“အကျဉ်းထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်ရက်စက်မှုကတော့ အမြဲရှိနေဦးမှာဖြစ်တယ်။ အဲ့တော့ ကျနော်တို့ ပြည်သူလူထုရော သတင်းမီဒီယာတွေရောက သူတို့ရဲ့ထောင်တွင်းသတင်းတွေကို အမြဲတမ်းမပြတ် နားစွင့်နေပြီးတော့ စောင့်ကြည့်ပေးနေကြဖို့အတွက် မေတ္တာရပ်ခံလိုပါတယ်ခင်ဗျ” ကိုရှင်းသန့်- ဥက္ကဌ/ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ

0
334
ပုံစာ - မုံရွာအကျဉ်းထောင်။

မုံရွာထောင်တွင်း လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ ကိုရှင်းသန့်နှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာ ထောင်တွင်းဖိနှိပ်မှုတွေကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အကျဉ်းသား ၅၀ ကျော်ဟာ အခုနှစ် စက်တင်ဘာလမှာ အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အစာငတ်ခံဆန္ဒပြတောင်းဆိုမှုကို ထောင်အာဏာပိုင်တွေက ညှိနှိုင်းလိုက်လျောခဲ့ပြီးနောက် တစ်လကျော် အကြာမှာ အစာငတ်ခံဆန္ဒပြရာမှာ ပါဝင်သူတွေကို လျှော့ရက်ပိတ်ခြင်း၊ ထောင်တွင်းတရားစွဲဆိုခြင်းတွေ လုပ်ဆောင်လာပါတယ်။

မုံရွာထောင်တွင်း လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ထောင်တွင်းအခြေအနေတွေကို အနီးစပ်ဆုံးသိရှိတဲ့ မုံရွာစီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂဥက္ကဌ၊ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ အဖွဲ့ဝင်လည်းဖြစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင်လည်းဖြစ်တဲ့ ကိုရှင်းသန့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ မုံရွာထောင်တွင်းမှာ လက်ရှိဘာတွေဖြစ်နေလဲဆိုတာ အရင်ရှင်းပြပေးပါဦး။

ဖြေ။ ။ လက်ရှိမုံရွာထောင်တွင်းအခြေအနေကတော့ ကျနော်တို့ရဲဘော်တွေကို ထပ်တိုးပုဒ်မတွေနဲ့ ထပ်ပြီး တရားစွဲထားတယ်လို့ သိရတယ်။ ထပ်တိုးပုဒ်မတွေနဲ့ ဘာလို့တရားစွဲဆိုလဲဆိုရင် လွန်ခဲ့တဲ့ ၉ လပိုင်း ၈ ရက်နေ့ ကနေ စပြီးတော့ ၁၁ ရက်နေ့ အထိ နိုင်ငံရေးအကျဉ်းသား ၆၅ ယောက်က အစာငတ်ခံဆန္ဒပြခဲ့တာကြောင့် အခုလိုမျိုး ထပ်တိုးပုဒ်မတွေနဲ့ တရားစွဲဆိုခံရတာဖြစ်ပါတယ်။

မေး။ ။ အခုလို ထပ်တိုးပုဒ်မတွေနဲ့ တရားစွဲဆိုမှုမတိုင်ခင်က မုံရွာထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေက တောင်းဆိုမှုတွေရှိခဲ့တယ်လို့ သိရတယ်။ အဲ့ဒါတွေက ဘာတွေတောင်းဆိုခဲ့ကြတာပါလဲ။

ဖြေ။ ။ ဖြစ်စဉ်က ၉ လပိုင်း ၈ ရက်နေ့ မတိုင်ခင်မှာ မုံရွာအကျဉ်းထောင်ထဲကို ပြည်ထဲရေးလက်အောက်ခံ ဌာနတွေဖြစ်တဲ့ မီးသတ်၊ ရဲ၊ ထွေအုပ်၊ အကျဉ်းဦးစီးတို့ စတဲ့ ဝန်ထမ်းတွေပေါင်းစုပြီး အထူးရှာဖွေရေးဆိုပြီး ထောင်ထဲမှာ ရှာဖွေရေးဝင်တယ်ပေါ့လေ။ ရှာဖွေရေးဝင်တဲ့အခါမှာ အကျဉ်းသားတွေပိုင်ဆိုင်တဲ့ စောင်တွေ၊ အင်္ကျီအဝတ်အစားတွေ၊ ဟင်းတွေ၊ မုန့်တွေ၊ စာအုပ်စာတန်းတွေ ပြီးတော့ အပြင်ကပို့ထားတဲ့ စာလေးတွေ၊ မိသားစုဓါတ်ပုံလေးတွေကအစ သိမ်းဆည်းသွားတယ်ပေါ့လေ။

