ဒီပဲယင်း၊ အိုးထိန်းတွင်းစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှု အခြေအနေနှင့်ပတ်သက်ပြီး မြေပြင်တွင်ရှိနေသူ ဒီပဲယင်းဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို မေ ၁၂ ရက် မနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းနှင့်ဗုံးကြဲခဲ့တာကြောင့် သေဆုံးသူ ၂၂ ဦး ထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိပြီး အရေးပေါ်ကုသမှု ခံယူနေရသူ ၄၀ နီးပါးထိ ရှိလာနေသည်။
သေဆုံးသူထဲတွင် ကျောင်းသားကျောင်းသူ ၂၀ ဦးနှင့် ကျောင်းဆရာမ ၂ ဦးပါဝင်ပြီး စာသင်ကျောင်းပေါ်တည့်တည့် လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ ကျောင်းသူကျောင်းသားများ အစုံလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောဆိုသည်။
အိုးထိန်းတွင်း စာသင်ကျောင်းဗုံးကြဲခံရမှု၊ ထိခိုက်သေဆုံးမှု အခြေအနေများအပါအဝင် ဒဏ်ရာရထိခိုက်သူတို့ကို ကူညီကုသပေးနေမှု၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်အတွက် သတိထားရမယ့်အကြောင်းအရာများနှင့် ပတ်သက်ပြီး မြေပြင်တွင်ရှိနေသည့် ဒီပဲယင်းဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ စာသင်ကျောင်းဗုံးကြဲခံရတဲ့ အခြေအနေကို ပြောပြပေးပါဦး။
ဖြေ။ ။ မိတ္တီလာ ရှမ်းတဲလေတပ်က ဂျက်ဖိုက်တာနဲ့ လာပြီးကြဲသွားတာ။ ဗုံးကြဲသွားတာက ဒီကနေ့ (မေ ၁၂) မနက် ၉ နာရီလောက်ကြဲသွားတာ။ စာသင်ကျောင်းကိုပဲ ကြဲတာ။ စာသင်ကျောင်းတည့်တည့်ကို ကြဲသွားတာ။ ကလေးတွေ ထိတာများတယ်။ ဆရာမ၂ ဦး ဆုံးတယ်။ ကျောင်းသားကျောင်းသူ ၂၀ ဦး စုစုပေါင်း ၂၂ ဦးနဲ့ ထိခိုက်ဒဏ်ရာ ၆၅ ဦး အဲဒါတွေအခုအားလုံး ကူညီဆောင်ရွက်ပေးနေတာ။
မေး။ ။ အသက်အန္တရာယ်စိုးရိမ်ရတာ ဘယ်လောက်ရှိလဲ။
ဖြေ။ ။ မစိုးရိမ်ရတာက ၁၈ ဦး၊ စိုးရိမ်ရတာက ၁၀ ဦး၊ အရိုးအကြောနဲ့ပက်သက်ပြီး သွားကုနေတာက ၃၀ ကျော်လောက်မယ်။ ခြေပြတ်လက်ပြတ် ခွဲစိတ်ခန်းဝင်ရမှာတွေပေါ့။
မေး။ ။ လေကြောင်းဗုံးကြဲချိန်တုန်းက ဒီနားတဝိုက်မှာပဲရှိနေတာလား။
