“မတူပီ အတွေ့အကြုံအရဆိုရင် စစ်ကောင်စီက ချင်းပြည်နယ်မှာက တော်လှန်ရေးအင်အားစုတွေလည်း အားကောင်းလာတယ်။ အဲဒီတော့ ဖြစ်နိုင်ရင်တိုက်ပွဲတွေမှာ တပ်မှူးတွေအနေနဲ့ ချင့်ချိန်ပြီးတော့မှ ကျနော်တို့ ချင်းညီနောင်တွေ၊ မဟာမိတ်တွေ ထိုးစစ်ဆင်တဲ့အခါမှာ အမြန်ဆုံးအလင်းဝင်ဖို့ လိုပါတယ်” ကိုဘွေအုပ် / CDF–Matupi တပ်မဟာ (၁) ပြန်ကြားရေးတာဝန်ခံ

By MPM 9 ဩဂုတ်, 2024 👁

မတူပီမြို့သိမ်းတိုက်ပွဲအတွင်း တောတောင်တွေထဲ ထွက်ပြေးသွားကြသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိခဲ့သည့် အခြေအနေများနှင့်ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ CDF–Matupi တပ်မဟာ (၁) ပြန်ကြားရေးတာဝန်ခံ ကိုဘွေအုပ်နှင့် ဆက်သွယ်မေးမြန်းချက်။

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ရှုံးပြီး တောတောင်တွေထဲ ထွက်ပြေးသွားကြသည့် စစ်ကောင်စီတပ်၏ ဗျူဟာမှူးများ၊ အရာရှိများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀၀ ကျော်ကို ချင်းညီနောင်တပ်ဖွဲ့က ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် ဖမ်းဆီးနိုင်ခဲ့သည်။

တောတောင်များထဲ တစ်လနီးပါးကြာ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုဝင်များသည် အစာရေစာငတ်ပြတ်မှု ဆေးဝါးပြတ်လပ်မှုတို့ကြောင့် သေဆုံးသွားသူအများအပြား ရှိကြောင်း သိရသည်။ ထိုအခြေအနေများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိခဲ့သည့် အခြေအနေ များနှင့်ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ CDF–Matupi တပ်မဟာ (၁) ပြန်ကြားရေးတာဝန်ခံ ကိုဘွေအုပ်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စစ်သုံ့ပန်းက ပထမအသုတ်နဲ့ ဒုတိယအသုတ်မှာ စုစုပေါင်း ဘယ်လောက်ဖမ်းမိခဲ့ပါလဲ။

ဖြေ။ ။ စုစုပေါင်းက ၂၀၀ ကျော်ပါတယ်။ ပထမအသုတ်မှာလည်း ၁၀၀ စွန်းစွန်းလေပေါ့နော်။ အခု ဒုတိယ အသုတ်မှာလည်း ၁၀၀ ကျော်ပါတယ်။ အားလုံးပေါင်းရင်တော့ ဒါဟာ ၂၀၀ ကျော်ပါတယ်။

မေး။ ။ ဒီလို စစ်သုံ့ပန်းထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ကိုပဲ ပြောတာလား။ အဲဒီထဲမှာ မိသားစုဝင်တွေ၊ အရပ်ဖက် ဝန်ထမ်း Non – CDM တွေရောပါပါလား။

ဖြေ။ ။ ကျနော်တို့ ဒီ ၂၀၀ ကျော် ဆိုတာက အားလုံးကို ခြုံပြီးပြောတာပါ။ စစ်သားတွေလည်း ပါဝင်သလို၊ သူတို့ မိသားစုဝင်တွေလည်း ပါပါတယ်။ လက်နက်ကိုင်သီးသန့်ကိုပဲ ဖမ်းမိတာက ဒီ ၂၀၀ ကျော်ထဲက တစ်ဝက်လောက် ပဲပေါ့နော်။ ကျန်တစ်ဝက်က စစ်သားတွေရဲ့ မိသားစုဝင်တွေ၊ ပြီးတော့ Non – CDM တွေက ဒီတိုက်ပွဲဖြစ်တာနဲ့ ဒီ စစ်ခွေး (စစ်ကောင်စီ) ထံကို သွားရောက် ခိုလှုံကြသူတွေ ဖြစ်ပါတယ်။ Non- CDM ကြီးပဲ သီးသန့်ခွဲထားတာတော့ မရှိဘူး။ လက်နက်ကိုင်နဲ့ လက်နက်မကိုင်တဲ့လူကိုပဲ အခုက ခွဲထားတာ ရှိပါတယ်။

