ရခိုင်စစ်မီးကြောင့် တရုတ်စီမံကိန်းများစွာတည်ရှိရာ ကျောက်ဖြူမြို့မှာ ဘာတွေဖြစ်ပျက်နေလဲ

By MPM 18 ဒီဇင်ဘာ, 2023 👁

ရခိုင်စစ်မီးကြောင့် တရုတ်စီမံကိန်းများစွာတည်ရှိရာ ကျောက်ဖြူမြို့အတွင်း လက်ရှိဖြစ်ပေါ်နေသော လူမှုဘဝအခြေအနေများကို ကျောက်ဖြူမြို့ခံအမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

ရခိုင်ပြည်အတွင်း တိုက်ပွဲများ ပြင်းထန်နေချိန် စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထား၍ ပြည်သူများမှာ ရိက္ခာပြတ်လပ်မှုဒဏ်ကို ကြုံတွေ့နေရသည်။ ယင်းအထဲ တရုတ်စီမံကိန်းကြီးများတည်ရှိရာ ကျောက်ဖြူမြို့လည်း အပါအဝင်ဖြစ်သည်။

ပင်လယ်ကျွန်းမြို့အလျောက် စားနပ်ရိက္ခာအတွက် ကျေးလက်ဒေသနှင့်အခြားမြို့နယ်များကို မှီခိုနေရသည့် ကျောက်ဖြူမြို့အတွင်း လက်ရှိဖြစ်ပေါ်နေသော လူမှုဘဝအခြေအနေများကို ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးအား ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကျောက်ဖြူမြို့ လက်ရှိအခြေအနေကို ပြောပြပေးပါ။

ဖြေ။ ။ စက်သုံးဆီ ပြတ်လပ်သွားလို့ အခုဆို စက်ဘီးတွေ စီးနေကြတယ်။ စက်သုံးဆီကို လုံးဝ မသုံးရတဲ့ အခြေအနေ၊ နောက်ပြီး ကုန်စုံဆိုင်တွေမှာ ပစ္စည်းတွေအားလုံးနီးပါး ပြတ်လပ်တဲ့အထိ ဝယ်ရခက်သွားပြီ။ မြို့ထဲမှာဆိုရင် မုန့်ဆိုင်တွေအစ ဆိုင်တွေအားလုံး ပိတ်ထားတယ်။ လမ်းတွေမှာဆိုရင်လည်း ကလေးတွေကျောင်းပို့ချိန်၊ ဈေးသွားတဲ့အချိန်တွေလောက်ပဲ လူနည်းနည်းရှိပြီတော့ များသောအားဖြင့် မြို့မှာ လှုပ်ရှားမှုတွေ မရှိတော့ဘူး။

မေး။ ။ ရိက္ခာပြတ်တဲ့အခြေအနေက ဘယ်လောက်ထိ ဆိုးဝါးနေပြီလဲ။

ဖြေ။ ။ ပြောရရင် ဟိုတစ်လောက ကျောင်းဆရာမတစ်ယောက်ရဲ့ နေအိမ်ရှေ့မှာ အာဟာရပြတ်တဲ့ဒဏ်ကြောင့် လူတစ်ယောက် လဲကျသွားတယ်။ သူ့ရဲ့ပုဆိုးခါးစမှာ ထုတ်လာတဲ့ဆန်တချို့က မြေကြီးပေါ်မှာ ပြန့်ကြဲနေတာပေါ့။ ဒါကို ဆရာမက အမြင်မတော်လို့ အပြင်ထွက်ပြီး တွဲကူပေးရင်း သူ့ကိုမေးကြည့်တော့ ဆွေမျိုးတစ်ယောက်ဆီမှာ ဆန်သွားတောင်းလာတာ နို့ဆီဗူး၂ ဗူးစာ ရခဲ့တယ်တဲ့။ ပြီးတော့ သူက ‘ထမင်းဝဝလင်လင် မစားရတာကြာပြီ၊ ကလေးတွေကို ဦးစားပေးရတဲ့အတွက် ထမင်းမစားရတာ နှစ်ရက်သုံးရက်ရှိပြီ’လို့ ပြောတယ်။ အဲဒီဆရာမက သူ့မှာရှိတဲ့ ဆန်နည်းနည်းလောက် ပေးလိုက်တယ်။ အဲဒါက ကျောက်ဖြူမှာ ဘယ်လောက်ထိ ငတ်ပြတ်နေပြီလဲဆိုတာ သက်သေပြလို့ရတဲ့ ဖြစ်စဉ်တစ်ခုပါ။ ဒီလိုကြုံနေရတဲ့လူတွေ အများကြီး ရှိသေးတယ်။

မေး။ ။ မရှိဆင်းရဲသားတွေကို လူမှုကူညီရေးအဖွဲ့တွေက ဆန်လှူနေတာက ဘယ်လိုအခြေအနေရှိနေလဲ။

