မြန်မာစစ်အုပ်စုနှင့် တရုတ်တွင် တွေ့ဆုံမှုများ ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ဆက်ဆံရေးများအကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် The Diplomat ၏ လူတွေ့မေးမြန်းခန်း

By MPM 20 မေ, 2026 👁 1

အာရက္ခတပ်တော် (AA) နှင့် ၎င်း၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့သည် လက်ရှိတွင် စစ်အုပ်စုကို ခုခံတော်လှန်နေကြသည့် အင်အားအကြီးမားဆုံး တော်လှန်ရေးအဖွဲ့အစည်းများထဲတွင် အပါအဝင်ဖြစ်သည်။

၂၀၀၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၇ နှစ်အကြာတွင် AA သည် မြန်မာနိုင်ငံအနောက်ဘက် ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်းတလျှောက်ရှိ ရခိုင်ဒေသ၏ ၉၀ ရာခိုင်နှုန်းနီးပါးကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

ယင်းမှာ လက်ရှိနိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတခုအနေဖြင့် သိမ်းပိုက်ထားနိုင်သည့် အကြီးမားဆုံးသော နယ်မြေဧရိယာပင်ဖြစ်သည်။ ဒေသတွင်းရှိ ရိုဟင်ဂျာမွတ်စလင်များအပေါ် စစ်အုပ်စု၏ စစ်ဆင်ရေးများကြောင့် ရခိုင်ဒေသသည် ၁၉၇၀ ပြည့်လွန်နှစ်များကတည်းက ကမ္ဘာ့အာရုံစိုက်မှုကို ရရှိခဲ့သည့် ဒေသတခုလည်း ဖြစ်သည်။

AA နှင့် ULA ကို ဦးဆောင်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် ယခင်က မီဒီယာဌာနများကို အွန်လိုင်းမှတဆင့် တွေ့ဆုံမေးမြန်းမှုများ ဖြေကြားခဲ့ဖူးသော်လည်း၊ နိုင်ငံခြားသတင်းထောက်တဦးနှင့် လူကိုယ်တိုင် တွေ့ဆုံမေးမြန်းမှုမျိုး မလုပ်ခဲ့ဖူးပေ။

ယခု ပထမဆုံးအကြိမ်အဖြစ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် The Diplomat သတင်းဌာန၏ သတင်းထောက် ရာဂျိ ဘာတာချာယာ (Rajeev Bhattacharyya) နှင့် မတ်လ ၂ ရက်နေ့တွင် ရခိုင်ဒေသ၏ တနေရာ၌ တွေ့ဆုံခဲ့သည်။ သတင်းထောက်သည် ထိုတွေ့ဆုံရာနေရာသို့ ရောက်ရှိရန် ကုန်းလမ်း၊ ရေလမ်းခရီးစဉ်အပြင် တောတောင်ထူထပ်သော လမ်းများကိုပါ ဖြတ်ကျော်ခဲ့ရသည်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် မြန်မာစစ်အုပ်စုနှင့် တွေ့ဆုံမှုများ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့နှင့် AA ၏ ဆက်ဆံရေး၊ ၎င်းတို့အဖွဲ့အပေါ် စွပ်စွဲထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအဝင် အမျိုးမျိုးသော ကိစ္စရပ်များအပေါ် ၎င်း၏ အမြင်များကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်ဟု The Diplomat သတင်းတွင် ဖော်ပြထားပြီး ၎င်းနှင့် လူတွေ့မေးမြန်းမှု အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

မေး – ခင်ဗျားရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ခေါင်းဆောင်တဦး ဖြစ်လာပုံကို ပြောပြပေးပါလား။

ဖြေ – ကျွန်တော် စစ်တွေမြို့က ဥပဒေကျောင်းမှာ ပညာသင်ကြားခဲ့ပေမဲ့ သင်တန်းကို အဆုံးထိ မပြီးမြောက်ခဲ့ပါဘူး။ ကျွန်တော်ဟာ ကျောင်းသားခေါင်းဆောင်တဦးအဖြစ် တက်ကြွစွာ လှုပ်ရှားခဲ့သူပါ။ တနေ့မှာတော့ ကျွန်တော် ကိုးတန်း ကျောင်းသားဘဝတုန်းက စစ်တပ်နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတခု ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကြီးကြီးမားမားတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ အဲဒါဟာ ကျွန်တော့်ဘဝမှာ စစ်တပ်နဲ့ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့မှုပါပဲ။

ကျွန်တော် ၁၉၉၀ ကျော်နှောင်းပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို စတင်ဖြတ်ကျော်ခဲ့ပါတယ်။ ပထမဆုံးအကြိမ်ကတော့ ၁၉၉၈ ခုနှစ်၊ Operation Leech အတွင်း ရခိုင်တော်လှန်ရေးသမားအချို့ ကျဆုံးသွားခဲ့ပြီးတဲ့ နောက်ပိုင်းမှာပါ။ ကျွန်တော်တို့ဟာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နဲ့ ရခိုင်ပြည်အမျိုးသားညီညွတ်ရေးပါတီ (NUPA) တို့ရဲ့ လှုပ်ရှားမှုတွေကနေ သင်ခန်းစာတွေ အများကြီး ရခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ အဲဒီအဖွဲ့တွေဟာ ကျွန်တော်တို့ ထင်ထားသလောက် အင်အားမတောင့်တင်းဘူးဆိုတာကို သဘောပေါက်လာခဲ့တယ်။ ညီညွတ်မှုရှိဖို့ လိုအပ်နေပြီဆိုတာကိုလည်း ကျွန်တော် နားလည်လာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်အထိ ကျွန်တော်တို့ဟာ အဲဒီရခိုင်အဖွဲ့အစည်းတွေအားလုံး ညီညွတ်သွားဖို့ မျှော်လင့်ခဲ့ကြတာပါ။