မေး။ ။ စစ်သုံ့ပန်းတွေထဲမှာ ဘယ်လိုအရာရှိတွေ ပါဝင်ပါလဲ။

ဖြေ။ ။ အခုက ဒီမတူပီက ရာထူးအကြီးဆုံးတွေကိုလည်း ဖမ်းထားတာ ရှိပါတယ်။ အရေအတွက်အားဖြင့်က ၁၀ ကျော်လောက်ကို ရှိပါတယ်။ ရာထူးအကြီးဆုံးအနေနဲ့က ဗျူဟာမှူးတွေ ပါဝင်ပါတယ်။

မေး။ ။ တောထဲမှာ စစ်သုံ့ပန်းအုပ်စုဝင်တွေထဲက အစာရေဆာငတ်ပြတ်မှုနဲ့ ဆေးဝါးကုသမှု မရလို့ သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေလည်း ပြောပြပေးပါဦး။

ဖြေ။ ။ သေဆုံးမှုတွေက တော်တော်များတယ်။ သူတို့ အရင် တိုက်ပွဲဖြစ်တုန်းက သေဆုံးတာလည်း ရှိသလို ၊ တောထဲတောင်ထဲမှာ အစာရေဆာ ငတ်ပြတ်ပြီးတော့မှ သေဆုံးတဲ့လူတွေလည်း အများကြီး ရှိပါတယ်။ ပြီးတော့ ကျန်းမာရေးပေါ့လေ။ အထူးသဖြင့် အစာအိမ်ရှိတဲ့ လူလည်းရှိသလို၊ အဆုတ်မကောင်းတဲ့ အခံရှိတဲ့လူတွေလည်း အများကြီးပါသွားတော့ ကျန်းမာရေးကြောင့် သေဆုံးတဲ့ စစ်သုံ့ပန်းအုပ်စုဝင်တွေလည်း အများကြီးရှိပါတယ်။ ဒီမဖမ်းခင်မှာပေါ့လေ။ ကျနော်တို့က စခန်းတွေ သိမ်းတယ်။ ထပ်သိမ်းတယ်။ နည်းနည်းလေး သူတို့နေရာ ကျဉ်းသွားပြီ။

အဲဒီအချိန်မှာ ကျနော်တို့လည်း ခင်ဗျာတို့အလင်းဝင်ပါ။ ဆက်ပြီးတော့ သေနေမှာပဲပေါ့လေ။ အဆင်ပြေနေ ကြတာလည်း မဟုတ်ဘူးပေါ့လေ။ သေချာလေး ကျနော်တို့က စောင့်ရှောက်ပေးပါမယ်ပေါ့။ အခု ကျနော်တို့ လုပ်နေသလိုမျိုးပဲ။ ကျနော်တို့က စောင့်ရှောက်ပေးမယ်ဆိုတာကို သူတို့ကမကြိုက်ဘူး။ တောထဲမှာ အများကြီး မလိုအပ်ပဲနဲ့ သူတို့အသက်တွေ အများကြီးဆုံးရှုံးသွားတယ်။ ပိုပင်းပန်တယ်။ ကျန်းမာရေးလည်း အများကြီး ပိုထိခိုက်တယ်။ ကလေးတွေဆိုရင် တော်တော်လေး သနားစရာကောင်းပါတယ်။ အရင်ကတည်းက ကျနော်တို့ အလင်းဝင်ပါဆိုတာကို ပြောထားပြီးပြီဖြစ်တယ်။