ဖြေ။ ။ ကလေးတွေက စာသင်ကျောင်းထဲမှာရှိနေတဲ့အခါကြတော့ ဒလန်တွေ သတင်းပေးလို့ထင်တာပဲ။ ခါတိုင်းကတော့ အားလုံးကသတိထားနေကြတာပဲ။ ဒီကနေ့ကြမှ အမှုမဲ့၊ အမှတ်မဲ့ ဖြစ်သွားတာ။ ဒလန် သတင်းပေးမှု ထင်တာပဲ။ ဒီစာသင်ကျောင်းကိုပဲ အတိအကျ တပတ်ပတ်ပြီး သေချာချိန်ပြီးတော့ကြဲသွားတာ။
မေး။ ။ ဘေးနားပတ်ဝန်းကျင်မှာ ပျူစောထီးရှိလို့လား။
ဖြေ။ ။ အဲဒီလို ပျူစောထီးတော့မဟုတ်ဘူး။ အဲဒီဘက်တွေက ဒလန်သတင်းပေးတွေ တော်တော်များတယ်လို့ ကြားသိရတယ်။ တော်လှန်ရေးအင်အားလည်း များတယ်။ ဒလန်သတင်းပေးတွေလည်း များတယ်။ အဲဒီဘက်က တော်လှန်ရေးမှာ အစ ကနဦးကတည်းက တော်တော်အားကောင်းခဲ့တဲ့ ရွာတွေဆိုတော့ အဲဒီဘက်ကိုလည်း သူတို့ တော်တော်တိုက်ခိုက်တယ်လို့ ထင်ရတာပါ။
မေး။ ။ လက်ရှိမှာ မြေပြင်စစ်ကြောင်းရောရှိနေလား။
ဖြေ။ ။ မြေပြင်စစ်ကြောင်းတော့ မရှိဘူး။ မြေပြင်စစ်ကြောင်းလည်း မရှိတာကြာပြီ။ အခုဟာကျတော့ လေကြောင်းနဲ့ကို သက်သက် စာသင်ကျောင်းတွေကိုလိုက်ကြဲတဲ့ အနေအထားတွေ တွေ့ရတယ်။ ဒီနေ့လည်း ထပ်ပြီး လေကြောင်းကနေဗုံးကြဲတယ်လို့ သတင်းတွေ တွေ့ရတယ်။
မေး။ ။ ထပ်ပြီးဗုံးကြဲခံရတာ ဘယ်နေရာတွေပါလဲ။
ဖြေ။ ။ ဒီဘက်မှာ ထပ်ကြဲတာမတွေ့ရဘူး။ ချောင်းဦးတို့၊ သပိတ်ကျင်းတို့တော့ ကြဲတယ်လို့တော့ ကြားသိ ရတယ်။
မေး။ ။ ဗုံးကြဲတာ ဘာအမျိုးအစားနဲ့လဲ။ စက်လက်နက်နဲ့ ပစ်တာရောရှိလား။
ဖြေ။ ။ စက်လက်နက်နဲ့ ပစ်တာမရှိဘူး။ ပေါင် ၅၀၀ နဲ့တည့်တည့်ကို ကြဲသွားတာ။ ကျောင်းခေါင်မိုးပေါ်ကို တည့်တည့်ကျတာ။ ကလေးတွေကိုတော့ ထွက်ကြ ထွက်ကြလို့ ခိုင်းတယ်။ ပထမ လေယာဉ်ကဝဲနေတော့ ကလေးတွေကို အထဲထဲကိုသွင်းတယ်။ အထဲထဲမှာ ရှိနေတယ်။ နောက်တခါကြ မရတော့ ပစ်တော့မယ်ဆိုတော့ ဆရာ၊ဆရာမတွေက ထွက်ကြထွက်ကြလို့ ထွက်ခိုင်းလိုက်တဲ့ အနေအထားမျိုးမို့ ဒီလောက်ဒဏ်ရာရတာ။ မထွက်ခိုင်းဘူး ဆိုရင်တော့ ကျောင်းထဲမှာစာသင်တဲ့ ကျောင်းသူကျောင်းသားဦးရေ အကုန် ၃၀၀ လောက်ရှိတယ်။ အကုန်သေမှာ။ အခုက ထွက်ပြေးကြလို့သာ ဒီကျောင်းထဲမှာ ကျန်နေတဲ့ ကလေးငယ်တွေလောက်ပဲ ဆုံးသွားတာပါ။
မေး။ ။ စာသင်ကျောင်းက ဖွင့်ထားတာကြာပြီလား။ NUG ပညာရေးကျောင်းပဲလား။
