“တခြားအဖွဲ့တွေကို သိပ်မကြောက်ပေမယ့် စစ်ကောင်စီ ရှိတဲ့ဘက်ဆို မသွားရဲကြတော့ဘူး။ ကျောင်းတွေ ဖွင့်နေပေမယ့် သေနတ်သံတွေ ကြားတာနဲ့ မိဘတွေလည်း လာခေါ်ယူလိုက်နဲ့ ဒီလိုပဲ ဆက်ဖြစ်ရင်တော့ ပညာရေး၊ စီပွားရေး အကုန်လုံး ဆုံးရှုံးရတယ်” နမ်ဖတ်ကာ ဒေသခံအမျိုးသမီးတစ်ဦး

By MPM 9 ဩဂုတ်, 2023 👁

ရှမ်းပြည်မြောက်ပိုင်း နမ်ဖတ်ကာမှာ တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သတ်ပြီး အသက် ၅၀ အရွယ် နမ်ဖတ်ကာ ဒေသခံအမျိုးသမီးတစ်ဦးနှင့် အမေးအဖြေ

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်-နမ့်ဖတ်ကာ-မူဆယ် ပြည်တောင်စုကားလမ်းတလျှောက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့များ အကြား ပြီးခဲ့တဲ့ဇူလိုင် တစ်လတာ တိုက်ပွဲအတွင်းမှာ အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ၁၀ ဦး ထက် မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါ့အပြင် ဒေသခံ အရပ်သားနေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ အခုလို တိုက်ပွဲတွေကြောင့် ဒေသခံ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှု၊ လက်ရှိနယ်မြေ အခြေအနေတွေနဲ့ သူတို့နေ့စဉ်ဘဝ လုံခြုံရေးအတွက် ဘယ်လို ရုန်းကန်နေထိုင် ကြရလဲဆိုတာကို သိနိုင်ဖို့ အသက် (၅၀) အရွယ် နမ်ဖတ်ကာ ဒေသခံအမျိုးသမီးတစ်ဦးကို ဆက်သွယ်မေးမြန်း ထားပါတယ်။

မေး။ ။ နမ်ဖတ်ကာမှာ လက်ရှိ နိုင်ငံရေးအခြေအနေကို ပြောပြပေးပါ။

ဖြေ။ ။ ကျွန်မတို့ရွာထဲမှာ လွန်ခဲ့တဲ့စနေနေ့ (ဩဂုတ် ၅ ရက်) မှာ စစ်သား ၄/၅/၁၀ ယောက် လျှောက်သွား နေတာ တွေ့ရတယ်။ မနေ့ကရော၊ ဒီနေ့ရော ခ.လ.ရ ၁၂၃ ရှေ့မှာ ဘယ်သွားမလဲဆိုပြီး စစ်ဆေးနေကြတယ်။ ရွာထဲမှာ ခါတိုင်းမရှိတဲ့ လုံခြုံရေးယူတဲ့ ပုံစံမျိုးနဲ့ လျှောက်သွားနေကြတယ်။ ဒီနှစ်ရဲ့ နိုင်ငံရေးအခြေအနေကြောင့် ကျမ်းစာသင်တဲ့ စခန်းကိုတောင် ညအိပ် မသွားရဲဘူး။ အသွားအလာလည်း ခက်ခဲတယ်။ တောင်ယာသွားမယ့် သူတွေလည်း သွားရမလို၊ မသွားပဲ နေရမလို၊ လက်နက်ကြီး ဘယ်အချိန် လာထိမလဲမသိ ကြောက်ရွံ့ပြီး နေနေရတယ်။ အခုတလော အခြေအနေဆိုရင် ရပ်ကွက် ၆ ဘက်ဆိုရင် တိုက်ပွဲလည်း မဖြစ်၊ လက်နက်ကိုင်တပ်ဖွဲတွေလည် မရှိဘဲနဲ့ လက်နက်ကြီးနဲ့ ပစ်လိုက်တာဖြစ်တယ်။

မေး။ ။ ဒေသခံပြည်သူတွေအနေနဲ့ တိုက်ပွဲမဖြစ်လည်း ဘယ်လိုအခြေအနေတွေကို စိုးရိမ်ရတယ်၊ တိုက်ပွဲ ဖြစ်ရင်လည်း ဘာတွေ စိုးရိမ်ရတယ်ဆိုတာကို ပြောပေးပါ။