အဲဒီနှစ်မှာပဲ ကျွန်တော်ဟာ အထောက်အထားစာရွက်စာတမ်းတွေ မပါဘဲ အိန္ဒိယနိုင်ငံကို ခရီးထွက်ခဲ့ပါတယ်။ မဏိပူရ်နယ်စပ်ကနေ အိန္ဒိယထဲကို ဝင်ပြီးတဲ့နောက် အင်ဖာမှာ ခဏနေခဲ့တယ်၊ အဲဒီကတဆင့် အာသံပြည်နယ်က ဂူဝါဟာတီကို သွားခဲ့ပါတယ်။ အဲဒီမှာ ထရီပူရက ခေါင်းဆောင်တဦးအပါအဝင် တခြားခေါင်းဆောင်တော်တော်များများနဲ့ တွေ့ဆုံဆွေးနွေးခွင့် ရခဲ့ပါတယ်။ ဂူဝါဟာတီကနေတဆင့် ဒေလီကို ရထားနဲ့ ဆက်သွားခဲ့တယ်။ ဒေလီက ဗီကပ်စ်ပူရီမှာ ရက်ပေါင်း ၂၀ ကြာ နေရင်း ရခိုင်အမျိုးသားကွန်ဂရက်ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ ခေါင်းဆောင်တွေဟာ အရေးမပါတဲ့ ကိစ္စအသေးအမွှားလေးတွေနဲ့ ပတ်သက်ပြီး အချင်းချင်း အငြင်းပွားနေကြတာကို တွေ့ခဲ့ရတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့ လိုလားတဲ့ ညီညွတ်ရေးဆိုတာ ဒီလူတွေနဲ့ဖြစ်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကို ကျွန်တော် အသေအချာ ယုံကြည်သွားခဲ့တယ်။ သူတို့နဲ့ အချိန်ဖြုန်းနေလို့ မဖြစ်တော့ဘူးဆိုတာကိုလည်း ကျွန်တော် နားလည်သွားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အပါအဝင် မြန်မာနိုင်ငံရဲ့ တခြားဒေသတွေက အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးထူထောင်ဖို့ စပြီး စဉ်းစားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်က သူငယ်ချင်းတွေကတဆင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ချိတ်ဆက်မှုတွေ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တယ်။ ကျွန်တော်ဟာ စစ်တွေတက္ကသိုလ်မှာ ဥပဒေဘာသာရပ်ကို တက်ရောက်နေရင်းနဲ့ပဲ တဖက်မှာလည်း ခရီးသွားဧည့်လမ်းညွှန်အဖြစ် လုပ်ပါတယ်။ ကျောက်မျက်ရတနာရောင်းတဲ့ အလုပ်လည်းလုပ်ပါတယ်။ ဒီအလုပ်တွေကတဆင့် ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ တခြားနိုင်ငံတွေက ခရီးသွားတွေနဲ့ ချိတ်ဆက်မိပြီး ကျွန်တော့်ရဲ့ ကွန်ရက်ကို ပိုမိုကျယ်ပြန့်အောင် လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်နဲ့ အဆက်အသွယ်ရှိတဲ့ အမေရိကန်သူငယ်ချင်းအချို့က ကျွန်တော့်ကို အမေရိကန်မှာ ပညာသင်ဖို့ ဖိတ်ခေါ်ခဲ့ကြပေမဲ့ ကျွန်တော်ကတော့ လက်တွေ့ကွင်းဆင်းဆောင်ရွက်ရတဲ့ အလုပ်တွေကိုပဲ ပိုပြီး စိတ်ဝင်စားခဲ့ပါတယ်။

အဲဒီ ၂၀၀၅ ခုနှစ်မှာ ကျွန်တော် အိမ်ထောင်ကျပြီးပါပြီ။ ကျွန်တော့်ဇနီးကိုလည်း ရခိုင်ပြည်အတွက် ကျွန်တော် စဉ်းစားထားတဲ့ အစီအစဉ်တွေအကြောင်း ပြောပြထားပြီးသားပါ။ အခု ကျွန်တော်တို့အဖွဲ့အစည်းရဲ့ ဒုတိယဥက္ကဋ္ဌ-၃ အဖြစ် တာဝန်ယူထားတဲ့ ကျွန်တော့်ရဲ့ အစ်ကိုဖြစ်သူက KIA နဲ့ ချိတ်ဆက်မှုတွေရအောင် ကူညီပေးခဲ့ပါတယ်။ ကျွန်တော် ကချင်ပြည်နယ်ကို သွားဖို့အတွက် ကျွန်တော့်ရဲ့ Omega နာရီကို ဒေါ်လာ ၄၀၀ နဲ့ ရောင်းခဲ့ရပါတယ်။ ၂၀၀၆ ခုနှစ်မှာ ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ် သွားခဲ့တာကတော့ KIA နဲ့ အမြင်ချင်းဖလှယ်ဖို့ရယ်၊ အဲဒီမှာပေးနေတဲ့ သင်တန်းတွေကို နှစ်ပတ်ကြာ လေ့လာစောင့်ကြည့်ဖို့ရယ်အတွက် ဖြစ်ပါတယ်။

KIA နဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ကျွန်တော်တို့ သုံးနှစ်လောက် အချိန်ယူခဲ့ရတယ်။ အဲဒီအချိန်မှာ KIA ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ အချိန်ဖြစ်ပြီး KIA ကို နယ်ခြားစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းဖို့ ဖိအားပေးခံနေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီအဆိုပြုချက်အပေါ် KIA အတွင်းမှာလည်း သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ သင်တန်းတွေပေးဖို့ KIA ဆီကနေ ခွင့်ပြုချက်ရခဲ့ပြီး နောက်တနှစ်မှာတော့ သင်တန်းတွေ စတင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က သင်တန်းသား ၅၀ လောက် ပို့ဖို့ စီစဉ်ခဲ့ပေမဲ့ KIA က သင်တန်းသား ၂၆ ဦးကိုပဲ လက်ခံခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဆွေအချို့ဟာ ကချင်ပြည်နယ်ကို သွားတဲ့လမ်းမှာ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

ကျွန်တော်တို့ဟာ ကချင်ပြည်နယ်မှာ နှစ်နှစ်လောက်နေပြီးရင် ရိုင်ဖယ်သေနတ် အလက် ၂၀၀ လောက်နဲ့ ရခိုင်ကို ပြန်ဖို့ စဉ်းစားခဲ့ကြပါတယ်။ အဲဒီမှာ စစ်ရေးကိစ္စရပ်တွေကို လေ့လာခဲ့ကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စစ်သေနင်္ဂဗျူဟာနဲ့ နည်းဗျူဟာတွေအကြောင်းကို အများကြီး စဖတ်ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ပြည်ပရောက်ကျောင်းသားလူငယ်တွေနဲ့ အဆက်အသွယ်လုပ်ပြီး သင်တန်းပေးဖို့အတွက် လူသစ်တွေကို စတင်ရှာဖွေခဲ့ပါတယ်။ KIA ဘက်ကတော့ (စစ်တပ်နဲ့ အပစ်အခတ်ရပ်စဲထားချိန်) ဒီလိုသင်တန်းပေးနေတာတွေကို လျှို့ဝှက်ထားချင်ကြတယ်။