မေး။ ။ တောထဲမှာသေဆုံးမှုက ဘယ်လောက်ရှိလဲခင်ဗျာ။

ဖြေ။ ။ တောထဲမှာ သေဆုံးသွားကြတာက ၅၀ ကျော်လောက်ရှိတယ်။ ကလေးတွေလည်းပါတယ်။ လသားအရွယ် ကလေးတွေလည်း ပါတယ်။ ကလေးတွေဆိုရင် ပိုဆိုးတာပေါ့။ ကျန်းမာရေးကလည်း ဘာမှ ခုခံအားကလည်း မကောင်းသေးဘူးဆိုတော့ အများကြီးပဲ။ အသက်ကြီးတဲ့လူတွေလည်း ပါသလို၊ လသားအရွယ် ကလေးတွေလည်း ပါတယ်။ စစ်မှုထမ်းတွေ၊ ရဲတွေလည်း အများကြီးပါပါတယ်။

မေး။ ။ ပထမသုတ်နဲ့ ဒုတိယအသုတ် စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိတာမှာ လက်နက်တွေလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။ အဲဒီအကြောင်းလည်း ပြောပေးပါဦး။

ဖြေ။ ။ လက်နက်ခဲယမ်းတွေလည်း အများကြီးရတာပေါ့။ အရေအတွက်ကတော့ လူနဲ့ မတိမ်းမယိမ်းပါပဲ။ ကျနော်တို့ အများကြီးရထားပါတယ်။ ဒုတိယအသုတ်မှာဆိုရင် လက်နက်တွေက ၁၀၀ ကျော်ကျော်ရတယ်။ ပထမအသုတ်မှာလည်း ရာဂဏန်းနီးဝန်းကျင်ရတယ်။

မေး။ ။ စစ်သုံ့ပန်းတွေကို ဘယ်လိုမျိုး ဖမ်းဆီးရမိတာပါလဲခင်ဗျာ။

ဖြေ။ ။ တောထဲမှာ ကျနော်တို့ဖမ်းဆီးရမိတဲ့အခါမှာလည်း ကျနော်တို့က ခင်ဗျားတို့တွေလက်နက်ချပါ။ အလင်းဝင်ပါ။ အလံဖြူထောင်ပါဆိုတာကို မရလို့ ခံပစ်တာမျိုးတွေရှိလို့ ကျနော်တို့က ပစ်ပြီးတော့မှ၊ အကုန်လုံး ဝိုင်းထားပြီးတော့မှ ဖမ်းတဲ့အနေအထားဖြစ်ပါတယ်။ အခုက ကျနော်တို့ စောင့်ရှောက်ထားတယ်။ လိုအပ်တဲ့ စောင်တွေ၊ ရေနဲ့ စားနပ်ရိက္ခာတွေ ပေးတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း အကောင်းဆုံး ပေးထားပါတယ်။ အသက်ရှင်ကျန်ရစ်တဲ့ အဖွဲ့တွေကိုပေါ့နော် အကောင်းဆုံး စောင့်ရှောက်ထားပါတယ်။

မေး။ ။ ဘာကြောင့် သူတို့ကအဖမ်းမခံပဲ တောတောင်ထဲပြေးကြတာလဲ။ တောင်တောင်ထဲ ဒီလောက် ငတ်ငတ်ပြတ်ပြတ်နဲ့ ဖြစ်နေတာတောင်မှ ဒီလိုခုခံနေလို့ ပစ်ပြီးဖမ်းရတယ်ဆိုတော့ အဲဒါဟာ ဘယ်လိုကြောင့်ပါလဲခင်ဗျာ။

