“သူတို့စစ်ကြောင်းထိုးနေတဲ့ရွာတွေ တော်တော်များများ စစ်ရှောင်နေကြတယ်။ မရှောင်လို့လည်းမရဘူး၊ မထင်ရင်ထင်သလို သူတို့မှာ လူသတ်လိုင်စင်ရထားသလိုမျိုး တောက်လျှောက်ပြုမူနေတယ်။ အရပ်သားပြည်သူတွေလည်း သူတို့နဲ့မတွေ့ရဲဘဲ တရွာလုံးနီးပါး နီးစပ်ရာရွာတွေမှာ စစ်ကြောင်းနဲ့ဝေးတဲ့နေရာမှာ ရှောင်နေရတယ်” လောင်းလုံးဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်တစ်ဦး

By MPM 8 စက်တင်ဘာ, 2024 👁

စစ်ကောင်စီ စစ်ကြောင်းထိုးမှုခံနေရသည့် လောင်းလုံးမြို့အခြေအနေနှင့်ပတ်သက်ပြီး လောင်းလုံးဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယနေ့အချိန်အထိ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှု၊ တော်လှန်တိုက်ခိုက်နေမှုများရှိနေသည့် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ယခုလတ်တလော၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမှုများကို ခပ်စိပ်စိပ်တွေ့လာရသည်။

ထိုသို့ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ဒေသခံရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ယင်းအပြင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်စဉ်အတွင်း ဒေသခံအရပ်သားများအား သတ်ဖြတ်ခြင်း၊ ကျေးရွာရှိနေအိမ်များ မီးရှို့ဖျက်ဆီးခံရခြင်းစသည့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို ဒေသခံများ ရင်ဆိုင်ကြုံတွေ့နေကြရသည်။

ထိုအခြေအနေများကြောင့် လောင်းလုံးဘက်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလှုပ်ရှားမှုအခြေအနေ၊ စစ်ဘေးရှောင်ပြည်သူများ ကြုံနေကြရသည့် အခက်အခဲများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့်ပတ်သက်ပြီး လောင်းလုံးဒေသခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလူငယ်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အရင်ဦးဆုံးအနေနဲ့ လောင်းလုံးဘက်မှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလှုပ်ရှားသွားလာနေတဲ့ အခြေအနေ ဘယ်လိုရှိလဲပြောပြပေးပါ။

ဖြေ။ ။ အဓိကကတော့ လောင်းလုံးမြို့နယ်ဘက်မှာ စစ်ကြောင်းနှစ်ကြောင်း ဝင်နေတယ်။ ပထမစစ်ကြောင်းက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၇ ရက်ထဲက မောင်းမကန်ထဲကို ရောက်လာတာ။ မောင်းမကန်ရောက်လာတဲ့ စစ်ကြောင်းက အခုထိ သဘော့ဆိပ်နဲ့ ပြင်ကြီးရွာဘက်မှာ လှုပ်ရှားနေတုန်းပဲ။ အဲဒီဘက်က ရွာတော်တော်များများ သဘော့ဆိပ်၊ ပြင်ကြီး၊ မောင်းမကန်၊ ကျောက်ဆင်ဘက်ကလူတွေ အကုန်စစ်ရှောင်နေကြတယ်။ သဘော့ဆိပ် ကမ်းခြေမှာ နေအိမ်နှစ်လုံး မီးရှို့ဖျက်ဆီးတာခံရတယ်။ ပြီးတော့ သဘော့ဆိပ်ရွာ ဘုန်းကြီးကျောင်းမှာ ဖုန်း၊ ဆိုင်ကယ်တွေ ယူသွားတာရှိတယ်။

ပြီးတော့ ရွာသူရွာသားတွေကို ဖမ်းဆီးပြီး ဓားစာခံပုံစံမျိုးနဲ့ လုပ်ထားတာရှိပေမယ့် အဲဒီရွာသားတွေကို ပြန်လွှတ်ပေးတာရှိတယ်။ လက်ရှိအနေအထိ အဲဒီနေရာပတ်ဝန်းကျင်မှာ လှုပ်ရှားနေတုန်းပဲ။ ပြီးတော့ နောက်စစ်ကြောင်းတစ်ခုက ဩဂုတ်လ (၂၉) ရက်နေ့မှာ ထားဝယ်မြို့နဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်းပေါ့။ ထားဝယ်မြစ်ပဲ ခြားထားတယ်။ အဲဒီမှာ ဝင်တဲ့စစ်ကြောင်းက ရေကြောင်းကဝင်တာရယ် ကုန်းကြောင်းက ဝင်တာရယ် နှစ်ကြောင်းခွဲပြီးတော့ ရောက်လာတယ်။ စစ်ကြောင်းဝင်ပြီးတော့ သူတို့လုပ်နေကြအတိုင်း ရွာတွေမှာရှိတဲ့ရိက္ခာတွေကို တောင်းရမ်းတာ၊ ခိုးယူတာရှိတယ်။