နှစ်နှစ်အတွင်းမှာ ကျွန်တော်တို့ သင်တန်းသား ၃၀၀ လောက်ကို လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။ တချို့အချိန်တွေမှာ ရိက္ခာပြတ်လပ်တာမျိုးတွေ ကြုံခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ နယ်စပ်က ကျောက်စိမ်းလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်ခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ကျွန်တော်တို့ရဲ့ ကွန်ရက်ကို ပိုမိုကျယ်ပြန့်အောင်လုပ်ဖို့အတွက် ရွှေတြိဂံဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေကို လူ ၁၉ ယောက် စေလွှတ်ခဲ့ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်က ကိုးကန့်နဲ့ ပလောင် အဖွဲ့တွေနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေး ထူထောင်နိုင်ခဲ့ပါတယ်။ အဲဒီဒေသတွေဆီကနေ လက်နက်အချို့ကိုလည်း စုဆောင်းရရှိခဲ့ပါတယ်။

AA နှင့် စစ်အုပ်စု ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုဟာ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ပလက်ဝမြို့မှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ မြန်မာစစ်ဗိုလ်ကြီးတဦးကို ရှင်းနိုင်ခဲ့ပါတယ်။

မေး – ခင်ဗျားဟာ စစ်ရေးအတွေ့အကြုံမရှိပေမဲ့ AA ရဲ့ စစ်ရေးအောင်မြင်မှုတွေဟာ အံ့ဩလောက်စရာပါပဲ။ ဒီအောင်မြင်မှုရဲ့ လျှို့ဝှက်ချက်က ဘာများလဲ။

ဖြေ – ပြောပြီး လက်တွေ့မလုပ်တဲ့အရာတွေ ရှိကြသလို၊ လက်တွေ့လုပ်ပေမဲ့ ထုတ်မပြောတဲ့အရာတွေလည်း ရှိပါတယ်။ ပြီးတော့ ပြောလည်းပြော၊ လက်တွေ့လည်းလုပ်ပြတဲ့အရာတွေလည်း ရှိတာပေါ့။ ရခိုင်ပြည်နယ်ဟာ သေးငယ်တဲ့နေရာလေးတခု ဖြစ်ပေမဲ့ အရင်တုန်းကတော့ ကျွန်တော်တို့ဟာ ဒီလောက် မသေးငယ်ခဲ့ပါဘူး။ နယ်မြေအပိုင်းအစလေးတခုအတွက် အချင်းချင်း အငြင်းပွားနေမယ့်အစား ကျွန်တော်တို့ လုပ်ဖို့လိုအပ်တာကိုပဲ အာရုံစိုက်လုပ်ဆောင်ရမှာပါ။ နယ်မြေချဲ့ထွင်တဲ့ ရည်မှန်းချက်အကြောင်းတွေ ပြောနေမယ့်အစား ကိုယ့်ရဲ့ မစ်ရှင်အတိုင်း အလုပ်လုပ်တာက ပိုကောင်းပါတယ်။

ကျွန်တော်တို့ရဲ့ အောင်မြင်မှုအတွက် အထောက်အကူပြုတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ထူးကဲသာလွန်တဲ့ အောင်မြင်မှုအဆင့်ကိုတော့ မရောက်ရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ စိတ်ရှည်ရမယ်၊ ဆက်အာရုံစိုက်ရမယ်၊ ပြီးတော့ အကန့်အသတ်နဲ့သာရှိတဲ့ အရင်းအမြစ်တွေကိုလည်း စနစ်တကျ စီမံခန့်ခွဲသွားရပါမယ်။

ကျွန်တော်တို့ အောင်မြင်ရခြင်းရဲ့ အဓိကအကျဆုံး အကြောင်းရင်းကတော့ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုပါပဲ။ ကျွန်တော်တို့ဟာ ရခိုင်ပြည်အတွင်းမှာရှိတဲ့ မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းတွေအကြား ယုံကြည်မှုကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ၂၀၁၂ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် မွတ်စလင်အသိုင်းအဝိုင်းတွေနဲ့ ကျွန်တော်တို့အကြား အပြန်အလှန် မယုံကြည်မှုတွေ အများကြီးရှိခဲ့ပါတယ်။ အဲဒီတုန်းက အဲဒီအသိုင်းအဝိုင်း အတော်များများဟာ မြန်မာနိုင်ငံကနေ မောင်းထုတ်ခံခဲ့ရပါတယ်။ သာမန်အချိန်မျိုးမှာဆိုရင် သူတို့ဆီကို ချဉ်းကပ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ အခြေအနေပါ။ သူတို့ကိုယ်တိုင်ကလည်း မိတ်ဆွေတွေကို ရှာဖွေနေကြချိန်ဖြစ်ပြီး ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကို သူတို့ဆီ သွားရောက်ရှင်းပြခဲ့ပါတယ်။ ဒါဟာ အလွန်အရေးကြီးတဲ့ ခြေလှမ်းတရပ် ဖြစ်ခဲ့ပါတယ်။

“မြေပြင်အနေအထားဟာလည်း နောက်ထပ် အရေးပါတဲ့ အချက်တချက်ပါ။ စစ်အုပ်စုမှာ ပိုကောင်းတဲ့ အခြေခံအဆောက်အအုံတွေ ရှိပါတယ်။ ကျွန်တော်တို့မှာတော့ အရင်းအမြစ်တွေ ကန့်သတ်ချက်ရှိပေမဲ့ အဲဒါတွေကို အကောင်းဆုံးဖြစ်အောင် အသုံးချခဲ့ပါတယ်။ စစ်ပွဲတွေအတွင်းမှာ ရဲစွမ်းသတ္တိနဲ့ စွမ်းရည်တွေ ပြသခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ စစ်သည်တော်တွေနဲ့ အရာရှိတွေကို ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။ ကျွန်တော်တို့ ဌာနချုပ်ဟာ ဂြိုဟ်တုဆက်သွယ်ရေး အပါအဝင် ရရှိနိုင်တဲ့ နည်းပညာအားလုံးကို ထိထိရောက်ရောက် အသုံးပြုခဲ့ပြီး ထိရောက်တဲ့ ဆက်သွယ်ရေးစနစ်ဖြစ်အောင် ပေါင်းစပ်တည်ဆောက်နိုင်ခဲ့ပါတယ်။

