“သူတို့ (စကစ) က မြို့ကို ပြန်လိုချင်တော့ နည်းမျိုးစုံနဲ့ တိုက်နေတယ်။ လေကြောင်းရော ပြောက်ကျားနည်းတွေနဲ့ပါ လာတိုက်နေတာပါ” ခါမ်းပါတ်မြို့ဒေသခံအမျိုးသားတစ်ဦး

By MPM 18 ဒီဇင်ဘာ, 2023 👁

တော်လှန်ရေး‌တပ်ဖွဲ့တွေက အောက်တိုဘာလကစတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၇ ရက်မှာ သိမ်းပိုက်လိုက်နိုင်တဲ့ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ကို စစ်ကောင်စီက ပြန်လည်ရယူဖို့ကြိုးစားနေတာကြောင့် အခုရက်ပိုင်းမှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဒါ့အပြင် စစ်ကောင်စီက မြို့ကို ပြန်လည်သိမ်းယူနိုင်ဖို့အတွက် ခါမ်းပါတ်မြို့ ရဲစခန်းကုန်းအနောက်ဘက် ကပ်လျက်၊ ခါမ်းပါတ် အမှတ် (၁) ရပ်ကွက်က AG ဘုရားကျောင်း မိဘမဲ့ဂေဟာကို ဝင်ရောက်စီးနင်းပြီး အဲ့ဒီက ကလေး ၃၆ ဦးနဲ့ ဆရာ ၄ ဦးကို လူသားဒိုင်းအဖြစ် ထားရှိခဲ့ပါတယ်။

အဲ့ဒီကလေးတွေနဲ့ ဆရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၁ ရက်က ပြန်လည်ကယ်ထုတ်ခဲ့ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းတော်လှန်ရေးအဖွဲ့တွေနဲ့ နီးကပ်တဲ့ ဒေသခံအမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ မိဘမဲ့ဂေဟာက ကလေးတွေ ဖမ်းဆီးခံခဲ့ရတာကို ကယ်ထုတ်ခဲ့ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး သိသလောက်ပြောပြပေးပါဦး။

ဖြေ။ ။ ကလေးတွေက လွတ်မြောက်တဲ့နေရာမှာ ရောက်နေပါပြီ။ သူတို့က ဓါးစာခံလို့တော့မဟုတ်ဘူးပေါ့။ စစ်တပ်ဘက်က လုပ်ထားတာက သူတို့ဒီဟာကို အကာအကွယ်ယူပြီးလုပ်ထားတာ၊ စစ်တပ်ကုန်းရဲ့ အနောက်ဘက်မှာ မိဘမဲ့ဂေဟာရှိတာကိုး။ ဒါကို အကာအကွယ်ယူထားတာပေါ့။ မိဘမဲ့ဂေဟာရဲ့ နောက်ဘက်မှာ တောစပ်နဲ့တောင်ကုန်းရှိတယ်။ အဲ့ဒီတောစပ်နဲ့တောင်ကုန်းဘက်ကနေပြီးတော့ စစ်တပ်က လူသားဒိုင်းလိုမျိုး မိဘမဲ့ဂေဟာကို အသုံးချပြီးတော့မှ စစ်တပ်နဲ့ရဲစခန်းဘက်ကို ဝင်ချင်တာပေါ့နော်။ အဲ့လိုအခြေအနေမှာ ပစ်ခတ်မှုတွေဖြစ်ပြီး ကလေးတွေကအဲ့လိုဖြစ်သွားတယ်။ ဒီဇင်ဘာ ၁၁ ရက် နေ့လည်၁၂ လောက် ကစပြီး ကလေးတွေကိုတော့ လွတ်မြောက်တဲ့နေရာကို ပို့ဆောင်ထားပြီးပါပြီ။

မေး။ ။ ကာကွယ်ရေးတပ်ဖွဲ့တွေက မိဘမဲ့ကျောင်းက ကလေးတွေကိုကယ်ထုတ်တဲ့အချိန်မှာရော နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့တာရှိပါလား။

ဖြေ။ ။ ကျနော်သိရသလောက်တော့ မရှိခဲ့ပါဘူး။ အခြေအနေကို မပြတ်စောင့်ကြည့်နေပြီး စစ်ကောင်စီတပ်ဖွဲ့တပ်သားတွေက တခြားနေရာကို ရွှေ့သွားတဲ့အချိန်မှာ အမိအရ ဝင်ခေါ်ထုတ်လိုက်နိုင်တာမျိုးပေါ့။ ဒါကြောင့် နှစ်ဘက်တိုက်ပွဲတော့ မဖြစ်ခဲ့ပါဘူး။