အဲ့လိုသိမ်းဆည်းထားတဲ့ဟာကို နိုင်ငံရေး အကျဉ်းသားတွေက ဒါကထောင်က ခွင့်ပြုပေးထားတာဖြစ်တဲ့အတွက် ပြန်လည်ပေးအပ်ဖို့ တောင်းဆိုတဲ့အခါမှာ ထောင်ကနေပြီးတော့ ပြန်မပေးဘူးလို့ ပြောတဲ့အတွက် နိုင်ငံရေး အကျဉ်းသား ရဲဘော်တွေက ပထမဦးဆုံးအနေနဲ့ ၉ လပိုင်း ၈ ရက်နေ့ မှာ ၁၅ ယောက် နေစပြီးတော့ အစာငတ်ခံ ဆန္ဒပြခဲ့တယ်။ အစာငတ်ခံ ဆန္ဒပြပြီးတဲ့အချိန်မှာ ထောင်အာဏာပိုင်တွေဘက်က ဂရုပြုတာ မရှိဘူး။ အရေးမလုပ်ဘဲ ပြစ်ထားတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးက ကြွေးကြော်သံတွေ တိုင်ပြီးတော့ ဆန္ဒထုတ်ဖော်ကြတယ်။

ထုတ်ဖော်ကြတဲ့အခါမှာ နောက်ထပ် အယောက် ၅၀ က ထပ်တိုးပြီးတော့ အစာငတ်ခံဆန္ဒပြတယ်။ အစာငတ်ခံ ဆန္ဒပြပြီးတဲ့အချိန်မှာ ၉ လပိုင်း ၁၁ ရက်မှာ အကျဉ်းထောင်ဘက်က လာပြီးညှိနှိုင်းတဲ့အတွက် အစာငတ်ခံ ဆန္ဒပြတာကို ရပ်လိုက်ပြီးတော့ တောင်းဆိုချက်တွေလည်း အပြည့်အဝ ရသွားတယ်။ ပြီးတော့ နိုင်ငံရေး အကျဉ်းသားတွေဆီက သိမ်းဆည်းထားတဲ့ စောင်တွေ၊ပစ္စည်းပစ္စယတွေ အားလုံးကို ‌ပြန်ပေးအပ်တယ်လို့ သိရှိရပါတယ်ခင်ဗျ။

မေး။ ။ အဲ့ဒီတောင်းဆိုမှုတွေမှာပါဝင်တဲ့ အကျဉ်းသားအရေအတွက် ဘယ်‌လောက်ထိရှိခဲ့ပါလဲ။ ဘယ်သူတွေ ဦးဆောင်ခဲ့ပါလဲ။

ဖြေ။ ။ ပါဝင်တာကတော့ မုံရွာထောင်တွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးကပါဝင်ပြီး တောင်းဆိုတာ ဖြစ်တယ်။ ဦးဆောင်တာကတော့ အထဲ,ထဲမှာရှိတဲ့ ကိုဟန်ဇာမြေမွန်တို့ ၊ ကိုဝေမိုးနိုင်၊ ကိုဘုန်းမြင့်အောင်တို့၊ ကိုဘုန်းမြင့်ကျော်တို့ အပြင်ကို နောက်ထပ်အပြင်မှာလည်း ဒီတော်လှန်ရေးကို တကယ်လုပ်ခဲ့သူတွေက အထဲမှာလည်း အကုန်လုံး စုပေါင်းခေါင်းဆောင်မှုနဲ့ သွားပြီးလုပ်ခဲ့ကြတာဖြစ်ပါတယ်။

မေး။ ။ အဲ့ဒီတောင်းဆိုမှုတွေကို လိုက်လျောခဲ့တယ်ဆိုပြီး တစ်လကျော်အကြာမှာ အခုလိုအကျဉ်းသားတွေကို ဖိနှိပ်မှုတွေ လုပ်လာတာဆိုတော့ ဒီအပေါ်မှာရော ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ထောင်ရဲ့သဘောကတော့ ကျ‌နော်တို့တခုခု တောင်းဆိုလိုက်တယ်ဆိုရင် သူတို့က တခြားနည်းလမ်းနဲ့ ပြန်ကြပ်တာမျိုးပေါ့။ ဥပမာ ကျနော်တို့က စာအုပ်စာတမ်း ဖတ်ခွင့်ရချင်တယ်ဆိုပြီး တောင်းဆိုတယ်။ သူတို့က အိုကေ ဟုတ်ပြီဆိုပြီး စာအုပ်စာတမ်း ဖတ်ခွင့်ပြုမယ်။ ဒါပေမယ့် ထောင်ဝင်စာတွေကို ပြန်ကြပ်လိုက်မယ်ဆိုတဲ့ ပုံစံမျိုးတွေ လုပ်တာမျိုးတွေရှိတယ်။ ဒါလည်း ဒီဖြစ်ရပ်နဲ့အတူတူပဲ။ ကျ‌နော်တို့ နိုင်ငံ‌ရေးအကျဉ်းသားတွေ တောင်းဆိုတာကို လက်ခံလိုက်တယ်။ ဒါပေမယ့် တခြားတစ်ဖက်ကနေပြီးတော့ ဖိနှိပ်မှု၊ ရက်စက်မှုတွေ ဘယ်လောက်လုပ်နေမလဲ ဆိုတာကတော့ တော်တော်ကြီးကို စိုးရိမ်စရာကောင်းတဲ့ အနေအထား ဖြစ်နေပါတယ် ခင်ဗျ။