ဖြေ။ ။ အခုက လူမှုရေးလုပ်တဲ့လူတွေကိုလည်း စစ်ကောင်စီက လိုက်ဖမ်းနေတာတွေရှိတယ်။ ပေါ်ပေါ်ထင်ထင် လုပ်လို့မရဘူး။ အခက်အခဲတွေ ကြားထဲမှာ ကြံဖန်ပြီး လုပ်နေရတာ။ ဒီလိုအခြေအနေနဲ့ ဘယ်လောက်ထိ လုပ်ပေးနိုင်မလဲဆိုတာ ပြောရရင် အခုက ရုန်းကန်နိုင်စွမ်း ကုန်သွားကြပြီလို့ မြင်တယ်။ အရင်ကလို ကိုယ်စားနေတဲ့ စံနှုန်းအတိုင်း မစားရတော့ လူတွေဟာ အာဟာရပြတ်လပ်မှုတွေ ကြုံတွေ့လာရမယ်။ ဆိုတော့ ဒီပုံစံအတိုင်းဆို ရှေ့မှာဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ သေချာမပြောနိုင်ပေမဲ့ မကောင်းတာကတော့ သေချာတယ်။

မေး။ ။ လမ်းပိတ်ထားတာဆိုတော့ နေ့စဉ်ဖြစ်နေတဲ့ လူမှုရေးကဏ္ဍကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ ကျန်းမာ‌ရေးပိုင်းဆိုရင် လက်ရှိမှာ မြေပုံကနေ ဆေးကုသနေတဲ့ နှလုံးခွဲစိပ်ရမယ့် ကလေးတစ်ယောက် ရှိနေတယ်။ ရောဂါက ရန်ကုန်ကိုသွားကုရမယ်လို့ ဆရာဝန်ညွှန်ကြားတယ်။ ဆိုတော့ ကားလမ်းပိတ်ထားတယ်၊ လေယာဉ်နဲ့ သွားမယ်ဆိုတော့လည်း ဆင်းရဲတော့ ငွေမရှိဘူး။ ဒါကို လူမှုရေးလုပ်နေတဲ့လူငယ်တချို့က အလှူခံပြီး ရန်ကုန်ပို့နိုင်ဖို့ စီစဉ်နေတယ်။ နောက်တစ်ခုကတော့ စစ်တပ်က ဆေးကုသပေးတဲ့ သင်္ဘောတွေ လာရောက်တာရှိတယ်။ ဒါက လူတွေကို ဒုက္ခရောက်အောင်လုပ်ပြီးမှ ကယ်တင်ရှင်ပုံစံ ဝင်လာတာ။ ဆေးကုတာကို မကောင်းဘူးလို့ ပြောတာမဟုတ်ဘူး။ အဓိက လူတွေရဲ့ရောဂါမျိုးစုံအတွက် ဒီလိုလမ်းပိတ်ထားတာ မဖြစ်သင့်ဘူး။ ပညာရေးကတော့ စစ်ပွဲစဖြစ်တုန်းက ကျောင်းပိတ်ထားတယ်။ မိဘတွေကလည်း သားသမီးလုံခြုံရေးစိုးရိမ်မှုနဲ့ ကျောင်းမပို့ကြတော့ဘူး။ နည်းနည်းပါးပါးလောက်ပဲ တက်ကြတော့တယ်။

မေး။ ။ ရှေ့ကာလမှာ ဘယ်လိုအကျိုးဆက်တွေ ရှိလာနိုင်လဲ။

ဖြေ။ ။ ပိုက်ဆံရှိတဲ့အသိုင်းအဝိုင်းကတော့ ကြံဖန်ပြီး တောင့်ခံလို့ရတယ်။ ဆင်းရဲသားတွေကတော့ အာဟာရပြည့်ဝဖို့ မဖြစ်နိုင်ဘူး။ အရင်ကတည်းက အာဟာရဖွံ့ဖြိုးမှု နည်းပါးတဲ့အထဲ အခုဆို ပိုးဆိုးသွားတာပေါ့။ ကလေးတွေဟာ အာဟာရချို့တဲ့မှုဒဏ်ကို ရင်ဆိုင်ရပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည်ပိုင်းမှာ ထိခိုက်လာနိုင်တယ်။ လမ်းပိတ်ဆို့ထားတဲ့ တစ်လအတွင်းမှာတောင်မှ ငတ်ပြတ်နေကြပြီ။ ရေရှည်ဆိုရင် မလွယ်ဘူး။

မေး။ ။ ဒေသတွင်းလုံခြုံရေးက ဘယ်လိုရှိနေလဲ။

ဖြေ။ ။ မြို့ပေါ်လမ်းတွေမှာ စစ်ကောင်စီက လုံခြုံရေးတိုးချဲ့ထားတယ်။ ဂိတ်တွေမှာ ယူနီဖောင်းအပြည့်နဲ့ စစ်ဆေးနေတာ ရှိတယ်။ ပိုက်ဆံရှိတဲ့လူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းက လူတွေကို လိုက်ဖမ်းနေတယ်။ ဒါကြောင့် တချို့က ကျေးလက်ကို ရှောင်ပြေးနေရတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာကို မသိရဘူး။ ဆိုတော့ ပြည်သူကို စောင့်ရှောက်မယ်ဆိုတဲ့ ရဲတွေက “ဘယ်နေ့ ငါတို့ကိုလာဖမ်းမလဲ” ဆိုတာ ပြည်သူတွေက စောင့်နေရသလိုပဲ။

