“ရခိုင်ရှိ စစ်ဘေးရှောင်များ၊ လူငယ်များနှင့် နိုင်ငံရေးသမားများ၏ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အပေါ် ငြိမ်းချမ်းရေးစကားသံများ”

0
454
ရခိုင်ရှိ စစ်ဘေးရှောင်များ၊ လူငယ်များနှင့် နိုင်ငံရေးသမားများ၏ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အပေါ် ငြိမ်းချမ်းရေးစကားသံများ။

ရခိုင်ရှိ စစ်ဘေးရှောင်များ၊ လူငယ်များနှင့် နိုင်ငံရေးသမားများ၏ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အပေါ် ငြိမ်းချမ်းရေးစကားသံများ။

စက်တင်ဘာလ ၂၁ ရက်နေ့သည် ကုလသမဂ္ဂအထွေထွေညီလာခံက သတ်မှတ်ထားသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော နိုင်ငံရေး မတည်ငြိမ်မှုကြားတွင် ပြည်သူလူထုတရပ်လုံးမှာ မငြိမ်းချမ်းမှုကို ခံစားနေကြရသည်။

ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲများ ငြိမ်သက်နေသည်မှာ ၉ လကျော် ကြာမြင့်လာပြီ ဖြစ်သော်လည်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ ကြား အုပ်ချုပ်ရေးအာဏာ အားပြိုင်မှုများ ရှိနေသည်။ ရခိုင်ပြည်တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၅၈,၀၀၀ အထိ ရှိနေသေးပြီး ၎င်းတို့မှာ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို အလူးအလဲ ခံစားနေကြရသည်။

ယင်းသို့ မငြိမ်းချမ်းမှုဒဏ်ကို ခံစားနေရခြင်းနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် စစ်ဘေးရှောင်များ၊ လူငယ်များနှင့် နိုင်ငံရေးသမားများ၏ ငြိမ်းချမ်းရေးအပေါ် အမြင်သဘောထား စကားသံများကို မေးမြန်းတင်ပြလိုက်ပါသည်။

ကိုရှိုင်းငြိမ်းခန့် (ရခိုင်လူငယ်)

ကျနော်တို့အတွက် ငြိမ်းချမ်းရေးဆိုတာ မျှော်လင့်ချက်တစ်ခုပါပဲ။ အခုအချိန်ထိ ငြိမ်းချမ်းရေး အဘက်ဘက်က ချို့ယွင်းနေတာ၊ တန်းတူအခွင့်အရေးတွေ မရသေးတာတွေ အများကြီးပဲ။ အခုဆိုရင် လမ်းသွားလမ်းလာက အစ၊ ခရီးသွားလာမှုတွေ အထိ လုံခြုံမူမရှိ ခြိမ်းခြောက်ခံနေရပြီး စိတ်မလုံခြုံမူတွေကို ခံစားရတယ်။ ပြဿနာတစုံတခု ပေါ်လာရင် အဖြေမပေါ်ဘူး။ အဲဒါကြောင့် ငြိမ်းချမ်းရေးကို လိုလားတယ်။ နှစ်ဖက်တင်းမာမူတွေ၊ ပြည်သူတွေရဲ့ ခံစားချက်ကို မကြည့်တာတွေ၊ မြေပြင်အခြေအနေကို မကြည့်တာတွေ၊ ငြိမ်းချမ်းရေးအတွက် အထက်လူကြီးတွေ နဲ့ အများကြီးဆိုင်ပါတယ်။ ဒါတွေဟာ အုပ်ချုပ်သူတွေရဲ့ လိုအပ်ချက်တွေကြောင့်လို့ မြင်တယ်။ ငြိမ်းချမ်းတဲ့ တိုင်းပြည်နဲ့ မငြိမ်းချမ်းတဲ့ တိုင်းပြည်က အများကြီးကွာတယ်။ အိမ်တစ်အိမ်ရဲ့ အိမ်ထောင်ဦးစီး မကောင်းရင် မိသားစုလိုက် ဒုက္ခရောက်တယ်။ နိုင်ငံအုပ်ချုပ်သူတွေက ငြိမ်းရေးမလိုချင်ဘဲ ငြိမ်းချမ်းရေးကတော့ ဘယ်တော့မှ ရမှာ မဟုတ်ပါဘူး။

ဦးဖိုးစံ (လွှတ်တော်အမတ်ဟောင်း၊ ကျောက်ဖြူမြို့နယ်)

ငြိမ်းချမ်းရေးဆိုတာက ပြည်သူလူထုအပေါ်မှာ ငြိမ်းချမ်းချင်တဲ့စိတ်ဆန္ဒရှိမှ ငြိမ်းချမ်းမှာ။ ပဋိပက္ခဖြစ်ရင် အဲဒီ ပဋိပက္ခကို လက်နက်ကိုင်ပြီး ဖြေရှင်းမယ်ဆိုရင် ဘယ်တော့မှ ငြိမ်းချမ်းရေးရမှာ မဟုတ်ဘူး။ ရခိုင်မှာဖြစ်ဖြစ်၊ ကချင်မှာဖြစ်ဖြစ် ပြဿနာတခုဖြစ်ရင် လူအား၊ လက်နက်အားနဲ့မရရင် လေယာဉ်နဲ့ ဗုံးကြဲတာတွေက ဘယ်လို လုပ်ပြီး ငြိမ်းချမ်းရေး ရတော့မှာလဲ။ ၂၁ ရာစု ပင်လုံဆိုပြီး လုပ်ခဲ့တယ်။ မအောင်မြင်ဘူး။ နောက်ပြီး NCA လက်မှတ်တွေထိုးပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ကြတယ်။ အခုအထိ မအောင်မြင်သေးဘူး။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး မရတာ နှစ်ပေါင်း ၇၀ ကျော်သွားပြီ။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတာလေ။ စစ်အာဏာရှင် စနစ်နဲ့ မဟာလူမျိုးကြီးဝါဒ ရှိနေသမျှ ငြိမ်းချမ်းရေးကို မရနိုင်ဘူး။ အဓိက စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီး ဝါဒကို လျော့ချရမယ်။ အဲဒီလိုဆိုရင်တော့ ငြိမ်းချမ်းရေးနဲ့ အလှမ်းနီးလာလိမ့်မယ်။