ဖြေ။ ။ တိုက်ပွဲဖြစ်လာရင်တော့ လက်နက်ကြီးတွေ ပစ်ခတ်လာမယ်။ အရင်ကလည်း တခါပြောဖူးတယ်၊ နမ်ဖတ်ကာမှာ တိုက်ပွဲတွေ ဖြစ်လာရင် ၁၅ မိနစ်နဲ့ နမ်ဖတ်ကာကို ပြာကျသွားအောင် လုပ်နိုင်တဲ့ လက်နက်တွေ ရှိတယ်ဆိုပြီး ပြောတယ်။ နမ်ဖတ်ကာမြို့က တိုက်ပွဲ မဖြစ်သင့်တဲ့နေရာ ဖြစ်တယ်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေ ပြောကြတယ်။ ဖြစ်လာရင်တော့ ပြည်သူတွေပဲ ဒုက္ခတွေ့ရမယ့် အခြေအနေ ဖြစ်တယ်။ တိုက်ပွဲဖြစ်လာရင် သူတို့က လက်နက်ကြီးတွေ တရစပ် ပစ်ထည့်တော့မှာ၊ အဲတော့ ပြည်သူတွေ နေဖို့ ခက်ခဲလာမယ်။

ဘေးပတ်ဝန်းကျင် ကျေးရွာတွေ နမ်ဖတ်ကာဘက်ကို ရှောင်ပြေးလို့ ရပေမယ့် နမ်ဖတ်ကာ ကတော့ တိုက်ပွဲဖြစ်ရင် ရှောင်ပြေးမယ့် နေရာလည်း မရှိဘူး။ သူတို့က နမ်ဖတ်ကာကျေးရွာမှာ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်ပဲ။ ပြည်သူတွေက တခုခုဆို ဘုရားကျောင်း ရှောင်ပြေးလာတာတွေ ရှိတယ်။ အခုဆို ဘုရားကျောင်းတောင် လုံခြုံမှု မရှိတော့ဘူး။

မေး။ ။ နမ့်ဖတ်ကာမှာထိုင်တဲ့ စစ်ကောင်စီတပ်တွေက ပြည်သူတွေကို ခြိမ်းခြောက်မှုတွေရှိခဲ့တယ်ဆိုတာလည်း ကြားသိရတယ်။ ဘယ်လိုပြောဆို ခြိမ်းခြောက်ခဲ့တယ် ဆိုတာလဲ ပြောပြပေးပါ။

ဖြေ။ ။ နမ့်ဖတ်ကာစစ်တပ် ခ.လ.ရ ၁၂၃ က ဩဂုတ်လ ၄ ရက်နေ့မှာ ရာအိမ်မှူး၊ အုပ်ချူပ်ရေးပိုင်းတွေ အားလုံးကို ခေါ်ယူပြီး အခုကနေ စပြီး ဘယ်ဘက်ကနေ ဖြစ်ဖြစ် သေနတ်သံကြားတဲ့ဘက်ကို လက်နက်ကြီး ပစ်မယ်ဆိုပြီး ပြောတယ်တဲ့။ သတ္တိရှိရင်တော့ ပစ်လာလိုက် ရွာသားတွေကို မငဲ့ညာတော့ဘူးဆိုပြီး ပြောခဲ့တယ်။ ကျွန်မတို့ ပြည်သူတွေက ပိုပြီးစိုးရိမ်တာပေါ့။

မေး။ ။ နမ်ဖတ်ကာကျေးရွာက ရှောင်ပြေးရမယ့်နေရာလည်း မရှိဘူးဆိုတော့ အခုနောက်ဆုံး အခြေအနေက ဘယ်လို ရှိပါလဲ၊ တခြားနေရာကို ရှောင်ပြေးတဲ့သူတွေ ရှိနေပြီလား။