အဲဒီရွာတွေက ပြန်ထွက်သွားတော့ ချောင်းကမ်းမှာရှိတဲ့ လှေနှစ်စီးကို ဖျက်ဆီးသွားတယ်။ စစ်ကြောင်းက ထွက်သွားတဲ့အခါမှာ ဖောင်းဦးပြင်ကျေးရွာဘက် ရောက်သွားတယ်။ ဖောင်းဦးပြင်တဝိုက်မှာ မီးရှို့တာတွေရှိတယ်။ သတင်းရသလောက်ကတော့ နေအိမ်ပေါ့။ သေချာတော့ မသိသေးဘူး။ စစ်တပ်ရဲ့ ချန်နယ်တွေ ကတော့ စခန်းတစ်ခု မကဘူးပေါ့။ အဲဒီ စခန်းတွေကို မီးရှို့တာရှိတယ်။ အဲဒီမှာ စခန်းတွေ တွေ့လို့ဆိုပြီးတော့ အနီးတဝိုက်ကရွာသားတွေ ကျွန်တော်တို့ အတည်ပြုလို့ရသမျှတော့ သုံးယောက်လို့ကြားတယ်၊ သုံးယောက်ကို သူတို့ပစ်သတ်တာပေါ့ဗျာ။ ဒီလိုအခြေအနေရှိတယ် ကြားတယ်။

မေး။ ။ ဩဂုတ်လ နောက်ဆုံးပတ်ကစပြီးတော့ စစ်ကောင်စီတပ်ဟာ လောင်းလုံးမြို့နယ်က ကျေးရွာတွေကို တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းပတ်ထိုးပြီး သွားလာနေတာ ဘာကြောင့်လို့ထင်လဲ။

ဖြေ။ ။ ကျွန်တော့် အထင်ပြောရမယ်ဆိုရင်တော့ သူတို့လက်ရှိလှုပ်ရှားနေတဲ့ပုံစံက ဥပမာ သဘော့ဆိပ်နဲ့ ခုနကပြောတဲ့ စခန်းကြီးရယ်ပေါ့။ အဲဒီဘက်ကနေ အပေါ်ဘက်ကိုထိုးသွားရင် ရေနက်ဆိပ်ကမ်းဧရိယာထဲမှာ လည်း သူတို့စစ်ကောင်စီတပ်သား အင်အားတော်တော်များများ ရှိနေကြတယ်ဆိုတော့ ရေနက်ဆိပ်ကမ်း ပတ်ဝန်းကျင်တလျှောက် နယ်မြေရှင်းလင်းရေးလုပ်ဖို့ ရည်ရွယ်ပြီး စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးနေသလားတော့ မသိဘူး။ ကျွန်တော်တို့လည်း သေသေချာချာမသိရဘဲ အခြေအနေက ခန့်မှန်းရခက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ လောင်းလုံးဘက်မှာ အရင်ကသူတို့စစ်ကြောင်းထိုးရင် တကြောင်းတည်း၊ ဦးတည်ချက် တခုတည်းပေါ့။ နှစ်ခုခွဲသွားရင်တောင် ပြန်ပူးပေါင်းပြီး ထိုးတာပေါ့။

အခုကတော့ နယ်မြေနှစ်ခုက နည်းနည်းဝေးတော့ သူတို့က ဦးတည်တာက ရေနက်ဆိပ်ကမ်းဧရိယာမှာ နယ်မြေ ရှင်းလင်းရေးလုပ်မယ်ဆိုပြီး နားလည်ရတယ်။ ပြီးတော့ နောက်တခုက သူတို့စစ်ကြောင်း၀င်လာတဲ့ အခြေအနေက ဘယ်လိုအခြေအနေမျိုးမှာ ဝင်လာသလဲဆိုရင် သဘော့ဆိပ်ဘက်မှာ လက်နက်ကိုင် အင်အားစုတွေက သွားလာလှုပ်ရှားနေတယ်လို့ သတင်းကြားတဲ့အခါ လောင်းလုံးနဲ့ ထားဝယ်ကြား လောင်းလုံ လမ်းမထက်မှာရှိတဲ့ သဲပုံရွာရဲ့တောင်ပေါ်မှာ သူတို့စစ်ကောင်စီစခန်းရှိတယ်။

