စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၆၀ နီးပါးကို KIA နှင့် ပူးပေါင်းအဖွဲ့တို့က သိမ်းယူထားနိုင်သည့် အခြေအနေနှင့် ပတ်သက်ပြီး KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနှင့် ဆက်သွယ်မေးမြန်းချက်။
ကချင်ပြည်၊ မြစ်ကြီးနား – ဗန်းမော် – လွယ်ဂျယ် ကားလမ်းတလျှောက်ရှိ စစ်ကောင်စီ၏ စစ်ရေးအရအရေးပါသည့် ဗျူဟာမြောက်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA နှင့် ပူးပေါင်းအဖွဲ့တို့က သိမ်းယူထားနိုင်ပြီ ဖြစ်သည်။
မတ်လ ၇ ရက်နေ့ ကနေ မတ်လ ၃၁ ရက်နေ့ အချိန်ထိ စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၆၀ နီးပါးကို KIA နှင့် ပူးပေါင်းအဖွဲ့တို့က သိမ်းယူထားပြီဖြစ်ပြီး ကချင်-တရုတ်နယ်စပ် လွယ်ဂျယ်မြို့၌လည်း စစ်ရေးအခြေအနေက တင်းမာနေသည်ဟု ဒေသခံများက ပြောသည်။
လက်ရှိ KIA နှင့် ပူးပေါင်းအဖွဲ့တို့ သိမ်းယူထားသည့် စခန်းများက စစ်ရေးအရ ဘယ်လောက်ထိ အရေးပါနေပါလဲ။ မြေပြင်မှာ စစ်ရေးအခြေအနေကရော ဘယ်လိုရှိနေပါလဲ၊ ဒီအခြေအနေများနှင့် ပတ်သက်ပြီး KIO/KIA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ အခုလက်ရှိ လွယ်ဂျယ်-ဗန်းမော် လမ်းပိုင်းက နှစ်ဖက်တပ်ကြားတိုက်ပွဲ အခြေအနေကဘယ်လိုရှိနေလဲ။
ဖြေ။ ။ လွယ်ဂျယ်နဲ့ ဗန်းမော်ကြားက တိုက်ပွဲ့တော့ ၂၇ ရက်နေ့ ကနေ ၂၈ ရက်နေ့၊ ၂၉ အထိပေါ့ ရှိပါတယ်။ အဲ့ဘက်က ရှိပါတယ်။ အရေးကြီးတဲ့ တပ်စခန်းကတော့ ယောယုံပေါ့။ အဲ့ဒီယောယုံ တပ်စခန်းကြီးကိုတော့ ကျနော်တို့ သိမ်းပိုက်ထားနိုင်ပါပြီ။ နောက် အဲ့ဒီ ယောယုံတို့၊ စိန်လုံပတ်ဝန်းကျင်က ရှေ့တန်းစခန်းတွေကိုလည်း ကျနော်တို့ ၇ ခုလား မသိဘူး သိမ်းပိုက်လို့ ရပါတယ်။ ဒါကြောင့် အခုကတော့ လွယ်ဂျယ်ကနေ ဗန်းမော်ဘက်ကို သွားတဲ့လမ်းကြောင်းမှာ ကြားမှာတော့ ကျနော်တို့စခန်းတွေ ရပါပြီ။ ဒါကြောင့် လွယ်ဂျယ်က စကစတွေကတော့ ဗန်းမော်ဘက်ကို ကားလမ်းနဲ့ သွားဖို့ကတော့ မရတော့ပါဘူး။ အဲ့ဒါကတော့ ထူးတာတခုရှိပါတယ်။
မေး။ ။ ဗန်းမော်နဲ့ လွယ်ဂျယ်ကြားက စခန်းပေါင်း ဘယ်နှစ်ခုကို သိမ်းထားနိုင်ပြီလဲ။
ဖြေ။ ။ ၇ ခုပေါ့ သိမ်းထားတာက။
မေး။ ။ ယောယုံစခန်းကရော ဘယ်လောက်ထိ အရေးကြီးတဲ့စခန်းလဲ။
