ဒရုန်းစစ်ဆင်ရေးကြောင့် ကသာနဲ့ ရွှေကူဒေသမှာ စစ်ကောင်စီတပ်ကို အသာစီးရယူနေတာနဲ့ ပတ်သက်ပြီး မြို့လှ K-PDF တာဝန်ရှိသူတစ်ဦးနဲ့ မေးမြန်းချက်။
ကချင်–စစ်ကိုင်း ဒေသအစပ် ကသာအထက်ပိုင်းနဲ့ ရွှေကူမြို့နယ်တလျှောက်မှာ စစ်ကောင်စီတပ်က ကုန်းကြောင်း၊ ရေကြောင်းနဲ့ ထိုးစစ်ဆင်နေတာ ၂ နှစ် ကျော် ရှိလာနေပြီ ဖြစ်ပါတယ်။ အခုနှစ်တွေမှာတော့ မြို့လှနဲ့ ရွှေကူမြို့တလျှောက် တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ပိုပြီးအထိနာနေတယ်လို့ မြို့လှ K-PDF တပ်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ကသာ–မြို့လှ–ရွှေကူ ဒေသတလျှောက်မှာ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု အခြေနေတွေ ဘယ်လိုရှိနေပါလဲ၊ KPDF ဘက်ကလည်း ဘယ်လောက်ထိ အသာစီးရနေလဲ စတဲ့ အကြောင်းအရာတွေကို မြို့လှ K-PDF တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ပြီးခဲ့တဲ့တစ်လတာအတွင်း စစ်ရေးအခြေအနေကို အရင်ဆုံးပြောပေးပါ။
ဖြေ။ ။တစ်လတာအတွင်း ပြောမယ်ဆိုရင် လွန်ခဲ့တဲ့လမှာ ကျောက်ကြီးစခန်းကို ဝင်တိုက်တယ်။ စကစဘက်က ထိခိုက်သေဆုံးတာများတယ်။ လက်နက်တွေဆိုလည်း တော်တော်လည်း သိမ်းယူနိုင်ခဲ့တယ်၊ ပွဲကြီးကြီးကို နွှဲထားတာ ဖြစ်ပါတယ်။ ပြီးတော့ ချောင်းဝမှာ စစ်ကြောင်းအထိုင်ချစခန်းမှာ တိုက်ခိုက်တယ်။ ပြီးတော့ ရွှေကူရဲစခန်းကို ၃ ကြိမ် တိုက်ခိုက်တယ်။ အဲမှာလည်း ရွှေကူမြို့နယ်မှုးအဆင့်ထိ ကျတာတွေ ရှိတယ်။ ပြီးတော့ ခုနောက်ဆုံး ရွှေကူထွေအုပ်ရုံးကို တိုက်ခိုက်တယ်၊ အဲဒီမှာရော စကစဝန်ထမ်းတွေ ထိခိုက်တာတွေ ရှိခဲ့တယ်။ ထိခိုက်တာတွေ ရှိတယ်၊ ဝင်လာတဲ့စစ်ကြောင်းတွေကို တိုက်ခိုက်တာတွေရှိတယ်။
မေး။ ။ဒီတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးတဲ့အခြေနေ ဘယ်လောက်ထိရှိပါလဲ။
ဖြေ။ ။ ကျဆုံးတဲ့စာရင်း အသေးစိတ်ကိုတော့ ပြောရခက်တယ်ဗျ။ ဒါပေမယ့် အကြမ်းဖျင်းပြောမယ်ဆိုရင် ကျောက်ကြီးစခန်းမှာတော့ စစ်တပ်ဘက် ၁၀ ယောက် လောက် ထိခိုက်သေဆုံးတာ ရှိတယ်။ လက်နက်ချ အညံ့ခံလာတာတစ်ယောက် ရှိတယ်။ ပြီးတော့ ရဲစခန်းမှာက နယ်ထိန်း ၂ ယောက် သေတယ်။ မြို့နယ်မှူး အဆင့်ရှိသူတစ်ယောက် ဒဏ်ရာပြင်းထန်တယ်။ ထွေအုပ်ရုံးကတော့ ပြည်ထဲရေးဝန်ထမ်း ၂ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်။
