစ်ဘေးရှောင်အရေအတွက် ဘယ်လောက်ရှိဦးမလဲ။
ဖြေ ။ ။ ပထမတခေါက် ဘုန်းကြီးကျောင်း (၂၇) ကျောင်းမှာ ကျနော်တို့ သွားကူတော့ ၁၂,၀၀၀ ကျော် စာရင်း ရှိတယ်။ ဒါ ဘုန်းကြီးကျောင်း Camp ထဲမှာပဲရှိတဲ့ စစ်ဘေးရှောင်စာရင်း ဖြစ်တယ်။ ရွာထဲမှာ အမျိုးအိမ်မှာ နေတဲ့လူတွေ မပါသေးဘူး။ အခု ဆက်ပြီးကူရမှာက မြို့ထဲမှာရှိတဲ့ လူဦးရေက ဘယ်လောက်လဲဆိုတာ ခန့်မှန်းလို့ မရသေးဘူး။ တိုက်ပွဲက တနေရာထဲ ဖြစ်နေတာမဟုတ်ဘူး။ မြို့အနှံ့ ဖြစ်နေတော့ ဒီနေရာအသံကြားရင် ကြောက်တဲ့လူက ရွာကိုပြေးလိုက်၊ ပြီးရင် မြို့ထဲပြန်ဝင်လာလိုက်ဆိုတော့ လူဦးရေစာရင်းက ကောက်ဖို့ တော်တော်ခဲယဉ်းသွားမယ်။
မေး ။ ။ လက်ရှိမှာ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးဖို့ အကူအညီနဲ့ အလှူငွေတွေ လက်ခံရရှိမှု အခြေအနေက ဘယ်လိုရှိပါလဲ၊ ဒီအပေါ်မှာ ဘယ်လိုစီမံခန့်ခွဲနေပါလဲ။
ဖြေ ။ ။ ဇွန်လ ၂၅ ရက်နေ့ ကနေ လကုန် ၁/၂ ရက်နေ့ အထိတော့ ဝင်ငွေကတော့တော်တော်များပါတယ်။ သိန်း၂၀၀ လောက် ဝင်လာတယ်။ ဒီနောက်ပိုင်းမှာ တိုက်ပွဲက နေရာတကာ အကုန်ဖြစ်နေတော့ လာလှူတဲ့ လူကလည်း ၂ ခါ ၃ ခါ မလှူနိုင်တဲ့အတွက်ကြောင့်မလို့ အသင်းမှာရှိတဲ့ ငွေလေးနဲ့ လှုပ်ရှားနေတာပေါ့။ အခု လောလောဆယ် အသင်းငွေ သိန်း ၂၀၀ လောက်လည်း ထပ်သုံးမိသွားတယ်။ လက်ထဲမှာ ကျန်တာတော့ သိန်း ၂၀ လောက်ပဲ ကျန်တယ်။ အဲ့ဒါကုန်ရင်တော့ ခဏနားမယ်လို့ စဉ်းစားထားပါတယ်။
မေး ။ ။ လတ်တလော စစ်ဘေးရှောင်အများစုက ဘယ်လိုအရွယ်တွေများပါလဲ၊ စစ်ဘေးရှောင်တွေ ကြုံနေရတဲ့ အခက်အခဲက ဘာတွေပါလဲ။
ဖြေ ။ ။ စစ်ဘေးရှောင်တွေ ကြုံနေရတဲ့အခက်အခဲက စိုးရိမ်ကြောင့်ကြမှုဖြစ်မယ်၊ နောက်ပြီး နေရာ အတည်တကျ မရှိဘူး။ စားဝတ်နေရေး တအားခက်ခဲတယ်။ နောက်ပြီးတော့ သွားလာဖို့ခက်ခဲတဲ့ သက်ကြီးရွယ်အို တွေက လုံးဝ ရွှေ့ပြောင်းလို့မရဘူး။ ရွှေ့ပြောင်းလို့ရတဲ့ အတိုင်းအတာ တစ်ခုဆိုရင်လည်း ၂ နေရာ ၃ နေရာ လောက် ရွှေ့ပြီဆိုရင် သူ့ရဲ့ခံနိုင်ရည်က မရှိတော့ဘူး၊ အဲ့တာကြောင့် ဆုံးပါးသွားတဲ့အရွယ်တွေ ရှိတယ်။ ခက်ခဲမှုကတော့ တော်တော်များပါတယ်။ ဒီမှာက စိုက်ပျိုးရေးကို အဓိကထားတယ်၊ လက်လုပ်လက်စားတွေ များတယ်ဆိုတော့ ပြည်သူလူထုအတွက် အများကြီး အခက်အခဲဖြစ်သွားပြီ။
နောက်တစ်ခု ကျောက်မဲမြို့က တကယ့်စီးပွားရေးဇုန် မဟုတ်ဘူး၊ အဓိက စိုက်ပျိုးရေးနဲ့ မွေးမြူရေးပဲ ထွက်တယ်။ ဥပမာ – ကြက်မွေးမြူရေးဆိုရင် ကြက်ဥပေါ့၊ အစာတွေလည်း မရောက်တော့ အလုပ်မဖြစ်တော့ဘူး။ အလုပ်သမားတွေလည်း တော်တော်ခက်ခဲတယ်။ ထွက်ကုန်သွင်းကုန်လည်း မရှိဘူး၊ အဲ့တာကြောင့် စိုက်ပျိုးရေး ကဏ္ဍမှာလည်း လုပ်ကိုင်စားသောက်ဖို့က ခက်ခဲတယ်။ ဘက်ပေါင်းစုံခက်ခဲတော့ ဝင်ငွေမရှိတော့ နီးစပ်ရာ ဆွေမျိုးဖြစ်ဖြစ်၊ အဖွဲ့အစည်းဖြစ်ဖြစ် အကူအညီတောင်းပြီးတော့ လုပ်ဆောင်နေရတာ။
မေး ။ ။ စစ်ဘေးရှောင်အများစုက အမျိုးသမီးနဲ့ ကလေးတွေ တွေ့ရတာများတယ်။ အခုက မိုးရာသီလည်း ဖြစ်တော့ ကျန်းမာရေးစောင့်ရှောက်မှုတွေရော ဘယ်လိုအခြေအနေရှိပါလဲ။
ဖြေ ။ ။ အခု တိုက်ပွဲဖြစ်တဲ့အချိန်မှာ ဆရာဝန်၊ဆရာမနဲ့ ကျန်းမာရေးဝန်ထမ်းကအစ အကုန်လုံးက နီးစပ်ရာ ဆွေမျိုးအိမ်သွားတယ်။ ဆေးကုသမှုကတော့ လုံးဝ နတ္ထိ မရှိသလောက် ဖြစ်သွားတယ်။ အက်စီးဒင့် တစ်ခုခု ဖြစ်လာရင်လည်း သူ့ရဲ့နီးစပ်ရာပေါ့၊ လက်လှမ်းမှီရာဆေး ဥပမာ – တိုင်းရင်းဆေးလားပေါ့။ ဝမ်းပျက်ဝမ်းလျော ရောဂါဆိုလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ကုကြတာပေါ့။ အက်စီးဒင့် အကြီးစားဆိုရင်တော့ တောင်ကြီး၊ မန္တလေး၊ နမ့်လန် အဲ့လိုမျိုး ပို့တယ်။ ဒါကတော့ ငွေကြေးတတ်နိုင်တဲ့အပိုင်း ဖြစ်သွားတယ်ပေါ့၊ တခါပို့ရင် ကားခကလည်း ၁၂ သိန်းလောက် ကျတယ်။
မေး ။ ။ မြို့ထဲမှာ လက်နက်ကြီးကျတာတွေရော၊ လေကြောင်းကနေ ဗုံးကြဲတာတွေရောခံရတော့ အရပ်သား ထိခိုက်သေဆုံးမှုက ဘယ်လိုရှိပါလဲ။