မေး။ ။ မိဘမဲ့ဂေဟာက ကလေးတွေ သေဆုံးမှုရှိတယ်လို့လည်း ကြားရတယ်။ အဲ့ဒါရောဟုတ်ပါလား။

ဖြေ။ ။ အဲ့ဒါက ဒီမိဘမဲ့‌ဂေဟာကလူတစ်ယောက်က သူ့မိသားစုဆီကို ဆက်သွယ်တယ်။ သူတို့မိဘမဲ့ဂေဟာကို အဲ့လိုဝင်စီးနေပြီး ကလေး ၄ ယောက် သေသွားတယ်လို့ လှမ်းပြောတယ်။ အဲ့ဒီမိဘက တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်စပ်မှုရှိတော့ အဲ့ဒီကိစ္စကိုသိရတယ်ပေါ့။ ဒါကတော့ အတွင်းထဲကပြောစကားပေါ့။ အဲ့ဒီနေရာက လောလောဆယ် စစ်တပ်က အရမ်းကြီးတင်းကြပ်နေတော့ လောလောဆယ်မှာတော်လှန်ရေးအဖွဲ့တွေကလည်း နယ်မြေရှင်းလင်းမှု မလုပ်နိုင်သေးဘူး။ နှစ်ဘက်အခြေအနေကလည်း တင်းမာမှုတွေရှိနေသေးတယ် ဆိုတော့လေ။ ဒါကြောင့် ကလေးတွေသေတယ်ဆိုတဲ့ကိစ္စကို မျက်မြင်မပြောနိုင် အတည်မပြုနိုင်သေးဘူး ဖြစ်နေတာ။ နယ်မြေရှင်းလင်းပြီးမှပဲ သေချာသိရမှာပါ။ လောလောဆယ်တော့ ကျနော်တို့အတည်မပြုနိုင်သေးပါဘူး။

မေး။ ။ ကလေးတွေကိုကယ်ထုတ်ပြီးနောက်ပိုင်းမှာလည်း နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရတယ်။ အဲ့ဒီအခြေအနေကိုလည်း ပြောပြပေးပါဦး။

ဖြေ။ ။ ဟုတ်ပါတယ်။ ခါမ်းပါတ် ရပ်ကွက်(၁)ပေါ့။ မနေ့ကနေရာ နားဝန်းကျင်မှာ ဖြစ်တာ။ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလေကြောင်းကနေ နှစ်ကြိမ်လာပစ်တယ်။ ညပိုင်း (ဒီဇင်ဘာ ၁၂ ရက်) ညပိုင်း အထိကို လာပစ်တာ။ ပြီးခဲ့တဲ့ရက်တွေကလည်း လေကြောင်းကနေ လာပစ်တာတွေရှိတယ်။ ဒီဇင်ဘာ ၆ ရက်နေ့ လောက်ကတည်းက စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ကိုလာပြီး တိုက်နေတာပါ။ သူတို့ (စကစ) အင်အားက တစ်ရာကျော် နှစ်ရာလောက်ကို ရှိနေတာပါ။

မေး။ ။ လက်ရှိမှာရော ခမ်းပါတ်မြို့တွင်းမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခြေအနေ ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ မြို့နားဝန်းကျင်မှာ ကာကွယ်‌ရေးတပ်ဖွဲ့တွေ ရှိတယ်။ စစ်တပ်ကလည်း မြို့ကိုပြန်လိုချင်တာကြောင့် စစ်တပ်ကလည်း မြို့နားဝန်းကျင်ကို ရောက်နေတယ်။ သူတို့ (စကစ)က ပြန်ရချင်တော့ ထိတွေ့မှုတွေရှိနေတယ်။ နှစ်ဘက်ဆိုင်နေတဲ့သဘောနဲ့ အခြေအနေတင်းမာနေတာပါ။ နောက်ပြီး သူတို့ (စကစ)က မြို့ကို ပြန်လိုချင်တော့ နည်းမျိုးစုံနဲ့ တိုက်နေတယ်။ လေကြောင်းရော ပြောက်ကျားနည်းတွေနဲ့ပါ လာတိုက်နေတာပါ။

မေး။ ။ နှစ်ဘက်တိုက်ပွဲကြား ဒေသခံတွေအခြေအနေက‌ရော ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ ဒေသခံတွေက မရှိတော့ဘူးဗျ။ မြို့ပေါ်ရပ်ကွက်တွေရော အဲ့ဒီအနီးအနားရွာတွေကရော မရှိတော့ဘူး စစ်ရှောင်သွားကြပြီ။ တော်တော်များများကတော့ အိန္ဒိယဘက်ကို ပြေးသွားကြတယ်။ တချို့က အစက မရှောင်ချင်တော့ ရမလားလို့ နေကြသေးတယ်။ ဒီရက်ပိုင်းမှာ တိုက်ပွဲတွေက ပိုပြင်းလာတာရော၊ စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ ဆက်တိုက်လာပစ်နေတာတွေရောကြောင့် ဆက်မနေရဲတော့ဘဲ ရှောင်သွားကြပါပြီ။

ရှမ်းနီအသံ ပေးပို့သည်။