ဖြေ။ ။ အဲဒါက ကျနော်တို့ သုံးသပ်ချက်အရဆိုရင် သူတို့တပ်မှူးတွေ လုံးဝအသုံးမကျတာပါ။ စီမံခန့်ခွဲရေး တလွဲလုပ်လို့ပါ။ အရင်ကတည်းက ပြောတယ်ပေါ့။ အရင်ကတည်းက ထွက်ချင်တယ်။ ဒါပေမယ့် အထက်အမိန့် အရ ပုံစံမျိုးနဲ့ ကျနော်တို့ လုပ်တာဆိုတာမျိုးပဲ ရှိပါတယ်။ အဓိကက အထက်အရာရှိတွေထဲမှာ အမိန့်ပေးတဲ့ လူတွေကသာ အခြေအနေကိုသုံးသပ်ပြီးတော့မှ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ အခု ကျနော်တို့ CDF တွေ၊ ကျနော်တို့ချင်းညီနောင်တို့ကို စစ်ရေးအခြေအနေမှန်ကို သုံးသပ်ပြီးတော့မှ အစကတည်းက စီမံကွပ်ကဲရေး မှန်ရင်တော့ အဲလိုဖြစ်စရာ အကြောင်းတော့မရှိဘူး။

ကျနော်တို့လည်း သေချာလေးလက်ခံမယ်။ စောင့်ရှောက်ပေးဖို့လည်း ရှိပါတယ်။ ဒါပေမယ့် သူတို့က မရမက ရုန်းထွက်မယ်ဆိုတာမျိုးနဲ့ အရာရှိတွေက လုပ်ကြည့်တော့ မအောင်မြင်ခဲ့ဘူး။ ဒီရာသီအခြေအနေ၊ တောတောင် အခြေအနေနဲ့ စစ်ရေးအခြေအနေအရက လုံးဝ အဆင်မပြေတာပါ။ အဲလိုဖြစ်တာက ကျနော်တို့ သုံးသပ်တာက သူတို့အရာရှိတွေ စီမံခန့်ခွဲရေး လွဲမှားမှုကြောင့်ပါ။

မေး။ ။ ဘယ်လိုမျိုးနေရာတွေမှာ သူတို့ကို ဖမ်းဆီးရမိခဲ့တာပါလဲ။

ဖြေ။ ။ ချင်းတောင်ကတော့ သိတဲ့အတိုင်းပဲ တောင်တွေက မြင့်တယ်။ တောက နက်တယ်။ ဘာမှ အစားအသောက် အဆင်မပြေဘူး။ ရောဂါကလည်း များတယ်။ မိုးတွင်းဆိုတော့ သူတို့က စောင်တွေလည်း မရှိဘူး။ ဒီ့အတိုင်း မိုးထဲ လေထဲမှာ လသားကလေးငယ်တွေကအစ အိပ်ရတယ်။ မိုးရွာရင်လည်း ဒီ့အတိုင်းပဲ။

တော်တော်များများက ဒီ့အတိုင်းအိပ်ရတယ်။ စားဖို့ဆိုရင်လည်း မရှိဘူး။ သစ်ရွက်တွေပါ စားရတဲ့ အခြေအနေ မျိုးတွေ ဖြစ်လာတယ်။ ကလေးတွေက အစပေါ့နော်။ တချို့ဆိုရင် ပိန်ချုံ့ပြီးတော့မှ အရိုးပေါ်အရေတင်ပြီး ပြန်လာကြရတယ်။ ချင်းတောင်က တောတွင်းအခြေအနေကတော့ တော်တော်လေးခက်ခဲတဲ့ အနေအထားပါ။