လက်နက်ကြီးနဲ့ လှမ်းထုတာရှိတယ်။ စစ်ကြောင်း မထိုးခင်မှာပေါ့။ ရွာဘက်ကို လက်နက်ကြီးနဲ့ လှမ်းထုပြီးမှ သူတို့စခန်း ပြန်ဝင်သွားတာတစ်ခုတော့ ရှိတာပေါ့။ စစ်ကြောင်းထိုးဖို့အတွက် လက်နက်ကြီးနဲ့ အရင်လှမ်းထုတာ လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ပြီးတော့ ဒီဘက်က ၂၉ ရက်နေ့မှာဝင်တဲ့ စစ်ကြောင်းက အဲဒီမတိုင်ခင်မှာ ဟိုဘက်ခြမ်း ဒီဘက်ခြမ်း လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေရှိတယ်။ လက်နက်ကြီးကျည်ထိပြီးတော့ အဘွားတစ်ယောက် ဆုံးသွားတယ်။ ပြီးတော့မှ သူတို့စစ်ကြောင်းက ပြန်ဝင်လာတာ။ အဲဒီလိုမျိုးပါ။

မေး။ ။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းပတ်ထိုးပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာနဲ့ နေအိမ်မီးရှို့ဖျက်စီးတာတွေ ပြုလုပ်လာတဲ့အပေါ် ဘာပြောချင်တာရှိလဲ။

ဖြေ။ ။ လက်နက်ကိုင်အင်အားစုတွေကလည်း နေရာအနှံ့မှာရှိနေတယ်။ သူတို့ရဲ့ ထိန်းချုပ်နယ်မြေကို ခြိမ်းခြောက်နေတာ ရှိတယ်။ လက်ရှိ သူတို့ထိန်းချုပ်ထားတဲ့နေရာကို လုံခြုံဖို့အတွက် စစ်ရေးထိန်းချုပ်တာမျိုး သူတို့လုပ်မှာပဲ။ ကျွန်တော်တို့ဘက်က ဖြစ်စေချင်တဲ့ဟာက စစ်ကြောင်းထိုးတဲ့အခါမှာ အရပ်သားပြည်သူတွေရဲ့ နေအိမ်စည်းစိမ် ဖျက်ဆီးတာမျိုးတွေ၊ အရပ်သားပြည်သူတွေကို ဓားစာခံဖမ်းဆီးတာမျိုးတွေ၊ ပြည်သူတွေကို သူတို့ ထင်ရင်ထင်သလို ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးနှိပ်စက်တဲ့ဟာမျိုးကို ရပ်တန်းကရပ်သင့်ပြီလို့ မြင်တယ်။ ဘာလို့လဲ ဆိုတော့ ဘယ်ဥပဒေရှုထောင့်ကပဲကြည့်ကြည့် ဒါဟာ စစ်ရာဇ၀တ်မှုမြောက်တဲ့ ဖြစ်ရပ်တွေလို့ မြင်ပါတယ်။

မေး။ ။ စစ်ကောင်စီတပ်ကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေအနေနဲ့ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲ။ အဲဒါတွေကို ဘယ်လိုဖြေရှင်းနေပါလဲ။

ဖြေ။ ။ အခုလောလောဆယ်မှာ မိုးတွင်းလည်းဖြစ်တယ်။ မိုးကလည်းကြီးနေတော့ စစ်ဘေးရှောင်ပြည်သူတွေမှာ အခက်အခဲတွေ ဖြစ်နေတယ်။ အခု အနီးတဝိုက်ပတ်ဝန်းကျင် သူတို့စစ်ကြောင်းထိုးနေတဲ့ ရွာတွေတော်တော်များများ စစ်ရှောင်နေကြတယ်။ မရှောင်လို့လည်း မရဘူး၊ မထင်ရင်ထင်သလို သူတို့မှာ လူသတ်လိုင်စင်ရထားသလိုမျိုး တောက်လျှောက်ပြုမူနေတယ်။ အရပ်သားပြည်သူတွေလည်း သူတို့နဲ့မတွေ့ရဲဘဲ တရွာလုံးနီးပါး နီးစပ်ရာရွာတွေမှာ စစ်ကြောင်းနဲ့ဝေးတဲ့နေရာမှာ ရှောင်နေရတယ်။

