လမ်းခရီးပိတ်ဆို့မှုကြားက ရခိုင်ကစစ်ဘေးရှောင်တွေ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ကြုံနေကြရလဲ

By MPM 21 ဒီဇင်ဘာ, 2023 👁

လမ်းခရီးပိတ်ဆို့မှုကြားက ရခိုင်ကစစ်ဘေးရှောင်တွေ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ကြုံနေကြရလဲ

ရခိုင်တိုက်ပွဲစတင်သည့် နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီက ဒေသတွင်း ကုန်းလမ်း၊ ရေလမ်းသွားလာမှုကို ပိတ်ဆို့ထားသည်မှာ တစ်လကျော်ထိကြာမြင့်လာပြီး ပြည်သူတစ်သိန်းကျော်မှာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

ရခိုင်ပြည်သူများမှာ စစ်ကောင်စီပိတ်ဆို့မှုကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ စက်သုံးဆီ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး လက်ကျန်ကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းစံချိန်တင် မြှင့်တက်လျက်ရှိသည်။ လက်ရှိစစ်ရေးကာလအတွင်း ယခင်ရှိနှင့်ပြီး စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြသူများ၏ အခက်အခဲ၊ စိန်ခေါ်မှုများကို မေးမြန်းတင်ဆက်လိုက်ပါသည်။

ဒေါ်သာနုဖြူ (တိမ်ညိုစစ်ဘေးရှောင်စခန်း၊ မြောက်ဦးမြို့နယ်)

စားနပ်ရိက္ခာထောက်ပံ့မှု မရတော့ဘူး။ ဆန်ဝယ်ဖို့ ပိုက်ဆံမရှိလို့ သူများရိတ်သိမ်းပြီး လယ်ကွင်းတွေမှာ ကောက်နှံကောက်ပြီး စားနေကြရတယ်။ ကုန်စျေးနှုန်းတွေ စျေးကြီးသွားတော့ အသက်မသေရုံလောက်ပဲ ထမင်းစားနေရတယ်။ တိုက်ပွဲကို မရပ်တန့်ပေမယ့် ပိတ်ဆို့ထားတဲ့လမ်းတွေနဲ့ နိုင်ငံတကာအဖွဲ့တွေကို ကူညီသွားလာခွင့်တွေ ပေးစေချင်တယ်။ ဒီအတိုင်းသာဆိုရင် စစ်ဘေးရှောင်တွေမှာ ငတ်လို့သေရင်သေ၊ အသေမခံနိုင်ရင် ခိုးပြီးတော့ စားကြရတော့မယ့် အခြေအနေရှိတော့တယ်။

ဦးလှမောင်ကျော် (ညောင်ချောင်းစစ်ဘေးရှောင်စခန်း၊ ကျောက်တော်မြို့နယ်)

တိုက်ပွဲဖြစ်လို့ လမ်းတွေပိတ်ဆို့ထားတော့ စားနပ်ရိက္ခာက တနေ့ထက်တနေ့ ကျပ်တည်းလာတယ်။ ဆန်တွေမရှိလို့ တချို့မိသားစုတွေဆိုရင် ထမင်းလျော့စားနေရတဲ့ အခြေအနေပါ။ အလုပ်လည်း မရှိကြတော့ လယ်အလုပ်တွေမှာ နေ့စားလိုမျိုး ဖြစ်သလို ဝင်လုပ်နေကြတယ်။ ကုန်စျေးနှုန်းကလည်း အဆင်မတန် မြင့်တက်နေတော့ ဆီ၊ ငရုတ်ဆို မမြင်ဖူးတော့ဘူး။ ဘယ်လိုရှေ့ဆက်ရမှန်း မသိတော့ဘူး။ ကျနော်တို့အနေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို အကူအညီတွေပေးခွင့် ပြုပေးဖို့ကိုပဲ တောင်းဆိုချင်တယ်။

မအေးအေးခိုင် (တောင်မင်းကုလားစစ်ဘေးရှောင်စခန်း၊ ကျောက်တော်မြို့နယ်)

ကူညီထောက်ပံ့မှုလည်းမရ၊ ကုန်စျေးနှုန်းလည်း မြင့်တက်နေတော့ တနေ့တာစားဖို့အတွက်ပဲ တွေးပူနေရတယ်။ အလုပ်ထွက်လုပ်ဖို့ကလည်း အလုပ်မရှိပြန်ဘူး။ စပါးအငှားရိတ်မယ်ဆိုရင်လည်း အလုပ်ကမရ။ စားနပ်ရိက္ခာ ကျပ်တည်းလာကြတော့ စခန်းအတွင်းမှာ ခိုးမှုတွေတောင် ရှိလာပြီ။ ပြီးရင် စခန်းအတွင်းက ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကလေးမွေးဖွားရတာ တော်တော်လေးကို အခက်ခဲတွေ ဖြစ်နေကြတယ်။ တိုက်ပွဲတစ်လကျော်အတွင်းမှာ မွေးဖွားရ အဆင်မပြေလို့ သေဆုံးတဲ့ကလေး ၄ ဦး အထိ ရှိလာပြီ။ ဒါကြောင့် ပိတ်ဆိုထားတဲ့လမ်းတွေကို ပြည်သူတွေကို ငဲ့ညှာပြီးတော့ ပြန်ဖွင့်ပေးစေချင်တယ်။

ဦးဖြူသာအောင် (အထက်မြတ်လှဲစစ်ဘေးရှောင်စခန်း၊ ပုဏ္ဏားကျွန်းမြို့နယ်)

စစ်ပွဲစတင်ပြီးနောက်မှာ WFP က ရိက္ခာနှစ်လစာ တကြိမ်ရလိုက်တယ်။ ဒါပေမဲ့ အခုကုန်စျေးနှုန်းနဲ့ အဲဒီထောက်ပံ့မှုက ဘယ်လိုမှ လုံလောက်မှုမရှိဘူး။ အခု တချို့မိသားစုတွေဆိုရင် စားဖို့ဆန်မရှိတော့ဘူး။ နီးစပ်ရာက ချေးငှားစားသောက်နေရတယ်။ ဒီစစ်ပွဲသာတာရှည်ပြီး လမ်းတွေကို ပိတ်ဆို့ထားမယ်ဆိုရင်တော့ စစ်ဘေးရှောင်တွေမှာ ငတ်သေဖို့ပဲ ရှိတော့တယ်။

ဒေါ်မသန်းစိုး (စေတီပြင်စစ်ဘေးရှောင်စခန်း၊ ရသေ့တောင်မြို့နယ်)

စားဝတ်နေရေးက အကုန်လုံးခက်ခဲနေကြတော့ ယောကျ်ားတွေက လယ်တွေမှာ စပါးအငှားရိတ်နေကြတယ်။ အမျိုးသမီးတွေလည်း ကောက်နှံတွေကောက်ပြီးတော့ စားနေကြရတယ်။ လင်ယောကျ်ားမရှိတဲ့ သူတွေမှာဆိုရင် တော်တော်အခက်ခဲဖြစ်နေကြတယ်။ တောတောင်ကိုသွားပြီး ရှာဖွေစားသောက်လို့လည်း မရဘူး။ ဆန်၊ ဆီ၊ ဆား၊ ငါးပိ အစုံမစားနိုင်တဲ့သူတွေ အများကြီးပဲ။ ထမင်းတောင် လျော့စားနေကြရတယ်။ လုံခြုံမှုလည်း မရှိဘူး။ တိုက်ပွဲဖြစ်လာရင် ပြေးစရာလည်း မရှိဘူး။

အောင်ထိန် (DMG) ပေးပို့သည်။