4 ဇွန် 2026 /

See today's Peace Related News

Homeအင်တာဗျူး“ရွေးကောက်ပွဲပြီးရင် အာဏာအပ်မယ်ဆိုတာက စစ်တပ်ကို စစ်တပ်က ပြန်အပ်မယ့် အာဏာမျိုးပဲ" ဦးဖေသန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ရခိုင်ဝါရင့် နိုင်ငံရေးသမား)

“ရွေးကောက်ပွဲပြီးရင် အာဏာအပ်မယ်ဆိုတာက စစ်တပ်ကို စစ်တပ်က ပြန်အပ်မယ့် အာဏာမျိုးပဲ” ဦးဖေသန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ရခိုင်ဝါရင့် နိုင်ငံရေးသမား)

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ရခိုင်ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းနှင့် အမေးအဖြေ

လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကော်မရှင်က ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲဟာဘာမှ အနှစ်သာရမရှိတဲ့ ရွေးကောက်ပွဲဖြစ်ပြီး “စစ်တပ်က စစ်တပ်ကို အာဏာပြန်အပ်မယ့် ရွေးကောက်ပွဲသာ” ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်း ဆိုလိုက်ပါတယ်။

ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိတဲ့အပြင် ရခိုင်ပြည်နဲ့ ပြည်သူတွေအတွက်လည်း မည်သည့်အကျိုးသက်ရောက်မှုမှ မရှိဘူးလို့ ပြောဆိုပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး နိရဉ္စရာနဲ့ သီးသန့်အင်တာဗျူးတစ်ခုမှာ ဦးဖေသန်းက အခုလို ပြောဆိုထားတာဖြစ်ပါတယ်။

မေး-စစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ဆရာ့အမြင်လေးသိပါရစေ။

ဖြေ-အခုစစ်ကော်မရှင်လုပ်မဲ့ ရွေးကောက်ပွဲဟာ free and fair မဖြစ်ဘူးဆိုတာလူတိုင်းသိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ USDP ရဲ့ ပြိုင်ဖက် လက်ရေတူ NLD လိုပါတီမျိုးကို ဖျက်သိမ်းထားတယ်။ တခြားအင်အားရှိတဲ့ ပါတီတချို့ကိုလည်းဖျက်သိမ်းထားတယ်။ ပြီးတော့ ပြည်သူတွေကလည်း ဒီနေ့ ရွေးကောက်ပွဲကိုဘယ်သူကမှစိတ်မဝင်စားဘူး။ တစ်နိုင်ငံလုံးမှာလည်း မငြိမ်မသက်မှုတွေ ရှိနေတယ်။မဲဆန္ဒနယ်အများအပြားလည်း ဖျက်သိမ်းထားရတယ်။ ပြီးတော့ ရွေးကောက်ပွဲတချို့နေရာတွေမှာပေါ့နော် ကြံ့ခိုင်ရေးအမတ်တွေက မပြိုင်ဘဲနဲ့ နိုင်ထားတယ်။ ပြည်သူတွေက စိတ်မဝင်စားလေလေ ကြံ့ခိုင်ရေးပါတီဝင်တွေက အနိုင်ရလေလေပေါ့။အဲလိုအခြေအနေကိုထောက်ရင် ၂၀၀၈ ဖွဲ့စည်းပုံ လုပ်ပိုင်ခွင့်နဲ့ပေါင်းလိုက်ရင်တော့ဒါကစစ်တပ်ကပြန်ပြီးတော့ အာဏာရမယ်ဆိုတာ အထူးပြောစရာမလိုဘူး။ ဒါကြောင့်ဒီရွေးကောက်ပွဲဟာ free and fair လုံးဝမဖြစ်ဘူးလို့ ပြောချင်တယ်။

မေး-စစ်အုပ်စုက ပြုလုပ်ဖို့စိုင်းပြင်းနေတဲ့ ဒီရွေးကောက်ပွဲဟာ ရခိုင်ပြည်နဲ့ ရခိုင်ပြည်သူတွေအတွက် ဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိနိုင်မယ်လို့မြင်ပါသလဲဆရာ။

