“သူတို့ စစ်ကြောင်းကြီးပဲထိုးထိုး ကျွန်တော်တို့ကတော့ ပြန်လည်ချေမှုန်းဖို့ ပြင်ဆင်ပြီးသားဖြစ်ပါတယ်” ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ

By MPM 6 ဇွန်, 2023 👁

ချင်းပြည်နယ် ဟားခါးမြို့နဲ့ထန်တလန်မြို့အကြား သီမြစ်လွင်ပြင်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတာ အခုဆိုရင် ၂ ပတ်ခန့် ရှိလာပြီဖြစ်ပါတယ်။ သီမြစ်လွင်ပြင်တိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများသလို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း အကျအဆုံးများခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ သီမြစ်လွင်ပြင်ကိုဖြတ်ကျော်ပြီး ထန်တလန်မြို့ကို ဝင်ရောက်ထိုးဖောက်ကာ နယ်မြေထိန်းချုပ်ဖို့ ကြိုးစားနေတာလို့လည်း ဆိုကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို အခုလိုဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ဟားခါး-ထန်တလန်ကြား သီမြစ်တိုက်ပွဲအခြေအနေ အရင်ဆုံး ရှင်းပြလို့ရမလား။

ဖြေ။ ။ သူတို့တက်လာတာ ၂၆ ရက်နေ့က တက်လာတာ အဲ့ဒီ ၂၆ ရက်နေ့မတိုင်ခင် သုံးရက်နေ့အလိုကနေ သူတို့ မြေပြင်တပ်ဖွဲ့တွေအတွက် လမ်းကြောင်းရှင်းဖို့ဆိုပြီးတော့ သုံးရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတယ်။ ပြီးတော့ လက်နက်ကြီးနဲ့လည်းပစ်တယ်။ အဲ့ဒါပြီးမှ ၂၆ ရက်နေ့မှာ တက်လာတယ်။ တက်လာတော့ ၂၆ ရက်နေ့ကနေ ဒီနေ့အထိ အခုက တိုက်ပွဲက ဆက်ဖြစ်နေတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ဘက်က ၁၂ ယောက် ကျပြီးတော့ ၁၀ ယောက်ခန့် ဒဏ်ရာရတယ်။ သူတို့ဘက်က ဒီနေ့အထိဆိုရင် ၃၀ နီးပါး၊ ကျွန်တော်တို့ တွက်ထားတာကတော့ ၂၇ ဦးပေါ့။ ပြီးတော့ ဒဏ်ရာရရှိတဲ့ဟာ စာရင်းကောက်ထားတာအရ ၁၅ ဦးပေါ့။ ဒါကတော့ မြေပြင်သတင်းအရ ကျွန်တော်တို့က သိရတာပေါ့။ အခုတိုက်ပွဲကတော့ ဆက်လက်ပြီးတော့ ဖြစ်လာမယ့်အနေထားမှာရှိတယ်။ သူတို့က အင်အား ၁၅၀ ခန့်အားနဲ့ တက်လာတယ်။ အဓိကကတော့ ထန်တလန်မြို့တပ်ကုန်းကို အင်အားဖြည့်ပြီးတော့ သူတို့အဲ့ဒီမှာ နယ်မြေစိုးမိုးဖို့ အဲ့ဒီကနေတဆင့် စစ်ရေးအရ ကျွန်တော်တို့ကို ချေမှုန်းဖို့လုပ်လာတဲ့အနေထားမှာရှိတယ်။

မေး။ ။ သီမြစ်လွင်ပြင်တိုက်ပွဲမှာ ချင်းကာကွယ်ရေးဘက်က ၁၂ ဦးထိတောင်ကျဆုံးတာဆိုတော့ သူတို့က ဘယ်လိုကြောင့် ကျဆုံးရတာလဲ။

ဖြေ။ ။ ကျဆုံးရတာကတော့ လက်နက်ကြီးကြောင့် ကျဆုံးတာဖြစ်တယ်။ ၂၉ ရက်နေ့ကဆိုရင် ကျွန်တော်တို့ဘက်က ရဲဘော်တစ်ယောက်က ဒဏ်ရာရရှိတာကို အဲ့ကို တစ်ခြား ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက သွားကယ်တဲ့နေရာမှာ လက်နက်ကြီးကျပြီး‌တော့ ၆ ယောက်လောက် သေသွားတာပေါ့။ နောက်ဒဏ်ရာတွေကို ဆေးရုံမရောက်ခင်မှာ ကျဆုံးတာတွေ ရှိတာပေါ့။ အဓိကကတော့ လက်နက်ကြီးကြောင့် အဲ့သလိုကျတာ များပါတယ်။

မေး။ ။ စစ်ကောင်စီတပ်ဖွဲ့ဟာ ဘယ်လိုရည်ရွယ်ချက်နဲ့ ထန်တလန်ဘက်ကို ချီတက်လာတာလဲ။

ဖြေ။ ။ သူတို့က ကျနော်တို့ရဲ့ချင်းပြည်ကို စစ်အုပ်ချုပ်ရေးကြေညာထားတယ်။ နောက်ပြီးတော့ ဒီနှစ်ထဲမှာ ချင်းရယ်၊ ကရင်နီရယ် ပြီးတော့ စစ်ကိုင်းတိုင်းရယ် အဲ့ဒီမှာ လေကြောင်းရောကုန်းကြောင်းရော ဖြည့်ပြီးတော့ ချေမှုန်းရေး စစ်ဆင်ရေးလုပ်မယ်ဆိုတာ ကျနော်တို့ အတွင်းသတင်းရထားတာ ရှိတယ်။ အဲ့ဒီကနေမှ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ချေမှုန်းမယ်။ အဲ့ဒီပြီးခါမှ ကျနော်တို့ Victoria base ချင်းအမျိုးသား တပ်ဦး/တပ်မတော် ဌာနချုပ်နေရာထိကို အဲ့ဒီလိုမျိုးနဲ့ ချေမှုန်းဖို့ ကြိုးစားလာတာပေါ့။