ဖြေ ။ ။ ဒီလ ၅ ရက်နေ့ အထိက စာရင်းအရ (၅၉) ယောက် ရှိသွားတယ်။ နောက်ပိုင်းက ကျနော်တို့ ကူညီမှု အပိုင်းမှာသွားတော့ ထိခိုက်ဒဏ်ရာရတဲ့အပိုင်းကို သိပ်မသွားနိုင်တော့ဘူး။ ဒါပေမယ့် အရပ်သားသေတာက တစ်ရက်ခြား နှစ်ရက်ခြားကတော့ အမြဲတမ်း သေနေတာပဲ။ အဲ့ဒါကြောင့် သေဆုံးမှု ထိခိုက်မှုကတော့ စာရင်းသေချာ မကောက်နိုင်သေးဘူး၊ အခုချိန်ထိ အဆင်မပြေတဲ့လူတွေပဲ သွားကူနေတော့လေ။
အကယ်၍ သေပြီဆိုရင်တော့ ချက်ချင်းလုပ်ပေးပါတယ်။ ထိခိုက်ရှနာဆိုရင် ကားပေါ်မှာတင်ထားရင်လည်း ဆရာဝန်တွေဆိုရင် သူတို့အိမ်မှာ (ဒဏ်ရာရလူနာကို) မထားချင်ဘူး၊ ကားပေါ်ကနေ ပေးမချချင်ဘူး၊ ကားပေါ်မှာပဲ ကုတယ်။ ကားပေါ်မှာထားရင် ကားကလည်း တောက်လျှောက်မောင်းနေရတော့ ကျနော်တို့အတွက်လည်း ခက်ခဲတယ်။
မေး ။ ။ နေအိမ်ထိခိုက်ပျက်စီးမှုတွေရော ဘယ်လိုရှိပါလဲ။ ဥပမာ – နေအိမ်ထဲမှာ လူထိခိုက်သေဆုံးနေတာ ချက်ချင်းမဆွဲထုတ်နိုင်တာမျိုး ရှိလား။ ဘယ်လို တွေ့ကြုံရပါလဲ။
ဖြေ ။ ။ သေဆုံးမှုဖြစ်ရင်တော့ ကျနော်တို့ အတတ်နိုင်ဆုံးသွားပြီးတော့ ကူညီပေးတယ်။ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ရွာထဲမှာ ဖြစ်တယ်၊ မြို့ထဲမှာ ဖြစ်တယ်၊ အိမ်ထဲမှာ ဖြစ်တယ်ဆိုရင် အကြောင်းကြားတာနဲ့ သွားရောက် သယ်ဆောင်ပေးတယ်။ သေဆုံးဒဏ်ရာရမှုတွေကိုတော့ အချိန်မလစ်ဟင်းရအောင် သွားရောက် ကူညီပေးပါတယ်။ အခု ဒီနောက်ပိုင်းက အစားအသောက်နဲ့ စားဝတ်နေရေးကြောင့်ပဲ ပြောမလား၊ ကျန်းမာရေးကြောင့်ပဲ ပြောရမလား သွေးတိုးဆီးချိုတွေ အရမ်းများတယ်။
ဥပမာ – လက်နက်ကြီးသံဆိုရင် အိမ်ဘေးနားမှာကျရင် ရောဂါအခံရှိတဲ့လူဆိုရင် မခံနိုင်ဘူး သွေးတက်တယ်။ သွေးတက်ရင် ဆေးမသောက်နိုင်တဲ့ အခါ သတိလစ်မေ့မျောသွားတယ်။ ဆေးရုံဆေးခန်းတို့ ဆရာမတို့ဆီက ဆေးဝါးမရတဲ့အခါကြရင် ဆုံးသွားတာမျိုး ဖြစ်ပါတယ်။ အနီးဆုံး ကျတဲ့နေရာတွေမှာ လေးငါးယောက် ဆုံးတာ ရှိပါတယ်။ အဲ့တာမျိုးကြတော့ ထိခိုက်ထားတဲ့ဒဏ်ရာမရှိဘဲနဲ့ သေသွားတာပေါ့။