ဖြေ။ ။ အရေးကြီးပါတယ်။ လွယ်ဂျယ်ရဲ့ လုံခြုံရေးယူတဲ့ ဗျူဟာကုန်းလည်း ဖြစ်ပါတယ်။ နောက် လွယ်ဂျယ်နဲ့ ဗန်းမော်သွားတဲ့ ကားလမ်းရဲ့ လုံခြုံရေးလည်း ဖြစ်တယ်။ ပြောမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ဒီမိုင်ဂျာယန်ကို လည်း ခြိမ်းခြောက်တဲ့ ဗျူဟာကုန်းစခန်းကြီး ဖြစ်ပါတယ်။ တော်တော်လေး ဗျူဟာကျတဲ့စခန်း ဖြစ်ပါတယ်။ သမိုင်းကြောင်းနဲ့ ပြောမယ်ဆိုရင်လည်း အရင်က ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ အားလုံးစုပြီး အဲ့ဒီယောယုံ စခန်းကို တိုက်ဖူးပါတယ်။ သူတို့လည်း တခါတလေတော့ကျသွား ကျနော်တို့ပြန်ထိုင်၊ သူတို့ပြန်ထိုင် အဲ့လိုနေရာ ဖြစ်ပါတယ်။ ဒီစခန်းက ၈၄ – ၈၅ တုန်းက တခါတိုက်ဖူးတယ်။ ၉၀ ကျော်မှာလည်း တစ်ခါတိုက်ဖူးပါတယ်။
မေး။ ။ လက်ရှိ လွယ်ဂျယ်မြို့ရဲ့ နောက်ဆုံးအခြေအနေလည်း သိချင်ပါတယ်။
ဖြေ။ ။ လွယ်ဂျယ်အခြေအနေကတော့ ကျနော်တို့ KIA တပ်က မသိမ်းပါဘူး။ တိုက်ပွဲလည်း မရှိပါဘူး။ နဂိုပုံမှန် အတိုင်းပဲ ရှိပါတယ်။ စကစဘက်က တပ်တွေလည်း နဂိုအတိုင်းပဲ၊ အရပ်ဘက်ဝန်ထမ်းတွေလည်း သူတို့တာဝန်နဲ့ သူတို့ရှိနေပါတယ်။ ဘာမှ ထူးခြားမှု မရှိပါဘူး။
မေး။ ။ ဒေသခံတွေပြောတာက လွယ်ဂျယ်က စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ မြို့ကနေထွက်ဖို့ KIA နဲ့ ညှိနှိုင်းတာမျိုးတွေရှိတယ် အဲ့လိုမျိုးပြောနေတော့ ဒါကရောဟုတ်ပါလား။
ဖြေ။ ။ အဲ့ဒါတော့ ကျနော်က မကြားမိပါဘူး။
မေး။ ။ နောက်တစ်ခုက မတ်လ ၇ ရက်နေ့ကနေ ဒီနေ့အချိန်ထိပေါ့ KIA က စစ်ကောင်စီရဲ့စခန်းပေါင်း ဘယ်နှစ်ခုကို သိမ်းယူထားနိုင်ပြီလဲ။
ဖြေ။ ။ စုစုပေါင်းကတော့ ၅၆-၅၈ လောက် ရှိပါပြီ။ အဓိကတော့ မြစ်ကြီးနား – ဗန်းမော် ကားလမ်း တကြောလုံးနဲ့ အဲ့ဒီလွယ်ဂျယ်-ဗန်းမော်ကားလမ်း အဲ့ဒီလွယ်ဂျယ်အပေါ်က တောင်ကုန်းပေါ်ကစခန်းတွေ ဖြစ်ပါတယ်။ ကျနော်တို့လိုင်ဇာဘက်က ဟို နာဖော့တို့ လိုင်စင်တို့ပေါ့နော် အဲ့ဒီစခန်းတွေလည်း ပါပါတယ်။
မေး။ ။ ဗန်းမော် – မြစ်ကြီးနား လမ်းကြောင်းပေါ်က တိုက်ပွဲအခြေအတွေကရော ဘယ်လိုရှိနေပါလဲ။ မြေပြင်က အခြေအနေကိုလည်း ပြောပြပေးပါအုံး။
ဖြေ။ ။ မြေပြင်တိုက်ပွဲကတော့ ငြိမ်နေပါတယ်။ မရှိသလောက် ဖြစ်နေပါပြီ။ ဒါပေမယ့် စကစဘက်ကတော့ လေကြောင်းနဲ့ ဗုံးကြဲတာတွေ ရှိပါတယ်။ ဥပမာ မြို့သစ်၊ ကုန်းလော ဒီနေ့ (၃၁ ရက်နေ့) လည်း ဗုံးကြဲတယ်လို့ ကြားရတယ်။ ဒါပေမယ့် ကျနော်တို့ ဗန်းမော်-မြစ်ကြီးနား-ဒီလွယ်ဂျယ် လမ်းပိုင်းအားလုံးမှာက စစ်ပွဲတွေ ဖြစ်နေတယ်။ စစ်မြေပြင် ဖြစ်နေတယ်။ လူထုကလည်း စစ်ရှောင်ဖြစ်နေတယ်။ ဒါကြောင့် ပြည်သူလူထုကတော့ စစ်ရှောင်ဘဝကို ရောက်နေတယ်။ တိုက်ပွဲတွေကလည်း ငြိမ်သွားတာ မဟုတ်ဘူးပေါ့နော်၊ ဆက်ဖြစ်နေတော့ ပြည်သူလူထုရော လုံခြုံတဲ့နေရာဘက်ကို ရွှေ့ပြောင်းနေကြဖို့ပါ။ အသင့်အနေအထားနဲ့နေဖို့ အရေးကြီးပါတယ်။
NMG ပေးပို့သည်။