မေး။ ။ ဆိုတော့ ထန်တလန်ကို ပြန်လည်ထိန်းချုပ်ပြီး CNF ရဲ့ ဗဟိုဌာနချုပ်ကို ချဉ်းကပ်လာမယ့် သဘောလား။

ဖြေ။ ။ ဟုတ်တယ် အဲ့သလိုပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် သူတို့က ပြောပြီးသား။ မင်းအောင်လှိုင်က ပြောပြီးပြီလေ။ ပြောချင်တာကတော့ NUG နဲ့ ထိတွေ့ဆက်ဆံတဲ့ အဖွဲ့စည်းမှန်သမျှ ပြင်းထန်စွာအရေးယူမယ် ဆိုတဲ့ဟာ ပြောထားပြီးသားရှိပါတယ်။ ဆိုတော့ အဲဒီပြောထားတဲ့အတိုင်း အဲဒီအစီစဉ်တိုင်း လုပ်တာပေါ့။ ဒါကတော့အားလုံးက ရှင်းပြီးသားဖြစ်မှာပါ။

မေး။ ။ ဆိုတော့ စစ်ရေးအခြေနေ ဘယ်လိုဖြစ်လာနိုင်လဲ။ ပိုပိုပြီးတော့ ဆိုးလာမယ့်အနေအထားလား။

ဖြေ။ ။ စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူကိုယ်တိုင်ကပဲ ကျွန်တော်တို့ ချင်းတောင်ရယ် ပြီးတော့ တစ်ခြား အဓိကတော့ စစ်ကိုင်းတို့၊ ကရင်နီတို့ ဒေသမှာတော့ ဒီနှစ်မိုးတွင်းမှာ စစ်ဆင်ရေးကို ဖြည့်လုပ်မယ်ဆိုတဲ့ဟာ ကျွန်တော်တို့ အတွင်းသတင်းရထားပြီးသား ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ တွက်ထားပြီးသား ဖြစ်တယ်။ သူတို့ စစ်ကြောင်းကြီးပဲထိုးထိုး ကျွန်တော်တို့ကတော့ ပြန်လည် ချေမှုန်းဖို့ ပြင်ဆင်ပြီးသား ဖြစ်ပါတယ်။ အဓိကကတော့ သူတို့ရဲ့ နောက်ဆုံးအခြေအ‌နေကတော့ သူက သူ့မြန်မာ့နိုင်ငံရေးကနေ လုံးဝနောက်မဆုတ်ရေး၊ ရာသက်ပန် ရပ်တည်ရေး အဲ့ဒါကတော့ အဓိကရည်ရွယ်ချက်ပေါ့နော်။ အဲ့ဒါကြောင့် ပြည်သူကိုပါ မရှောင်ဘဲ အဲ့သလိုမျိုး ပြည်သူကို ရန်သူသဘောထားပြီးတော့ သူက အဲ့သလို လုပ်နေတာ။

မေး။ ။ အခု သီမြစ်လွင်ပြင်တိုက်ပွဲမှာ ချင်းကာကွယ်ရေးဘက်ကလည်း အကျအဆုံးများနေတာကို တွေ့ရပါတယ်။ ဒီကိစ္စအပေါ် ဘာများပြောချင်တာရှိပါလဲ။

ဖြေ။ ။ ကျွန်တော်တို့တွေကတော့ ဒီလမ်းကတော့ လက်နက်ကိုင်တော်လှန်ရေးထဲက ဖြစ်စဉ်တစ်ခုပါပဲ။ ဒါပေမယ့် ကိုယ်အမျိုးသားရေးအတွက် ဆိုပြီးတော့မှ သွေးသောက်ပြီးတော့မှ အဲ့တာတွေ ကျွန်တော်တို့က ပြင်ဆင်ပြီးသားဖြစ်ပါတယ်။ အဲ့ဒီအတွက်တော့ ကိုယ့်လက်အောက်ငယ်သားတွေ ကျဆုံးတာကတော့ လူ့သဘောအရ ဝမ်းနည်းရတာပေါ့။ ဒါပေမယ့် ဘယ်လိုပဲဖြစ်နေဖြစ်နေ အဲ့ဒီလိုမျိုး စစ်ကောင်စီက ရက်စက်လေ ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ကတော့ ပိုပြီးတော့ ပြင်းထန်လေ၊ ပြည်သူလူထုကလည်း စစ်ကောင်စီကို မုန်းတီးလေ အဲ့သလိုပဲဖြစ်တယ်။ အမှန်ဆိုရင် ကျွန်တော်တို့ လက်နက်အင်အားမမျှပါဘူး။

ဒါပေမယ့် ကျွန်တော်တို့ဘက်က အသာစီးရနေတာ အားလုံး အသိဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲဘော်တွေ အဲ့သလို ကျဆုံးတာ ပြည်သူ့ဘက်တော်သား ကျဆုံးတာ ပြည်သူကတော့ လူ့သဘောအရ ဝမ်းနည်းရတာပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ အဆုံးစွန် တိုက်ပွဲဝင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ဒါကတော့ ပြည်သူ့အတွက် လုပ်တဲ့အတွက် ပြည်သူကလည်း အဲ့ဒါတွေ အားလုံးနားလည် သဘောပေါက်ပြီးသား ဖြစ်ပါလိမ့်မယ်လို့ ကျွန်တော် အဲ့သလိုပဲ ပြောချင်တယ်။

KMG – ပေးပို့သည်