အခု ပြန်ပြောင်းသုံးသပ်ကြည့်တဲ့အခါ ကျွန်တော့်ရဲ့ အဖွဲ့တခုလုံးမှာ ကြိုတင်ပြင်ဆင်မှု အားကောင်းပြီး သန္နိဋ္ဌာန်ပြတ်သားတဲ့ လူအမြောက်အမြား ရှိနေတာကို တွေ့ရပါတယ်။ ကျွန်တော်ဟာ သူတို့နဲ့ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

မေး – ၂၀၂၅ ခုနှစ်ဟာ စစ်ရေးအရ မတိုးသာမဆုတ်သာ နှစ်တနှစ် ဖြစ်နေတယ်။ AA အနေနဲ့ ကျောက်ဖြူနဲ့ စစ်တွေမြို့တွေကို တိုက်ခိုက်ဖို့ ရှောင်ကြဉ်ခဲ့ပေမဲ့ တခြားတော်လှန်ရေးအဖွဲ့တွေနဲ့ မဟာမိတ်ပြုပြီး မြန်မာနိုင်ငံအလယ်ပိုင်းအထိ ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ ဒါဟာ ဗျူဟာပြောင်းလဲလိုက်တာကို ပြသနေတာလား။

ဖြေ – ကျွန်တော်တို့ရဲ့ ဗျူဟာနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ပြောဖို့ကတော့ အချိန်စောလွန်းပါသေးတယ်။ အချိန်မတန်သေးပါဘူး။

မေး – AA အနေနဲ့ စစ်တပ်ဘက်က ကမ်းလှမ်းလာမယ့် ညှိနှိုင်းအဖြေရှာရေးအဆိုပြုချက်ကို ကြိုဆိုနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိနေတာနဲ့ပတ်သက်ပြီးတော့ကော

ဖြေ – နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတာနဲ့ တည်ငြိမ်မှုရှိတာဟာ လူတိုင်းရဲ့ အကျိုးစီးပွားအတွက် ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးအရ ရင့်ကျက်မှုရှိဖို့ လိုပါတယ်။ ဒီလောက်ပဲ ပြောပါရစေ။

မေး – ကျွန်တော် ရခိုင်ဒေသကို ရောက်ရှိနေတဲ့ တလနီးပါးကာလအတွင်းမှာပဲ ဒီဒေသမှာ လေကြောင်းတိုက်ခိုက်မှု ခြောက်ကြိမ်ထက်မက ဖြစ်ပွားခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်က လူ ၁၇ ဦး သေဆုံးခဲ့တဲ့ နေရာကို ကျွန်တော် သွားခဲ့သေးတယ်။ အခု ရွေးကောက်ပွဲတွေ ပြီးစီးသွားပြီဆိုတော့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီး များလာနိုင်ပါတယ်။ ဒီအန္တရာယ်ကို ဘယ်လိုကိုင်တွယ်ဖို့ စီစဉ်ထားပါသလဲ။

ဖြေ – အရပ်သားပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးဟာ ကျွန်တော်တို့အတွက် ပထမဦးစားပေးပါ။ အရပ်သားတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်ဖို့အတွက် ရွေးချယ်စရာ နည်းလမ်းမှန်သမျှကို ကျွန်တော်တို့ ရှာဖွေစူးစမ်းနေပါတယ်။ ဒါဟာ ခက်ခဲတဲ့အလုပ်တခုပါ။ ဒီလေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကို မှတ်တမ်းတင်နိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်၊ ဒါပေမဲ့ အဲဒီလိုလုပ်ဆောင်ချက်တွေဟာ သိပ်ပြီးတော့ ထိရောက်မှု မရှိသေးပါဘူး။ ဒါဟာ အလွန်ကြီးမားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်စရာကိစ္စရပ်တခုပါ။ အဲဒါကြောင့်လည်း စစ်တပ်က အရပ်သားတွေကို ဆက်ပြီး ဗုံးကြဲနေသရွေ့ ကျွန်တော်တို့အတွက် နိုင်ငံရေးအရ အဖြေရှာဖို့ နည်းလမ်းတွေကို ရှာဖွေဖို့ဆိုတာ အလွန်ခက်ခဲပါလိမ့်မယ်။ စစ်အုပ်စုဟာ အသာစီးရတဲ့ အနေအထားကနေ ဆွေးနွေးချင်နေတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ အဲဒီလို ဖိအားပေးမှုတွေအောက်မှာ အရှုံးပေး ဒူးထောက်သွားမှာ မဟုတ်ပါဘူး။

မေး – ပြီးခဲ့တဲ့ နှစ်နှစ်လောက်က တရုတ်နိုင်ငံမှာ စစ်အုပ်စု ကိုယ်စားလှယ်တွေနဲ့ AA တို့ ဆွေးနွေးမှုတွေ ရှိခဲ့တယ်လေ။ အဲဒီတုန်းက ရခိုင်ဒေသမှာ စစ်အုပ်စု တပ်စွဲမထားဖို့ AA ဘက်က တောင်းဆိုခဲ့တာကြောင့် ဆွေးနွေးပွဲတွေ ပျက်ပြားခဲ့ရတယ်။ အခုအချိန်မှာရော သူတို့နဲ့ အဲဒီလို ဆွေးနွေးမှုမျိုးတွေ ပြန်လုပ်ဖို့ ဆန္ဒရှိပါသလား။

ဖြေ – ခင်ဗျားပြောတာ မှန်ပါတယ်။ အဲဒါဟာ ကျွန်တော်တို့ လိုလားတဲ့အချက်ပါပဲ။ စစ်အုပ်စုက ကျွန်တော်တို့ကို ၂၀၂၃ ခုနှစ်မတိုင်ခင်က အခြေအနေမျိုးဆီ ပြန်သွားစေချင်နေတာပါ။ အဲဒီလိုသာဆိုရင် ကျွန်တော်တို့ဘက်ကလည်း ၁၇၈၄ ခုနှစ် (ရခိုင်ပြည်နယ် လွတ်လပ်ရေးဆုံးရှုံးခဲ့သည့်နှစ် ) က အခြေအနေမျိုးဆီ ပြန်သွားချင်တာပေါ့။ သူတို့အနေနဲ့ လက်တွေ့မကျတဲ့အရာတွေကို တောင်းဆိုနေမယ့်အစား မြေပြင်က ပကတိအခြေအနေတွေကို အခြေခံပြီး အားလုံးပါဝင်နိုင်တဲ့၊ စိတ်ရင်းမှန်ရှိတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကိုပဲ အာရုံစိုက်သင့်ပါတယ်။ ညှိနှိုင်းဆွေးနွေးမှုဆိုတာ မြေပြင်က အရှိတရားတွေနဲ့ ကင်းကွာနေလို့ မရပါဘူး။