ဖြေ-ရခိုင်လွှတ်တော် ကိုယ်စားလှယ်တချို့ကပေါ့နော် ရွေးကောက်ပွဲဝင်ဖို့သဲသဲမဲမဲ စိုင်းပြင်းနေကြတယ်။ အဲတော့ ဒီလူတွေက အရင်ကလည်းတချို့လွှတ်တော်ကိုယ်စားလှယ်လုပ်ခဲ့ပြီးပြီ။ တချို့လည်းဘဲ အရင်တုန်းက ANP တို့ RNDP တို့ ပြိုင်တဲ့အခါမှာ နိုင်ပေမဲ့ နိုင်ငံရေးအရဘာမှဖြစ်မလာဘူး။ နောက်ပြီးတော့ လုပ်ပိုင်ခွင့်တွေဘာမှမရခဲ့ဘူးဆိုတာလည်းသိပြီးဖြစ်တယ်။ ဒါပေမဲ့ ဇွတ်အတင်း ရွေးကောက်ပွဲမရှိရင်မဖြစ်သလိုပုံစံမျိုး ရွေးကောက်ပွဲမရှိရင်တိုင်းပြည်ပျက်မဲ့ပုံစံမျိုး၊ စစ်တပ်ကပြိုကွဲရင် တိုင်းပြည်ဘာဖြစ်သွားမယ် ညာဖြစ်သွားမယ်ပေါ့။အဲလိုပြောပြီးတော့ စစ်ကောင်စီကို ချီးမွှမ်းပြီးတော့ စစ်ကောင်စီလုပ်မဲ့ရွေးကောက်ပွဲကို သဲကြီးမဲကြီး ဝင်ဖို့ကြိုးစားနေကြတာဖြစ်တယ်။ဒါဟာသူတို့အကျိုးအတွက်ပဲ ဖြစ်လိမ့်မယ်။ တကယ်တမ်းကျတော့သူတို့ရဲ့ရည်မှန်းချက်တွေ ကိုယ့်ဒေသဖွံ့ဖြိုးရေး ကိုယ့်ပြည်သူတွေကောင်းစားရေး ဆိုတာ ဘယ်လိုမှ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးဆိုတာကိုကုန်ခဲ့တဲ့ရွေးကောက်ပွဲတွေက သက်သေပြနေပြီ။

မေး-ပြည်သူတွေလေကြောင်းကဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံးဒဏ်ရာရရှိမှုအများအပြားရှိခဲ့ပါတယ်။ ရွေးကောက်ပွဲ ဝင်ပြိုင်ကြမဲ့ အမတ်လောင်းတွေအပေါ် ဆရာ့ရဲ့ အမြင်လေးကိုသိပါရစေ။