မေး။ ။ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများလာတာ မြို့လှ K-PDF ဘက်က ဘယ်လိုစစ်ရေး မစ်ရှင်တွေကြောင့်ပါလဲ။
ဖြေ။ ။စစ်ရေးမစ်ရှင်ကျတော့ ဒရုန်းတိုက်ခိုက်ရေးပဲ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ စကစဘက်က လှုပ်ရှားတပ်တွေ မရှိဘူး၊ အထိုင်တပ်ရင်းတွေပဲရှိတော့ ဒရုန်းတိုက်ခိုက်ရေးနဲ့ပဲ အဓိကတိုက်ခိုက်တာ။ အောင်မြင်မှုက တော်တော်လေး ထိထိရောက်ရောက် လုပ်နိုင်တယ်။ ပြီးတော့ စကစတွေ စစ်ကြောင်း သွားတဲ့နေရာ နားနေတဲ့နေရာတွေဆို ကောင်းကောင်းထိထိရောက်ရောက် တိုက်ခိုက်နိုင်တယ်။ အထိုင်ချတဲ့ နေရာတွေမှာ သူတို့မနေနိုင်အောင် ခြိမ်းခြောက်တိုက်ခိုက်နိုင်တယ်။ ခုဆိုရင် ရန်သူဘက်က အထိုင်စခန်း တွေမှာတောင် မအိပ်ရဲတဲ့ထိ ဖြစ်လာတာတွေတောင် ရှိနေပြီလို့ ကျနော်တို့ကြားနေရတယ်။
မေး။ ။ အဲဒါဆိုရင် မနှစ်နဲ့ ဒီနှစ် စစ်ရေးအခြေနေနဲ့ စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုလေး သိပါရစေ။
ဖြေ။ ။ ကျနော်တို့ အဓိက ကြည့်တဲ့နေရာတွေက ကသာအထက် မြို့လှနဲ့ရွှေကူတလျှောက် ဟုတ်တယ်၊ ပြောရမယ်ဆိုရင် မြို့လှမှာ တပ်မ ၈၈ လက်အောက်ခံ ဗျူဟာတစ်ခု ထိုင်တယ်။ မနှစ်က အခြေနေနဲ့ ဒီနှစ် အခြေနေကို ပြောရမယ်ဆိုရင် ကွာခြားချက်က အများကြီးရှိတယ်။ မနှစ်ကဆို လှုပ်ရှားတပ်တွေ တော်တော်များများ ထွက်နိုင်တယ်။ ပြီးတော့ နယ်မြေရှင်းလင်းရေးလည်း တော်တော်လေးလုပ်နိုင်တာ ဟုတ်တယ်။ ဒါပေမယ့် ဒီနှစ်ကတော့ ခုထိ နယ်မြေရှင်းလင်းရေး လုပ်နိုင်တာ တစ်ကြောင်းမှမရှိတော့ဘူး။
လက်ရှိ စစ်ရေးအရ အထိုင်တပ်တွေပဲရှိတယ်၊ လှုပ်ရှားတပ်ရင်း မတွေ့ရတော့ဘူး။ တပ်မ ၈၈ လက်အောက်ခံ တပ်တွေရဲ့ ကျဆုံးမှုကတော့ တစ်နှစ်ကျော်အတိုင်းအတာထဲမှာ သုံးသပ်ချက်အရဆို တပ်ရင်းတစ်ရင်းမှာ တစ်နှစ်ကျော်မှာ ထက်ဝက်လောက် လူအင်အားကျဆုံးတာတွေ့ရတယ်။ လှုပ်ရှားတာ ကြည့်ခြင်းအားဖြင့် အရင်ကဆို ၁၀၀ လောက် ရှိတယ်၊ ခုက တစ်ဝက်လောက်ဘဲ ရှိတော့တယ်။