မေး – ကျွန်တော် ၂၀၂၃ ခုနှစ်မှာ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကို သွားတုန်းက တော်လှန်ရေးအဖွဲ့အတော်များများရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အများစုက ၂၀၂၅ ခုနှစ်ကုန်မှာ စစ်အုပ်စု ပြုတ်ကျသွားလိမ့်မယ်လို့ ယုံကြည်ချက်အပြည့်နဲ့ ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အဲဒီလို ဖြစ်မလာခဲ့ပါဘူး။ အဲဒီအစား စစ်တပ်ဟာ အချို့ဒေသတွေမှာ အင်အားပြန်ကောင်းလာတာမျိုးတောင် တွေ့ရပါတယ်။ ဒီအပေါ် ဘာများ ပြောချင်ပါသလဲ။

ဖြေ – အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေသူဖြစ်ပြီးတော့ ကျွန်တော်တို့ သူတို့ကို လေးစားပါတယ်။ တခြား အင်အားစုတွေလည်း ရှိနေပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ အားလုံးဟာ ရှင်းလင်းတဲ့ နိုင်ငံရေးအနာဂတ်တခုအတွက် စုစည်းကြဖို့ မျှော်လင့်ပါတယ်။ လက်ရှိ အခြေအနေကတော့ ခန့်မှန်းရ ခက်ခဲနေဆဲပါပဲ။ စစ်အုပ်စု ကျင့်သုံးနေတဲ့ နည်းဗျူဟာတွေကြောင့် နောက်ထပ် သွေးထွက်သံယိုမှုတွေလည်း ပိုများလာပါလိမ့်မယ်။

မေး – အခု အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးအကြောင်း ပြောကြရအောင်။ ခင်ဗျားက ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (BNP) အစိုးရကို ဂုဏ်ပြုစကား ပြောကြားခဲ့ပြီးပြီ။ ယေဘုယျအားဖြင့် ယူဆကြတာကတော့ BNP အစိုးရဟာ ပြတ်သားလွန်းတဲ့ ရပ်တည်ချက်မျိုးကို ရှောင်ကြဉ်ပြီး ရခိုင်အရေးနဲ့ ပတ်သက်ရင် မူဝါဒနှစ်ရပ်ကို ကျင့်သုံးလိမ့်မယ်လို့ ဆိုကြပါတယ်။ အဲဒါတွေကတော့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လက်ခံဖို့ AA ကို ဖိအားပေးတာမျိုးနဲ့ တဖက်မှာလည်း ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) နဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) လို မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေကို လက်နက်တပ်ဆင်ပေးတာမျိုးတွေ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့်ရှ်အစိုးရသစ်အပေါ် ဘယ်လိုမျှော်လင့်ထားပါသလဲ။

ဖြေ – ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ကတော့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တခု ဖန်တီးနိုင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့ပါပဲ။ ပထမဦးဆုံးအနေနဲ့ သူတို့ကို အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ တိုက်ခိုက်နေမယ့်အစား ဒီဒေသမှာရှိနေတဲ့ အင်အားစုတွေကို လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ရပါလိမ့်မယ်။ ရက္ခိုင်ပြည်သူ့အစိုးရကို လုပ်ပိုင်ခွင့်တွေ ပေးအပ်ခြင်းမရှိဘဲနဲ့တော့ ကောင်းမွန်တဲ့ အခြေအနေတရပ် ဖြစ်ပေါ်လာဖို့ဆိုတာ အလွန်ခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့အတွက် သင့်တော်ကောင်းမွန်တဲ့ အခြေအနေတရပ်ကို ဖန်တီးပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့ အမြင့်ဆုံးဦးစားပေးကတော့ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ပါပဲ။ ဒါပေမဲ့ မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကတော့ ပြဿနာတွေကို ပိုပြီး ကြီးထွားလာစေပါလိမ့်မယ်။ ကျွန်တော်တို့ကတော့ ဘယ်လိုအခြေအနေမျိုးကိုမဆို ရင်ဆိုင်ကျော်လွှားဖို့ အသင့်ရှိနေပါတယ်။

မေး – မြန်မာစစ်အုပ်စုဟာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကို လက်နက်တွေ ထောက်ပံ့ပေးထားပါတယ်။ အခုချိန်မှာ စစ်တပ်က ပိုပြီးတော့ ရန်လိုတိုက်ခိုက်လာနိုင်တဲ့ အနေအထားရှိပါတယ်။ RSO နဲ့ ARSA အဖွဲ့တွေမှာလည်း မောင်တောနယ်စပ်နဲ့ အလွန်နီးကပ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာ စခန်းတွေ ရှိနေပါတယ်။ ဒါကြောင့် AA အနေနဲ့ စစ်မျက်နှာနှစ်ခုဖွင့်ပြီး တိုက်ခိုက်ရမယ့် အခြေအနေမျိုးကိုလည်း ထည့်သွင်းစဉ်းစားထားရမှာ ဖြစ်နေတယ်လေ။

ဖြေ – ကျွန်တော်တို့ဘက်ကတော့ အဲဒီလိုအခြေအနေမျိုးကို ရှောင်ရှားနိုင်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။ ဘာလို့လဲဆိုတော့ အဲဒါဟာ ကျွန်တော်တို့အတွက် ဘာမှအကျိုးမရှိသလို၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်လည်း အကျိုးရှိမှာ မဟုတ်လို့ပါပဲ။

မေး – ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေကိုလည်း ချက်ချင်းပြန်စချင်တဲ့ ဆန္ဒရှိပါသလား။