မေး ။ ။ လက်ရှိ မြို့ပေါ်မှာကူညီပေးနေတဲ့ အဖွဲ့တွေက ဘယ်နှစ်ဖွဲ့လောက် ရှိနေလဲ၊ ပူးပေါင်းဆောင်ရွက်မှုရော ဘယ်လိုရှိပါလဲ။ တိုက်ပွဲကြားမှာ ကူညီနေရတော့ ဘယ်လို စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ ရှိနေလဲ။
ဖြေ ။ ။ မြို့တွင်းမြို့ပြင် ထွက်လို့ရအောင်တော့ ကျနော်တို့က အောက်ကျို့ပြီးတော့ ရအောင်သွားပေးတယ်။ သွားလို့ရတဲ့နေရာဆိုရင် ရအောင်သွားပေးတယ်။ အသင်းတွေကတော့ သူ့နည်းသူ့ဟန်နဲ့ ကူနေတာရှိတယ်။ အခုလောလောဆယ် (၃) သင်း လောက်တော့ ရှိပါတယ်။ ကျနော်တို့ကတော့ ပြည်သူအတွက်ဆိုပြီးတော့ အဖွဲ့ ထောင်ထားတာဖြစ်တယ်။ အခုကူညီတဲ့ နေရာမှာလည်း ဗုံးသံကြား၊ သေနတ်သံကြား တောက်လျှောက်သွားနေ ပါတယ်။
ကူညီမှုအပိုင်းမှာလည်း မလစ်ဟင်းအောင် ပြည်သူတွေကိုမေးတယ်၊ ဘယ်နေရာ ခက်ခဲနေလဲ။ အခက်ခဲဆုံး နေရာကို ကျနော်တို့ အရင်သွားတယ်။ နောက်ပြီးတော့ သက်ကြီးရွယ်အိုတွေ အပြင်မထွက်နိုင်ဘူး အဲ့လိုဆိုရင် အတတ်နိုင်ဆုံးသွားပေးတယ်။ ပြည်သူတွေ တအားခက်ခဲတယ်။ လုံးဝကို စားစရာမရှိတော့ဘူးဆိုရင် ကွင်းဆင်းပြီးတော့ ကိုယ်တိုင်ကိုယ်ကျ အဖွဲ့သားတွေ ချက်ချင်းသွားကူညီပေးတယ်။
မေး ။ ။ တခြားထပ်ပြီး ဖြည့်စွက်ပြောချင်တာ ဘာတွေရှိသေးပါလဲ။
ဖြေ ။ ။ တခုပြောကြည့်ချင်တာက အခု တိုက်ပွဲဖြစ်တယ်၊ ပြည်သူလူထုကြားမှာ စစ်ရှောင်ကြားမှာ ဗုံးဆံတို့၊ လေယာဉ်နဲ့ကြဲတာတို့၊ တိုက်ခိုက်မှုတို့ မြေပြင်မှာ တိုက်ပွဲဖြစ်တာတို့၊ ဝေဟင်ကနေပဲ ဖြစ်ဖြစ် စစ်ရှောင်တဲ့နေရာ၊ ဘုန်းကြီးကျောင်း Camp တွေကို ရှောင်ပေးပါ၊ အဲ့တာပဲ ပြောချင်တာပါ။ အခုက အားလုံးတော့ ဒုက္ခပင်လယ် ဝေနေကြတယ်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။