မခိုင်အေးညွန့် (စစ်ဘေးရှောင်- ကဝိရတနာစစ်ဘေးရှောင်စခန်း/ ကျောက်တော်မြို့)

ရခိုင်ပြည်ကို ငြိမ်းချမ်းစေချင်ပြီ။ လွတ်လပ်ချင်ပြီ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ့်အိမ်ကို ပြန်သွားချင်ပြီ။ စစ်ပွဲတွေက ဖြစ်၊ နိုင်ငံရေးက မကောင်းတော့ နိုင်ငံကမငြိမ်းချမ်းဘူး။ မငြိမ်းချမ်းတော့ စားဝတ်ရေးကအစ အဆင်မပြေဘူး။ လုံခြုံမှု မရှိဘူးလို့ ခံစားရတယ်။ အဲဒါကြောင့် ငြိမ်းချမ်းရေးက အများကြီး အရေးပါပါတယ်။ ငြိမ်းချမ်းမှ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အကုန်အဆင်ပြေမှာ။ နောက်ပြီး ငြိမ်းချမ်းရေးအတွက် လူတိုင်းမှာ တာဝန်ရှိတယ်။ အထက်လူကြီးတွေ၊ အုပ်ချုပ်သူတွေက အဓိက လုပ်ဆောင်သင့်တယ်။ နောက်ပြီး စစ်ပွဲတွေကို မဖြစ်စေချင်ဘူး။ ကိုယ်လုပ်ချင်တာတွေ လုပ်ခွင့်ရတဲ့ ငြိမ်းချမ်းမှုမျိုးကို လိုချင်တယ်။

ဦးသန်းဌေး (အတွင်းရေးမှူး-၁/ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ)

ကျနော်တို့ ရခိုင်ပြည်နဲ့တကွ တစ်ကမ္ဘာလုံး အမြန်ဆုံး ထာဝရတည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ရစေချင်တယ်။ သက်ဆိုင်ရာအားလုံးက စားပွဲဝိုင်းမှာ နိုင်ငံရေး အဖြေကိုရှာပြီး ငြိမ်းချမ်းစွာ ရှေ့ဆက်ပြီး ပြည်ထောင်စုအတွက်၊ ပြည်နယ်အတွက် အကျိုးရှိအောင်လုပ်ရင် ပိုကောင်းပါမယ်။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် အားလုံးက သဘောတရားပိုင်းဆိုင်ရာ ညီညွတ်ရေးကို အရင်တည်ဆောက်ပြီး ညီညီညွတ်ညွတ်နဲ့ အားလုံးနိုင်ငံရေး သဘော တူညီချက်တွေ ရရှိနိုင်ကြဖို့ကို လိုလားတယ်။ ကျနော်တို့ မမွေးခင်ကတည်းက မြန်မာနိုင်ငံဟာ စစ်ရေး ပဋိပက္ခတွေနဲ့ မငြိမ်းချမ်းခဲ့ဘူး။ နှစ်ပေါင်းများစွာ ငြိမ်းချမ်းရေးနဲ့ ဝေးနေတယ်။ တိုင်းရင်းသားနယ်မြေတွေမှာ ပိုဆိုးတယ်။ ငြိမ်းချမ်းရေးအရသာကို မခံစားဖူးဘူး။ အဲဒါကြောင့် ငြိမ်းချမ်းရေးကို လိုလားတယ်။ ငြိမ်းချမ်းမှ နိုင်ငံမှာ သာယာမယ်။ နေထိုင်စားသောက်ရေးတွေ အဆင်ပြေမယ်။ အဲဒါကြောင့် ငြိမ်းချမ်းဖို့က အရေးကြီးတယ်။

မမေစုလှိုင် (စစ်ဘေးရှောင်-စေတီပြင်စစ်ဘေးရှောင်စခန်း/ရသေ့တောင်မြို့နယ်)

 

ဒီလိုငြိမ်းချမ်းရေးနေ့မှာ တောင်းဆိုချင်တာ တစ်ခုပဲရှိတယ်။ စစ်ဘေးရှောင်နေရတဲ့ဘဝက ကိုယ့်ရပ်ရွာကို ပြန်ချင်တယ်။ အခုက တိုက်ပွဲတွေ ဖြစ်မနေပေမယ့် မိုင်းရှင်းလင်းတာ၊ စစ်ကျန်လက်နက် ရှင်းတာတွေ မရှိဘူး။ အဲဒါကြောင့် ရွာကိုမပြန်ရဲဘူး။ အတတ်နိုင်ဆုံး နယ်မြေရှင်းလင်းမှုတွေ လုပ်ပေးပြီးမှ အိမ်ကို အေးအေးချမ်းချမ်း ပြန်ချင်တယ်။ စစ်ဘေးရှောင်စခန်းမှာကလည်း အခက်အခဲတွေပေါင်းစုံ ရှိနေတော့ အိမ်ကို အေးအေးချမ်းချမ်း ပြန်ချင်ပြီ။
အောင်ထိန်(DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here