ဖြေ – ဟုတ်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးတွေ ပြန်စနိုင်ဖို့အတွက် နယ်စပ်နှစ်ဖက်စလုံးမှာ စောင့်ဆိုင်းနေကြတဲ့ ကုန်သည်တွေနဲ့ အဖွဲ့အစည်းတွေ အများကြီးရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ လူဦးရေထူထပ်တဲ့ နိုင်ငံတခုဖြစ်သလို၊ နယ်စပ်တလျှောက်မှာ နယ်စပ်ကုန်သွယ်ရေးကို မှီခိုနေရတဲ့ ရေလုပ်သားတွေအပါအဝင် လူမှုအသိုင်းအဝိုင်းတွေ အများကြီး ရှိနေပါတယ်။ မြေပြင်က ပကတိအခြေအနေတွေကိုသာ အပြန်အလှန် လက်ခံလိုက်ကြမယ်ဆိုရင် ဒီပြဿနာတွေကို အခင်အမင်မပျက် ဖြေရှင်းနိုင်မှာပါ။ ဒါတွေသာ ဖြစ်လာမယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမှာပါ။ ရေလုပ်သားတွေကိုလည်း ငါးဖမ်းဖို့ ခွင့်ပြုပေးသွားမှာဖြစ်သလို၊ သူတို့ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း စနစ်တကျ စည်းကမ်းသတ်မှတ် ပေးသွားမှာ ဖြစ်ပါတယ်။

မေး – ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စင်္ကြံ အစီအစဉ်က ဘာလဲ။ အဲဒီအစီအစဉ်မှာ ပါဝင်ပတ်သက်ဖို့ အမေရိကန်က တကယ်ပဲ စိတ်ဝင်စားခဲ့ပါသလား။

ဖြေ – အမေရိကန်က တကယ်တမ်း စိတ်ဝင်စားခဲ့တယ်လို့ ကျွန်တော်မထင်ပါဘူး။ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGO) တွေနဲ့ လူပုဂ္ဂိုလ်တချို့ကသာ စိတ်ဝင်စားခဲ့ကြတာ။ ဒီစီမံကိန်းအပေါ် စိတ်ဝင်စားတဲ့ တခြားသော ကမ္ဘာ့ အင်အားစုတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး မီဒီယာတွေမှာ အများကြီး ဟိုးဟိုးကျော်ကျော် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒါဟာ လက်တွေ့မကျပါဘူး။ ဒုက္ခသည်တွေကို စစ်မြေပြင်ထဲကို တွန်းပို့တာဟာ လူသားဆန်တဲ့ လုပ်ရပ်မဟုတ်ပါဘူး။ စစ်ပွဲပြီးဆုံးသွားရင်တောင်မှ ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့အတွက် သင့်တော်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တခု ရှိနေဖို့ လိုအပ်ပါတယ်။

မေး – ပါကစ္စတန်နဲ့ တူရကီနိုင်ငံတွေက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ လက်နက်ကိုင်အဖွဲ့ကိစ္စတွေမှာ ဘာကြောင့် အခုလို ပါဝင်ပတ်သက်နေကြတာလဲ။

ဖြေ – ဒါဟာ တကယ့်ကို စိုးရိမ်စရာကောင်းတဲ့ ကိစ္စပါ။ (ရိုဟင်ဂျာတွေအကြား လက်နက်ကိုင် လှုပ်ရှားမှုတွေကို) ပိုမိုဆိုးရွားစေတဲ့ အချက်တွေထဲက တခုလည်း ဖြစ်ပါတယ်။ ဒါဟာ ဘင်္ဂလားဒေ့ရှ်အတွက်ရော ကျွန်တော်တို့အတွက်ပါ မကောင်းတဲ့အချက်ပါ။ ဘင်္ဂလားဒေ့ရှ် BNP အစိုးရအနေနဲ့ မှန်ကန်တဲ့ မူဝါဒတွေနဲ့ အရေးယူဆောင်ရွက်မှုတွေကို စတင်လုပ်ဆောင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ တခါတလေမှာ မူဝါဒတွေက မှန်ကန်နေတတ်ပေမဲ့ လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ လွဲချော်သွားတာမျိုးတွေ ရှိတတ်ပါတယ်။

မေး – ပါကစ္စတန်အနေနဲ့ အိန္ဒိယကို ပစ်မှတ်ထားတိုက်ခိုက်ဖို့အတွက် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေကို အသုံးချလာနိုင်တယ်လို့ ခင်ဗျားထင်သလား။

ဖြေ – ဒုက္ခသည်တွေဟာ အသုံးချခံရနိုင်ခြေရှိတဲ့အတွက် သူတို့ကို ကျွန်တော်တို့ စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့မှာ အိန္ဒိယနဲ့ တူညီတဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။ ဒီဒေသတွင်းက လက်နက်ကိုင်အစွန်းရောက် လှုပ်ရှားမှုတွေဟာ အိမ်နီးချင်းနိုင်ငံတွေကိုပါ ကူးစက်သွားနိုင်ပြီး ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိနေပါတယ်။

မေး – အိန္ဒိယအစိုးရဆီကနေရော ဘာတွေ မျှော်လင့်ထားပါသလဲ။

ဖြေ – အိန္ဒိယဟာ ဒီဒေသတွင်းမှာ အလွန်အရေးပါတဲ့ အင်အားစုတခုပါ။ အိန္ဒိယနိုင်ငံ ပိုမိုဖွံ့ဖြိုးတိုးတက်ပြီး အောင်မြင်လာတာကို ကျွန်တော်တို့ မြင်တွေ့ချင်ပါတယ်။ အိန္ဒိယနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့လည်း မျှော်လင့်ပါတယ်။ ကုလားတန်စီမံကိန်းအတွက်လည်း ကျွန်တော်တို့ဘက်က ကူညီဖို့ အသင့်ပါပဲ။

မေး – AA အနေနဲ့ စစ်ပွဲတွေရပ်တန့်ဖို့ တရုတ်က အပြင်းအထန်ဖိအားပေးနေတယ်။ ဒီအပေါ်မှာရော ဘယ်လိုတုံ့ပြန်ခဲ့ပါသလဲ။

ဖြေ – ဒါကို ဖိအားလို့ မဆိုလိုချင်ပါဘူး၊ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို တည်ငြိမ်တာကို မြင်ချင်တာပါ။ တချို့ကတော့ ဒါကို ဖိအားလို့ ပြောကြမှာပေါ့။ နိုင်ငံတိုင်းက ကိုယ့်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားကြတာပဲဖြစ်လို့ တရုတ်နိုင်ငံကလည်း သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ လုပ်ဆောင်ရမှာပါပဲ။