ချို့တဲ့တဲ့ အခြေခံ လူတန်းစားတွေမှာ သူတို့ရဲ့ဆွေမျိုးတွေဆီသွားဖို့လည်း အဆင်မပြေဘဲ အနီးပတ်ဝန်းကျင် ရွာတွေမှာ ဒီလိုပဲ ရှောင်နေကြရတယ်။ နည်းလမ်းပေါင်းစုံနဲ့ သူတို့ကို လူသားချင်း ကူညီမှုတွေပေးတဲ့ ကျန်တဲ့ လူမှုကူညီရေးလုပ်နေတဲ့သူတွေဆီကလည်း အကူအညီတွေ နိုင်သလောက်တော့ပေးနေပါတယ်။ အခြေအနေကတော့ စစ်ကောင်စီစစ်ကြောင်းနဲ့ နီးတယ်ဆိုရင် နီးနီးနားနားရွာတွေက စစ်ရှောင်ကြတယ်။

စစ်ကောင်စီစစ်ကြောင်းက ရွာနဲ့ ခပ်လှမ်းလှမ်းရောက်သွားပြီဆိုရင်တော့ ရွာထဲပြန်ဝင်ကြတာပေါ့။ အခု လောလောဆယ်ဝင်လိုက်ထွက်လိုက် လုပ်နေရတဲ့ ရွာတွေလည်းရှိတာပေါ့။ မိုးတွင်းမှာ တော်တော်လေး အခက်အခဲတွေများတာပေါ့။ တချို့နေရာတွေ ဆိုရင် တဘက်မှာ စစ်ကောင်စီတပ်တွေနဲ့ ပိတ်မိနေတော့ ရွာထဲကထွက်လို့မရ၊ အခြေခံစားသောက်ကုန်တွေ ဈေးကြီးပြီး ပြတ်လပ်နေတဲ့ စစ်ရှောင်တွေရှိတယ်လို့ ကြားရပါတယ်။ လူတွေမှာ ဘာမှ လုပ်ကိုင်စားသောက်လို့မရဘဲ ဒုက္ခရောက်နေကြပါတယ်။

မေး။ ။ အခုနောက်ပိုင်း ထားဝယ်ခရိုင်အတွင်းက လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အခြေအနေရော ဘယ်လိုရှိနေလဲ။

ဖြေ။ ။ လူ့အခွင့်အရေး ချိုးဖောက်ခံရတာကတော့ နေ့စဉ်ရက်ဆက်ပဲ။ ဘာတရားဥပဒေမှ မရှိတော့တဲ့ အခြေအနေမျိုးမှာ နေ့စဉ်ချိုးဖောက်ခံနေရပါတယ်။ စစ်ကောင်စီတပ်က အများ‌ဆုံး လူ့အခွင့်အရေး ချိုးဖောက် နေတာပေါ့။ ဒါပေမဲ့ တခါတလေတော့ ဒီဘက်က တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေဘက်ကလည်း လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိတယ်။

ဘာတွေလည်းဆိုတော့ ဥပမာ – လူတစ်ယောက်ကို ယုံကြည်လို့ မရဘူးဆိုတဲ့ ဆုံးဖြတ်ချက်တွေနဲ့ လွတ်လပ်မျှတတဲ့ တရားစီရင်ရေးမလုပ်ဘဲ တဖက်သတ်ဆုံးဖြတ်ချက်တွေနဲ့ ရွာကနှင်ထုတ်တာတွေ၊ ရွာကိုလာလို့ဆိုပြီး ရိုက်နှက်တာတွေရှိတယ်။ နောက်တခုက ရပ်ထဲရွာထဲမှာ ခိုးဆိုးလုနှိုက်တာမျိုးတွေ ပြီးတော့ အမျိုးသမီးတွေအပေါ်မှာ ကာယိန္ဒြေပျက်ပြားအောင်လုပ်တဲ့ဟာမျိုးတွေကို ကျွန်တော်တို့ ဒေသခံရွာသူ၊ရွာသားတွေ ခံနေရတာပေါ့။

သံလွင်တိုင်းမ် ပေးပို့သည်။