မေး။ ။ ကျေးလက်ဒေသတွေမှာရော ဘယ်လိုရှိနေလဲ။

ဖြေ။ ။ နယ်ဘက်မှာက ဆန်နဲ့အခြားရိက္ခာက မြို့ထက်စာရင် စိုးရိမ်စရာ သိပ်မရှိဘူးပေါ့။ ဆန်ထွက်တယ်။ ဟင်းသီးဟင်းရွက် စိုက်တယ်။ ချောင်းမှာလည်း ငါးဟင်းအနည်းငယ် ရှာစားလို့ရနိုင်တယ်။ ဒါပေမဲ့ ကျန်းမာရေးကိစ္စ ဆေးဝါးပြတ်လပ်တာရှိတော့ ဒေသကဆေးဆရာတွေနဲ့ ကုကြရတာ။ အရေးပေါ် ကျန်းမာရေးကိစ္စအတွက် မြို့ကိုလာလို့ရပေမဲ့ အားလုံးတော့ အဆင်မပြေကြဘူး။

မေး။ ။ လတ်တလော ကျောက်ဖြူဒေသခံတွေ ကြုံနေရတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်လဲ။

ဖြေ – ဟိုတလောက ဆန်ကုန်သည်အသင်းက ဆန်သွင်းနိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်။ ဆန်ရောင်းတဲ့လူတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်တယ်။ ဆန်ကုန်သွယ်လို့ ရမလားဆိုပြီး မျှော်လင့်ခဲ့ပေမယ့် အခုထိမထူးခြားပါဘူး။ လက်ရှိအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အခုချိန်ထိ စည်းရုံးတိုင်ပင်ကြတာ မရှိသေးဘူး။ ဒါကို SEZ နဲ့ ဆက်စပ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်နေတဲ့ ဦးငြိမ်းချမ်းမောင်တို့၊ အမတ်ဟောင်း ဦးဘရှိန်တို့က ပြောနိုင်ဆိုနိုင်တွေဖြစ်လို့ သက်ဆိုင်ရာဌာန၊ အာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာတာမျိုးတွေ လုပ်သင့်တယ်လို့ မြင်တယ်။

မေး။ ။ ဖြည့်စွက်ပြောချင်တာတွေကို ပြောပြပေးပါ။

ဖြေ။ ။ ကျောက်ဖြူမြို့မှာ ကမ္ဘာ့အဆင့်ကြီးမားတဲ့ စီမံကိန်းတွေရှိတယ်။ ဒီဟာကို ညီနောင်သုံးဖွဲ့က ဖျက်လိုဖျက်ဆီး လုပ်လိမ့်မယ်လို့ မထင်ဘူး။ ဒီအဖွဲ့တွေက တရုတ်နဲ့ အတိုင်းအတာတစ်ခုထိ ဆက်ဆံရေးရှိကြတယ်။ ဒါကြောင့် ကျောက်ဖြူဟာ သူတို့ရဲ့ပစ်မှတ်မဟုတ်ဘူးလို့ ပြောလို့ရတယ်။ နယ်ဘက်တွေမှာတော့ ရဲကင်းစခန်းတွေ ဆုတ်ခွာကြတာတော့ ရှိတယ်။ တရုတ်စီမံကိန်းရှိတဲ့ မြို့အနီးထိတော့ တိုက်ပွဲဖြစ်ဖို့ဆိုတာ မလွယ်ဘူး။ အဲဒီလို မဖြစ်နိုင်တာကို စစ်ကောင်စီက ဘာကြောင့် ပိတ်ဆို့မှုတွေ လုပ်ရသလဲ။ ဒီလိုလုပ်ဆောင်ခြင်းရဲ့နောက်ကွယ်မှာ အလွှာတိုင်းက လူတွေ၊ အထူးသဖြင့် ဆင်းရဲသားတွေက ပိုပြီးထိခိုက်စေတယ် ဆိုတာကို မတွေးကြတာလား။ ဒါတွေကို မတွက်ချက်ဘဲ အချိန်အကြာကြီး ပိတ်ဆို့ထားရင် အရမ်းစိုးရိမ်စရာဖြစ်တယ်။ ဒါကြောင့် ဒီလုပ်ရပ်တွေကို အမြန်ဆုံး ရုပ်သိမ်းပေးဖို့ စစ်ကောင်စီကို တိုက်တွန်းချင်တယ်။

အောင်ထိန် (DMG) ပေးပို့သည်။