ဖြေ။ ။ ဟုတ်ကဲ့။ NUG ပညာရေးကျောင်းပဲ။ ကြားကာလ ပညာရေးကျောင်းပဲ။ နယ်မြေအခြေအနေအရ ဒီလို ဌာနတွေ ဖွင့်တာပေါ့။ ကျောင်းဖွင့်ရက်မှာလည်း နယ်မြေအခြေအနေအရ ဖွင့်ချင်မှလည်းဖွင့်ရတာ သူက နယ်မြေ အခြေအနေ အေးနေတယ်ဆိုပြီး ဖွင့်တဲ့သဘောမျိုးပေါ့။
မေး။ ။ မြေပြင်စစ်ကြောင်း မဝင်တာကရော ရက်ခြားလား၊ နှစ်နဲ့ချီကြာနေတာလား။
ဖြေ။ ။ နှစ်နဲ့ချီ နေပြီ။ စစ်ကြောင်းမဝင်တာ နှစ်နှစ်လောက်ရှိနေပြီ။ အခုမှ သက်သက်မဲ့လာချသွားတာ။
မေး။ ။ ပေါင် ၅၀၀ နဲ့ကြဲပြီး လေကြောင်းကနေ ဝဲတာမျိုးရောရှိလား။
ဖြေ။ ။ အဲဒီလို မရှိတော့ဘူး။ တခါတည်းကြဲပြီးတာနဲ့ တခါတည်း ပြန်ခေါက်သွားတာ။ ကြဲတဲ့အချိန်နဲ့ ပြန်ခေါက်တဲ့ချိန်က ခဏလေးပဲ။
မေး။ ။ လက်ရှိအခြေအနေက ထိခိုက်ဒဏ်ရာရတဲ့သူတွေကို NUG အစီအစဉ်နဲ့ ကုသနေတာလား။ သက်ဆိုင်ရာ မြို့နယ်အစီအစဉ်နဲ့ ကုသနေတာပါလား။
ဖြေ။ ။ NUG အစီအစဉ်အရလည်း ပါတယ်။ ပညာရှင်တွေ အစီအစဉ်အရလည်း ကုသနေကြတာပေါ့။ NUG အနေနဲ့လည်း CDM လုပ်ထားတဲ့ စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမတွေက သူတို့ဆောင်ရွက်ပေးနေကြတာပေါ့။ အခုအချိန်ထိပါပဲ။ အခုအချိန်ထိလည်း သူတို့ ပင်ပင်ပန်းပန်းနဲ့ မနားမနေ လုပ်နေကြတာပါ။
မေး။ ။ အခုချိန် လိုအပ်ချက်က ဘာတွေဖြစ်မလဲ။
ဖြေ။ ။ လိုအပ်ချက်တွေက ဆေးဝါးတွေလိုမယ်။ ခွဲစိတ်ရတာဖြစ်တဲ့အတွက် ခွဲစိတ်ရတဲ့ဆေးဝါးတွေလိုမယ်။ ပတ်တီးတွေဘာတွေ သူတို့လိုမယ်။ စားဝတ်နေရေးတွေ သူတို့လိုမယ်။ ကုရတာလည်း ကိုယ့်ဌာနမဟုတ်တော့ လုံခြုံစိတ်ချရတဲ့ နေရာမှာကုရတာတော့ အဲဒီနေရာမှာ စားဝတ်နေရေးအတွက်လိုမှာပေါ့။ အလှူရှင်တွေကတော့ ထမင်းထုပ်တွေ လာပေးတယ်။
မေး။ ။ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး တခြားဒေသက တော်လှန်ရေးနယ်မြေစိုးမိုးတဲ့ဒေသက ပြည်သူတွေကို ကိုယ့်အတွေ့အကြုံ မျှဝေပေးပါဦး။