မေး။ ။ CDF–Matupi မဟာမိတ်ပူးပေါင်းတပ်ဖွဲ့မှာက ဆေးဝါးရှားပါးနေပေမယ့်လည်း စစ်သုံ့ပန်းတွေကို ကုသပေးနေရတယ်လို့ သိရပါတယ်။ စစ်သုံ့ပန်းအုပ်စုဝင်တွေရဲ့ကျန်းမာရေးအခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ဆေးဝါးရှားပါးတယ်ဆိုတာက သယ်ယူရေးက တော်တော်လေးခက်ခဲတယ်။ တဖက်ကအောက်ပြည်က ဆေးဝါးသယ်တာက အစ၊ စစ်ကောင်စီက ပိတ်ပင်တာ၊ ပစ္စည်းတွေကို လိုသလောက် ဝယ်လို့မရနိုင်တာလည်း အများကြီးရှိတယ်။ တဖက်က ဆေးဝါးတွေလည်း ဒီနွေဦးတော်လှန်ရေးကာလမှာက ဝယ်ရခက်ခဲတဲ့အခြေအနေ ဖြစ်ပါတယ်။ အဲလိုခက်ခဲတဲ့အခြေမှာ ရှိတဲ့ဆေးဝါးလေးနဲ့ ကျနော်တို့ဆီမှာလည်း အများကြီးမရှိဘူး။ တပ်တွင်းမှာ လည်း သုံးနေရတယ်။

ပြည်သူတွေလည်းလိုအပ်ရင် မျှသုံးပေးရတယ်ဆိုတော့ ဆေးတွေက ချင်းတောင် တပြည်လုံးမှာ ရှားပါးတယ်လို့ ပြောလို့ရပါတယ်။ အဲလို ရှားပါးမှုထဲကနေမှ စစ်သုံ့ပန်းတွေအတွက်လည်း လူသားချင်းစာနာမှုနဲ့ ဆေးဝါးကုသမှု ပေးနေပါတယ်။ ဖမ်းဆီးစဉ်မှာ တွေ့ရတဲ့အခြေအနေတွေက အစာရေဆာ ပြတ်လပ်တော့ အရိုးပေါ်အရေတင်ပေါ့။ အကုန်လုံးက အားပြတ်တဲ့အနေအထားရှိတယ်။ တချို့က တောတောင် ဆိုတော့ တောင်တွေကိုတက်ရတယ်။ တစ်လအတွင်းမှာ တောထဲတောင်ထဲမှာ သွားနေရတော့ ခြေထောက်မှာ သဲဝဲစားတာတို့၊ ငှက်ဖျားတို့၊ တုတ်ကွေး တို့ပေါ့နော်။ အမျိုးမျိုး ရှိပါတယ်။

မေး။ ။ ဖြည့်စွက်ပြောကြားချင်တာ ရှိပါသေးလားခင်ဗျာ။

ဖြေ။ ။ မတူပီ အတွေ့အကြုံအရဆိုရင် စစ်ကောင်စီက ချင်းပြည်နယ်မှာက တော်လှန်ရေးအင်အားစုတွေလည်း အားကောင်းလာတယ်။ အဲဒီတော့ ဖြစ်နိုင်ရင်တိုက်ပွဲတွေမှာ တပ်မှူးတွေအနေနဲ့ ချင့်ချိန်ပြီးတော့မှ ကျနော်တို့ ချင်းညီနောင်တွေ၊ မဟာမိတ်တွေ ထိုးစစ်ဆင်တဲ့အခါမှာ အမြန်ဆုံးအလင်းဝင်ဖို့ လိုပါတယ်။

အဲလို အလင်းမဝင်ပဲနဲ့ စီမံခန့်ခွဲမှု အလွဲလွဲအမှားမှားတွေ လုပ်ပြီးတော့မှ မသေသင့်တဲ့ ကလေးတွေကအစ သေနေရတယ်။ ပင်းပန်ဆင်းရဲ ရတယ်။ နောက်ဆုံးတော့လည်း ကျနော်တို့ဆီပဲ ပြန်ရောက်တာဆိုတော့ ရောက်မှာချင်းအတူတူဗျာ အမြန်ဆုံး အလင်းဝင်တာက အကောင်းဆုံးဖြစ်မယ်လို့ စစ်ကောင်စီဘက်က တပ်မှူးတွေကို စကားပါးချင်တယ်။

KMG ပေးပို့သည်။