မေး။ ။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ တောင်းဆိုမှုတွေကို လိုက်လျောအပြီး ထောင်အာဏာပိုင်တွေ အပြောင်းအလဲ သတင်းတွေလည်း ကြားခဲ့ရတယ်၊ အဲ့ဒါရော ဟုတ်ပါလား။

ဖြေ။ ။ ဟုတ်ပါတယ်ခင်ဗျ။ ဒီအပြောင်းအလဲမှာက မုံရွာအကျဉ်းထောင်မှာက အစာငတ်ခံ ဆန္ဒပြတဲ့ကိစ္စကို ကောင်းမွန်စွာ မဖြေရှင်းနိုင်လို့ရယ်၊ ဒီသတင်းကို အပြင်သတင်းမီဒီယာတွေမှာ ရောက်သွားတဲ့အတွက် ဒီအုပ်ချုပ်မှု ပေါ့လျော့တယ် ဆိုပြီးတော့ ထောင်ပိုင်ကြီး ဝင်းမင်းလတ်ရယ်၊ ထောင်ပိုင်လေး ဝင်းကျော်မိုးရယ်၊ အိတ်ဆောင်မှူး ကျော်မိုးရယ်၊ နောက်ထပ်အိတ်ဆောင်မှူး ညွန့်ဝင်းရယ်၊ တိုက်တာဝန်ကျ တပ်သားအာကာကျော်ရယ်က ရာထူး ကနေ ထုတ်ပယ်ခံလိုက်ရတယ်လို့ သိရှိရပါတယ်ခင်ဗျ။

မေး။ ။ အခုနောက်တိုး အမှုကပ်ခံရပြီး တရားစွဲဆိုခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ဘယ်နှစ်ယောက်လောက်ရှိပါသလဲ။

ဖြေ။ ။ အစာငတ်ခံဆန္ဒပြတဲ့အတွက် ထောင်တွင်းပြစ်ဒဏ်လျော့ရက် တစ်နှစ်ပိတ်ခံရတဲ့သူက ၉ ယောက် ရှိတယ်။ ပြီးတော့ အစာငတ်ခံဆန္ဒပြနေတဲ့အချိန်မှာ ထောင်အာဏာပိုင်တွေဘက်က အရေးပြုတာမျိုး၊ ဂရုပြုတာမျိုး လုံးဝပြဿနာတွေ ဖြေရှင်းပေးတာမျိုး၊ အစာငတ်ခံဆန္ဒပြနေတဲ့ အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေကို ဂရုမစိုက်တာမျိုး ပြုလုပ်တဲ့အတွက် မုံရွာ‌ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေက စုပြီးတော့ ကြွေးကြော်သံတိုက်ပြီး ဆန္ဒထုတ်‌ဖော်ခဲ့တဲ့အတွက် အဲ့ဒီလိုဆန္ဒထုတ်ဖော်ရာမှာ ဦးဆောင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသား ၁၇ ဦး ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၄၇နဲ့ အပြင်တရားရုံးမှာ အမှုဖွင့် တရားစွဲဆိုထားတယ်လို့ သိရပါတယ်ခင်ဗျ။

မေး။ ။ မုံရွာထောင်တွင်းအခြေအနေနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက် ပြောချင်တာရှိပါသေးလဲ။

ဖြေ။ ။ မုံရွာထောင်တွင်းအခြေအနေက အတွင်းထဲကရဲဘော်တွေ သတင်းစကားပါးတာကတော့ ခုနကပြောတဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၄၇နဲ့ အမှုဖွင့်ထားတာရော၊ ထောင်တွင်းပြစ်ဒဏ်တွေပေးတာရော အားလုံးပေါင်းမှ လူက၂၆ ယောက်ပဲ ရှိနေတဲ့အနေအထားပေါ့လေ။ အဲ့ဒါကို နိုင်ငံရေးအကျဉ်းသားတွေအားလုံးက သူတို့ဒီကိစ္စမှာ အကုန်လုံး ပါဝင်ပတ်သက်ခဲ့တဲ့အတွက် သူတို့ကိုပါ တရားစွဲဆိုဖို့ တရားရုံးမှာ တင်ပြသွားမယ်လို့ သိရှိရတယ်။ အဲ့တော့ အတွင်းထဲက နိုင်ငံရေးအကျဉ်းသား ရဲဘော်တွေကတော့ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင် နေတာဖြစ်တယ်။ ဒါပေမယ့် အကျဉ်းထောင်အာဏာပိုင်တွေရဲ့ ဖိနှိပ်ရက်စက်မှုကတော့ အမြဲရှိနေဦးမှာဖြစ်တယ်။ အဲ့တော့ ကျနော်တို့ပြည်သူလူထုရော သတင်းမီဒီယာတွေရောက သူတို့ရဲ့ထောင်တွင်းသတင်းတွေကို အမြဲတမ်းမပြတ် နားစွင့်နေပြီးတော့ စောင့်ကြည့်ပေးနေကြဖို့အတွက် မေတ္တာရပ်ခံလိုပါတယ်ခင်ဗျ။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here