ဖြေ။ ။ တခြားက ပြောချင်တာပေါ့။ ဒီကြားကာလမှာဆိုတော့ ကလေးသူငယ်တွေကို စာမသင်လို့လည်း မဖြစ်ဘူး။ စာကတော့ လုံးဝသင်ပေးရမှာပဲ။ ဘယ်လို လုံခြုံစိတ်ချရအောင် သင်ရမလဲဆိုတာတော့ သတိ ကြီးကြီးထား သင်ပေးရမှာဖြစ်တာပေါ့။ လေကြောင်းအန္တရာယ် ဘယ်လိုကာကွယ်နိုင်မလဲ။ နောက်ပြီး လေကြောင်းအန္တရာယ်လာတဲ့အခါ ကြိုတင်သိရှိနိုင်အောင် ဆက်သွယ်ရေး Contact တွေလည်း အမြဲမပြတ် လုပ်ထားဖို့လိုတယ်လို့ အကြံပေးချင်ပါတယ်။ ဘာဖြစ်လဲဆိုတော့ အခုဖြစ်သွားတဲ့ အနေအထားမှာ ဝေဟင် သတင်းတွေဖြန့်နေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေရှိတယ်။ အဲဒီလမ်းကြောင်းတွေ ICON လေးတွေ ဆောင်ထားမယ်ဆိုရင် စနစ်တကျသုံးစွဲမယ်ဆိုရင်တော့ လေကြောင်းက ဘယ်နေရာ ဘယ်နေရာ လာနေပြီဆိုတာ သတင်းပေးနေတာတွေ အများကြီးရှိပါတယ်။
အဲဒီဆက်သွယ်ရေးတွေ ကောင်းကောင်းမွန်မွန်လုပ်ပြီး လုံခြုံစိတ်ချ ရအောင် ဗုံးခိုကျင်းလေးတွေတူးပြီးတော့ စာသင်ပေးကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။ ကိုယ့်ဆီမှာ အေးနေတယ် ဆိုပြီး သတိလက်လွတ်မနေကြဖို့ပေါ့။ ဒီရွာဖြစ်သွားတဲ့ ဖြစ်စဉ်မှာလည်း မြေပြင်စစ်ကြောင်းတော့ မရှိတော့ဘူး။ စာသင်လို့ရတယ်ဆိုတဲ့အနေအထားနဲ့ သူတို့ အေးအေးဆေးဆေးသင်နေတယ်။ သင်ကာစကတော့ လေကြောင်း အန္တရာယ်တွေ ကာကွယ်နိုင်အောင် ဆိုပြီး သတင်းအချက်အလက်လေးတွေ လုံခြုံမှုယူပြီး သူတို့ စာသင်ကြတယ်။ အခုဖြစ်သွားတဲ့နေ့ရက်မှာတော့ အဲဒီသတင်းအချက်အလက်ကို သတိလက်လွတ်ဖြစ်ပြီးတော့ သူတို့ ဆက်သွယ်ရေး မရလိုက်ဘဲနဲ့ ဖြစ်သွားတာပေါ့။
တခြားရွာတွေကတော့ ဝေဟင်လာတယ်ဆိုတာနဲ့ ကလေးတွေကို သတင်းရတာနဲ့ တခါတည်း လုံခြုံစိတ်ချတဲ့ နေရာမှာ ကြိုတင်ပို့နိုင်တယ်။ အဲဒီရွာမှာ သတိလက်လွတ်ဖြစ်သွားလို့ အဲဒီလိုဖြစ်သွားတယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ဒါကြောင့်မို့ စာကတော့ မသင်လို့မရဘူး။ သင်ရမှာ။ ကြားကာလပညာရေးမှာ အမှောင်ကျသွားမယ်။ စာသင်ရမယ်။ သတိအကြီးကြီးထားပြီး သင်ရမယ်။ ဆက်သွယ်ရေးတွေ ချိတ်ဆက်ပြီးတော့ စောင့်ကြည့်ပြီး သင်ကြားပေးဖို့က ဗုံးခိုကျင်းလုပ်ပြီး လုံခြုံစိတ်ချစွာလုပ်ပြီး သင်ကြားပေးဖို့ အကြံပြုချင်ပါတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။