ဖြေ-ရွေးကောက်ပွဲနိုင်တဲ့အစိုးရကို အာဏာသိမ်းပြီးတက်လာတဲ့အစိုးရပေါ့နော်။ အဲဒီအကျိုးဆက်ကြောင့် တစ်နိုင်ငံလုံးမှာ တော်လှန်မှုတွေဖြစ်လာတယ်။ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တဲ့ ပြည်သူတွေကို အကြမ်းပတမ်းနည်းနဲ့ရက်ရက်စက်စက် ချေမှုန်းခဲ့တယ်။ အဲဒီအကျိုးဆက်ကြောင့် မီးပွားတွေဟာတစ်နိုင်ငံလုံး ပျံ့နှံ့သွားတယ်။ အဲလိုအချိန်အခါမျိုးမှာလုပ်မဲ့ရွေးကောက်ပွဲက ဒါဟာ စစ်တပ်ရဲ့ထွက်ပေါက်။ဒါရွေးကောက်ပွဲပြီးရင်အာဏာအပ်မယ်ဆိုတာ စစ်တပ်ကို စစ်တပ်ကပြန်အပ်မဲ့ အာဏာမျိုးဘဲ။ ဆိုတော့အဲလိုအချိန်အခါမျိုးမှာ ကိုယ့်ရခိုင်ပြည်မှာဒုက္ခတွေအများကြီးရောက်နေကြတယ်။ စစ်တပ်ရဲ့ ဒီစစ်မြေပြင်မှာမဟုတ်ဘဲနဲ့ပြည်သူတွေကို နည်းမျိုးစုံနဲ့ပေါ့ သတ်ဖြတ်နေတယ်။ပြည်သူတွေဒုက္ခရောက်အောင်နော် ပြည်သူတွေအသက်ရှင်ရပ်တည်နေနိုင်တဲ့အခြေအနေမရှိအောင်စားနပ်ရိက္ခာဖြတ်တာတို့ စီးပွားဖျက်တာတို့ တနေရာကနေ တနေရာသွားခွင့်လာခွင့်ပိတ်တာတို့၊အခုဆိုရင်ရခိုင်တစ်ပြည်လုံးမှာ လက်နက်ကြီးနဲ့ပစ်တာလေယာဉ်နဲ့ ဗုံးကြဲတာ အဆက်မပြတ်လုပ်နေတယ်။ မြောက်ဦးဖြစ်စဉ်ဆိုရင် တကယ့်ကိုဂျီနီဗာကွန်ဗန်းရှင်း(Genevan Convention)ကို ချိုးဖောက်ရုံမကဘူးနော်ကိုယ့်ပြည်သူပြည်သားအချင်းချင်း စစ်ဘက်နဲ့ ဘာမှမဆိုင်တဲ့ အရပ်ဘက်ပစ်မှတ်အထူးသဖြင့်စာသင်ကျောင်းတို့ ဆေးရုံတို့ အဲလိုပစ်တာမျိုးဟာ တကယ့်ကိုကြီးမားတဲ့ စစ်ရာဇဝတ်မှုတွေဖြစ်တယ်။ အဲလိုလုပ်နေတဲ့အချိန်မှာမဲဆွယ်ကောင်းနေပြီးတော့ အစိုးရကို ဝမ်းနည်းပါတယ်ဆိုတဲ့စကားတောင်မပြောရဲအောင်အထိ ကန့်ကွက်ဖို့နေနေသာသာပေါ့နော်။စိတ်မကောင်းဖြစ်ရပါတယ်ဆိုတဲ့ စကားတောင်မပြောရဲအောင်ထိ မပြောနိုင်အောင်အထိဒါဖြစ်နေကြတယ်ဆိုတာ အားလုံးအမြင်ဘဲ ဖြစ်တယ်။

မေး-ဗုံးကြဲခံရလို့ ပြည်သူတွေ သေကြေနေကြရတဲ့အချိန်မှာ ပြည်သူ့ဘက်ကမရပ်တည်ပေးပဲ ပြည်သူ့ဆီကမဲကိုဘဲ လိုချင်နေကြတဲ့အပေါ် ဘယ်လိုမှတ်ချက်ပြုချင်ပါလဲဆရာ။

ဖြေ-ဒီလိုလူမျိုးတွေပေါ့နော်။ ဒီလိုပုံစံမျိုးနဲ့ပေါ့။ ဒီလို (mindset) စိတ်နေသဘောထားနဲ့ ကျွန်တော်တို့ရခိုင်ပြည်ကို ကောင်းစားအောင်ရခိုင်ပြည်သူတွေ ဆင်းရဲဒုက္ခကလွတ်အောင် လုပ်မယ်ဆိုတာကတော့ ဒါသူတို့ရဲ့မဲဆွယ်ရေးတရားပဲဖြစ်လိမ့်မယ်။ ဘယ်လိုမှ ရခိုင်ပြည်ကောင်းစားလာစရာအကြောင်းမရှိဘူး။ စစ်တပ်ဟာ ရခိုင်ပြည်ကို တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးတော့ဒုက္ခပေးလာတယ်။ ပိုပိုပြီးတော့ ရက်ရက်စက်စက် နှိပ်ကွပ်လာတယ်။ဒါတွေကိုနေ့တိုင်းတွေ့မြင်နေရင်းနဲ့ပေါ့နော် စစ်တပ်ဘက်ကရပ်တည်ပြီးတော့ပြည်သူတွေဘက်ကို လုံးဝဂရုမစိုက်ပဲ ဒီလိုလုပ်နေတဲ့သူတွေရဲ့ပြောကြားချက်တွေဟာ လက်တွေ့မှာ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ တိုင်းပြည်ရဲ့နိုင်ငံရေး အခြေအနေအရလည်း သူတို့ပြောစကားတွေဟာဒါမဲဆွယ်ရေးတရားထက်ပိုပြီးတော့ ဘာမှဖြစ်လာစရာ အကြောင်းမရှိတဲ့အဟောသိကံစကားတွေဘဲ ဖြစ်လိမ့်မယ်လို့ဘဲ ကျွန်တော်က မှတ်ချက်ပြုချင်ပါတယ်။

နိရဉ္စရာ