မေး – AA ဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ရင် AA ဟာ အဓမ္မ စစ်သားစုဆောင်းမှုတွေ လုပ်နေတယ်ဆိုပြီး ရိုဟင်ဂျာ၊ ခူမီး နဲ့ ချင်းအဖွဲ့အစည်းတွေဘက်က မကြာခဏ စွပ်စွဲချက်တွေ ရှိနေပါတယ်။ ဒီအပေါ်မှာ ဘာများ ပြောချင်ပါသလဲ။

ဖြေ – တချို့လူတွေဟာ လူ့အခွင့်အရေး ဥပဒေတွေကို လက်နက်တခုသဖွယ် အသုံးချနေကြပါတယ်။ ဒီစွပ်စွဲချက်တွေရဲ့ အရင်းအမြစ်ကို ကြည့်မယ်ဆိုရင် အုပ်စုတချို့နဲ့ အထူးသဖြင့် ပြည်ပရောက် တက်ကြွလှုပ်ရှားသူတွေက ဒီလိုစွပ်စွဲချက်တွေလုပ်ပြီး အကျိုးအမြတ် ရနေတာကို တွေ့ရပါလိမ့်မယ်။ ချင်းလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေဟာ ချင်းလူမျိုးတရပ်လုံးကို ကိုယ်စားမပြုပါဘူး။ ကျွန်တော်တို့ဟာ ချင်းပြည်နယ်က ချင်းလူမျိုးအများစုနဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ ကျွန်တော်တို့ အချင်းချင်း ကူညီကြသလို ရှေ့လျှောက်လည်း မွတ်စလင် (ရိုဟင်ဂျာ) လူမှုအသိုင်းအဝိုင်းနဲ့ ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာမှာပါ။ ကျွန်တော်တို့ဟာ ယုံကြည်မှုကို တည်ဆောက်နေရတာ ဖြစ်လို့ အချိန်ယူရပါလိမ့်မယ်။ အရင်အစိုးရရဲ့ မှားယွင်းတဲ့ မူဝါဒတွေကြောင့် ဒီလိုစွပ်စွဲချက်တွေ ရှိနေတာပါ။ အဓမ္မစစ်သားစုဆောင်းမှုနဲ့ ပတ်သက်ရင်တော့ ရခိုင်ပြည်နယ်ဟာ စစ်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အရေးပေါ် အခြေအနေအရ လုပ်ဆောင်ရတဲ့ အစီအမံတွေ ရှိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ စစ်သားစုဆောင်းတဲ့အခါ အလွန်သတိထားပါတယ်၊ စုဆောင်းခံရသူတိုင်းကို သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို သေချာရှင်းပြပါတယ်။

မေး – AA အနေနဲ့ မူးယစ်ဆေးဝါး ကုန်သွယ်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ခင်ဗျား ရှင်းလင်းထားပါတယ်။ ဒါပေမဲ့ ကျွန်တော် ရခိုင်ပြည်နယ်မှာ နေတုန်း လေ့လာသိရှိရသလောက်တော့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာပြည်မဘက်ကနေ မူးယစ်ဆေးဝါးတွေ စီးဝင်လာမယ့် အန္တရာယ်ရှိနေပါတယ်။ လွန်ခဲ့တဲ့ သုံးရက်ကတင် ရခိုင်ပြည်နယ် မောင်တောမြို့က လူတယောက်ဟာ စိတ်ကြွဆေးပြား အမြောက်အမြားနဲ့အတူ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်အတွက် ပေါ်ပေါက်လာနေတဲ့ စိန်ခေါ်မှုတရပ်လို့ ခင်ဗျား မြင်မိသလား။

ဖြေ – ဒါဟာ အလွန်ရှုပ်ထွေးတဲ့ အခြေအနေတခုပါ။ ရခိုင်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးပြဿနာဟာ စစ်အုပ်ချုပ်ရေးကာလတုန်းကထက်စာရင် အများကြီး လျော့နည်းသွားပါပြီ။ မြန်မာနိုင်ငံအလယ်ပိုင်းက လာတဲ့ လမ်းကြောင်းအတော်များများဟာလည်း အခုဆိုရင် ပိတ်ဆို့ထားပြီးသားပါ။ စစ်ဆေးရေးဂိတ်တွေလည်း အများကြီး ရှိပါတယ်။ (မြန်မာနိုင်ငံမှာ) မူးယစ်ဆေးဝါး ထုတ်လုပ်မှုဟာ စက်မှုလုပ်ငန်းအဆင့်အထိ ရှိနေတာပါ။ ပြီးခဲ့တဲ့လကပဲ ရှမ်းပြည်နယ်မှာ မူးယစ်ဆေးဝါးတွေ အကြီးအကျယ် ဖမ်းမိခဲ့ပါတယ်။ စစ်အုပ်စုဟာ အဓိပ္ပာယ်မရှိတဲ့ စွပ်စွဲချက်တွေကို လုပ်နေတာပါ။ အဲဒီတုန်းက စက်ရုံဝန်းတခုလုံးကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။ သူတို့ဟာ အဲဒီစက်ရုံဝန်း ရှိနေတာကို သိနေတာ ကြာပါပြီ။

ရခိုင်ပြည်နယ်မှာ မူးယစ်ဆေးဝါးပြဿနာကို အမြစ်ပြတ်အောင် တိုက်ဖျက်နိုင်ပြီလို့တော့ ကျွန်တော်တို့ မပြောနိုင်သေးပါဘူး။ ဆေးစွဲနေသူတွေနဲ့ မူးယစ်ဆေးကုန်ကူးသူတွေ ရှိနေဆဲပါ။ ငါးဖမ်းလှေတွေဟာလည်း အထက်အောက် စုန်ချည်ဆန်ချည် သွားလာနေကြတာဖြစ်လို့ သူတို့ ဘာတွေသယ်ဆောင်လာသလဲဆိုတာ ကျွန်တော်တို့ အတိအကျ မသိနိုင်ပါဘူး။ ရန်ကုန်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းနဲ့ ကော့ဘဇားဘက်ကို သွားနေတဲ့ သင်္ဘောတွေလည်း ရှိပါတယ်။ ဒီပြဿနာကို အမြစ်ပြတ်အောင် လုပ်ဖို့ဆိုတာ အချိန်ယူရပါလိမ့်မယ်။