မေး။ ။ လောလောဆယ် မြို့လှနဲ့ ရွှေကူမှာ စကစ အထိုင်တပ်ရင်း ဘယ်နှစ်ခုရှိပါလဲ။ ပြီးတော့ စစ်ရေးအရ မြို့လှ K-PDF တပ်က အသာစီးရယူထားနိုင်ပြီလို့ ပြောလို့ရပါလား။
ဖြေ။ ။ တပ်ထိုင်ထားတဲ့နေရာကတော့ မြို့လှမှာတစ်ခု၊ ကျောက်ကြီးစခန်း၊ ရွှေငြိမ်းချမ်း ရွှေကူနယ်ထဲမှာ အထိုင်စခန်းတစ်ခု စုစုပေါင်း အထိုင်စခန်း ၄ နေရာလောက်ပဲ ရှိတော့တယ်။ အတွင်းထဲမှာ တိတိကျကျတော့ မသိနိုင်ပေမယ့် ထိုင်စခန်းတွေမှာ ထက်ဝက်လောက်ပဲ ရှိတော့တယ်ဆိုတာ ကျနော်တို့သိတယ်။ ပြီးခဲ့လက တိုက်ခိုက်ခဲ့တဲ့ ကျောက်ကြီးစခန်းဆိုရင် ခုဆိုရင်လူက အရမ်းနည်းသွားပြီ။
ရွှေကူဘက်က လာလာပြီး ကူပေးရတာပဲ ရှိတော့တယ်။ လက်ရှိမှာဆိုရင် ကျနော်တို့ဘက်က နေရာ တော်တော် များများမှာ အသာစီးထားပြီလို့ ပြောလို့ရပါတယ်။ မနှစ်ကထက်စာရင် တော်တော်လေးကောင်းလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနှစ်တုန်းက မဝင်ရောက်နိုင်တဲ့နေရာတွေမှာ ကျနော်တို့ ဒီနှစ်ဝင်ရောက်နိုင်ပါတယ်။ ဒါပေမယ့် ရန်သူကိုလည်း လျော့မတွက်ထားဘူး၊ ကျနော်တို့ဘက်က အမြဲတမ်းအဆင်သင့် ပြင်ထားတယ်။
မေး။ ။ ခုနောက်ပိုင်း မြို့လှ K-PDF ထဲ စစ်တပ်ဘက်က CDM ဝင်လာတဲ့သူတွေလည်း ရှိတယ်ဆိုပြီး ထုတ်ပြန် ထားတာတွေ့တယ်၊ ဒီ ၂နှစ်ကျော်တွင်းမှာ CDM ဝင်လာတဲ့ လူဦးရေနဲ့ ဘယ်လိုတွေ ဆောင်ရွက်ပေးနေလဲဆိုတာ သိပါရစေ။
ဖြေ။ ။ မြို့လှတပ်ကို ၂၀၂၁ ခုနှစ် ၅လပိုင်းမှာ စဖွဲ့ခဲ့တာပေါ့နော်။ မြို့လှ K-PDF အဖွဲ့ ဖွဲ့စည်းပြီးတဲ့နောက် ကျနော်တို့ဆီကို ဝင်လာတဲ့သူတွေ ရှိတယ်။ ဒါပေမယ့် CDM ကိစ္စက ကျနော်တို့အနေနဲ့ စစ်တိုင်းရုံးကို တစ်ခါတည်းလွှဲတာ ဖြစ်တဲ့အတွက် စာရင်းတိတိကျကျ ပြောဖို့ ခက်တယ်။ ဒါပေမယ့်အနည်းဆုံးတော့ အယောက် ၂၀ လောက် ရှိနိုင်တယ်။
မေး။ ။ ဖြည့်စွက်ပြီး ပြောချင်တာရှိရင် ပြောပေးပါ။
ဖြေ။ ။ ထွေထွေထူးထူးတော့ မရှိတော့ပါဘူး။ ကျနော်တို့မြို့လှ K-PDF က ပြည်သူတွေနဲ့ တစ်သားတည်း ရှိပါတယ်လို့ပဲ ပြောချင်ပါတယ်။
KNG ပေးပို့သည်။