မေး – ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကျွန်တော်ဟာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်က ကျေးရွာတချို့ကို သွားပြီး ဒေသခံတွေနဲ့ စကားပြောခဲ့ပါတယ်။ ရိုဟင်ဂျာမဟုတ်တဲ့ ရွာတွေနဲ့ ရိုဟင်ဂျာရွာတချို့ဟာ ARSA အဖွဲ့ရဲ့ အန္တရာယ်ကို အမြဲတမ်း စိုးရိမ်ကြောက်လန့်နေကြရပါတယ်။ ခင်ဗျားရဲ့အစိုးရအနေနဲ့ ဒီဒေသတွေမှာ အုပ်ချုပ်ရေးယန္တရားကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေးဘူးလို့ ထင်ပါတယ်။ ဒီဒေသတွေအတွက် ဘယ်လိုအစီအစဉ်တွေ ရှိပါသလဲ။

ဖြေ – ဒါဟာ ရိုးရှင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ဒီဒေသက ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေ၊ အထူးသဖြင့် မြိုတိုင်းရင်းသား ကျေးရွာတွေကို အကူအညီတွေ ပေးအပ်နေပါတယ်။ သူတို့ထဲက တချို့ဟာ မူးယစ်ဆေးဝါး ကုန်သွယ်မှုမှာ ပါဝင်ပတ်သက်နေကြပါတယ်။ တချို့ကလည်း ARSA အဖွဲ့နဲ့ လက်တွဲနေကြတယ်လို့ ကြားပါတယ်။ သူတို့အချင်းချင်းကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် သေဆုံးမှုတွေ အများကြီးရှိနေတာဟာလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ မောင်တောဒေသကို ကျွန်တော်တို့ မသိမ်းပိုက်နိုင်ခင်တုန်းက စစ်တပ်နဲ့ ဒေးလ်မိုဟာမက် (Dil Mohammad) လို မူးယစ်ဘုရင်တွေဟာ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွေ တော်တော်လုပ်ခဲ့ကြတာပါ။ အခုတော့ ကျွန်တော်တို့ဟာ ဒေသခံတွေအတွက် ပိုမိုကောင်းမွန်တဲ့ လုံခြုံရေး ပေးနိုင်ဖို့ ဒီဒေသကို အဓိက အာရုံစိုက်ပြီး ဆောင်ရွက်နေပါတယ်။

မေး – ဆရာဝန်နဲ့ ဆေးဝါးပြတ်လပ်မှုတွေလည်း အလွန်ဆိုးရွားနေတယ်။ ပြည်တွင်းနေရပ်စွန့်ခွာရသူတွေရဲ့ အခြေအနေကလည်း တကယ့်ကို စိတ်မကောင်းစရာပဲနော်။

ဖြေ – ကျွန်တော်တို့ ဒီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းနေပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တခြားဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်လာအောင် ကြိုးစားနေပါတယ်။ ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေ ပိုရဖို့၊ ဆေးဝါးတွေ အပြတ်အလပ်မရှိ စီးဆင်းနိုင်ဖို့နဲ့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို ထပ်ခန့်ဖို့ လုပ်ဆောင်နေပါတယ်။ နောက်ပြီး ကျွန်တော်တို့ဟာ ရခိုင်ပြည်နယ်မှာ ဆေးတက္ကသိုလ် နဲ့ သူနာပြုသင်တန်းကျောင်း တွေကို ဖွင့်လှစ်ဖို့ ဆုံးဖြတ်ထားပြီး ဒီလုပ်ငန်းစဉ်တွေအပေါ်မှာလည်း အလွန်စိတ်လှုပ်ရှားနေပါတယ်။ ဒီနှစ်ထဲမှာတင် သူနာပြု ၁၂၀ ကို လေ့ကျင့်သင်ကြားပေးဖို့ စီစဉ်ထားပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ဆီမှာ ဆရာဝန် ၅၀ ကနေ ၆၀ အထိ ရှိနေပြီး မကြာခင်မှာလည်း နောက်ထပ် ဆရာဝန်တွေ ပိုမိုပူးပေါင်းလာဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆရာဝန်နဲ့ သူနာပြုတွေရဲ့ နောက်ခံသမိုင်းကြောင်း ဒါမှမဟုတ် လူမျိုးစုအပေါ်မှာ ခွဲခြားထားတာမျိုး မရှိပါဘူး။ အိန္ဒိယဆရာဝန်တွေ အပါအဝင် ကျွန်တော်တို့နဲ့ ပူးပေါင်းချင်သူ ဘယ်သူ့ကိုမဆို လှိုက်လှိုက်လှဲလှဲ ကြိုဆိုသွားမှာပါ။

မေး – ရှေ့လာမယ့် လပိုင်းတွေမှာ မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး ဘာတွေမျှော်လင့်ထားပါသလဲ။

ဖြေ – နွေဦးတော်လှန်ရေးရဲ့ ရလဒ်ကို ဆုံးဖြတ်ဖို့ဆိုတာ AA တဖွဲ့တည်းရဲ့ မျှော်လင့်ချက်နဲ့တင် မလုံလောက်ပါဘူး။ မြန်မာနိုင်ငံအလယ်ပိုင်းက ပြည်သူတွေ၊ သူတို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ ဒေသတွင်းက ဖြစ်ပျက်ပြောင်းလဲနေတဲ့ အခြေအနေတွေကိုပါ ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ရဲ့ အခြေအနေတွေကို အပြည့်အဝ လေးစားပါတယ်။ သူတို့နဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသလို၊ ရည်မှန်းချက်ချင်း တူညီတဲ့ အဖွဲ့အစည်းတွေကိုလည်း ကူညီပေးနေပါတယ်။

မေး – နောက်လာမယ့် နှစ်နှစ်မှာ ရခိုင်ပြည်နယ်ရဲ့ အခြေအနေက ဘယ်လို ဖြစ်လာမယ်လို့ မြင်ပါသလဲ။

ဖြေ – ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေ အမြန်ဆုံး အဆုံးသတ်သွားတာကို မြင်တွေ့ချင်သလို၊ လက်တွေ့ကျပြီး ရေရှည်တည်တံ့တဲ့ အဖြေတခုကိုလည်း ရှာတွေ့ချင်ပါတယ်။ မြန်မာပြည်သူပြည်သားတွေရဲ့ မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ကျွန်တော်တို့ဟာ အဆိုးဆုံး အခြေအနေတွေအတွက်အထိ ကြိုတင်ပြင်ဆင်ထားကြရပါမယ်။

မဇ္ဈိမ