ဖြေ။ ။ နမ်ဖတ်ကာ ကျေးရွာပြည်သူတွေက ဘယ်ကိုမှ မရှောင်ပြေးကြသေးဘူး။ ရှောင်ပြေးမယ့် နေရာလည်း မရှိဘူး။ ကွတ်ခိုင်ဘက် သွားမယ်ဆိုလည်း ၂၇ မိုင် ဝေးတယ်။ ကွတ်ခိုင်ဘက်မှာလည်း လုံခြုံမှုက မရှိဘူး။ မူဆယ်ဘက်ဆိုလည်း အရမ်းဝေးတယ်။ မူဆယ်မှာ သွားနေမယ့် နေရာလည်း မရှိဘူး။ တချို့ကတော့ ကတုတ်ကျင်းတွေတူးပြီး ကြိုတင် ပြင်ဆင်ကြတယ်။ ဒါပေမယ့် မိုးတွေရွာတော့ ပြန်ပိတ်သွားတာပဲ။ အများကတော့ မီးစင်ကြည့် ကကြတဲ့သူတွေပါပဲ။

မေး။ ။ တိုက်ပွဲ မဖြစ်ပေမယ့် လက်နက်ကြီးတွေ ပစ်ခတ်တာတွေ ရှိတယ်ဆိုတော့ လက်ရှိမှာ ဘယ်လို အခြေအနေတွေ ရှိပါလဲ။

ဖြေ။ ။ တိုက်ပွဲတွေ မဖြစ်ပေမယ့် လက်နက်ကြီးပစ်တာတော့ ရှိတယ်။ ဒါပေမယ့် အရင်ကတော့ နမ်ဖတ်ကာကို လာထိတာတော့ မရှိခဲ့ဘူး။ ဒီနှစ်မှာမှပဲ နမ်ဖတ်ကာကို လာထိတယ်။ အရင်ကတော့ တောင်တွေမှာပဲ လာကျတာ။ ဒီတကြိမ်တော့ အသက်ဆုံးရှုံးတဲ့ထိ ဖြစ်တယ်။

မေး။ ။ နမ်ဖတ်ကာကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားလာတော့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ပစ်ခတ်တော့ ကျေးရွာနေပြည်သူတွေအနေနဲ့ ဘယ်လိုအခွင့်အရေးတွေ ဆုံးရှုံးနေရလဲ။

ဖြေ။ ။ တချို့က တောထဲသွားပြီး ဟင်းသီးဟင်းရွက်တို့ ရှာပြီး ဈေးထဲရောင်းကြတယ်။ သူတို့လည်း နိုင်ငံရေး မကောင်းတော့ ဟင်းရှာ မထွက်နိုင်၊ တချို့က လားရှိုး၊ မူဆယ်ဘက်က မှာယူပြီး ရောင်းတာမျိုးတို့ဆိုရင် အခုလို နိုင်ငံရေး မကောင်းတော့ ကုန်က မြန်မြန် မရောက်၊ ကုန်ဈေးနှုန်းက တက်တော့ ခက်တာပေါ့။ တခြားအဖွဲ့တွေ ကို သိပ်မကြောက်ပေမယ့် စစ်ကောင်စီ ရှိတဲ့ဘက်ဆို မသွားရဲကြတော့ဘူး။ ကျောင်းတွေ ဖွင့်နေပေမယ့် သေနတ်သံတွေ ကြားတာနဲ့ မိဘတွေလည်း လာခေါ်ယူလိုက်နဲ့ ဒီလိုပဲ ဆက်ဖြစ်ရင်တော့ ပညာရေး၊ စီပွားရေး အကုန်လုံး ဆုံးရှုံးရတယ်။

မေး။ ။ လုံခြုံမှုတွေမရှိတော့ ပြည်သူတွေရဲ့ဆန္ဒကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ စစ်ကောင်စီတပ် ရှိနေတော့ ဘယ်အချိန် ဘာဖြစ်လာမလဲဆိုပြီး စိုးရိမ်နေရတယ်။ နမ်ဖတ်ကာမှာ ရှိတဲ့ စစ်တပ်က အနီးအနား ပတ်ဝန်းကျင်က အခြေအနေတွေကို ဆုပ်ကိုင်ထားတဲ့ အရေးကြီးတဲ့ စစ်တပ်လည်း ဖြစ်တယ်။ အခုလို စစ်တပ်ကို လာသိမ်းရင် ပြည်သူတွေပဲ ထိခိုက်ဒဏ်ရာ ရမယ်။ စစ်ကောင်စီတပ်ကို ဖြိုချချင်ပေမယ့် လွန်ခဲ့တဲ့ ဖြစ်စဉ်ကလို ထိရောက်မှုမရှိဘဲ သွားစသလိုမျိုးပဲဆိုရင် ပြည်သူတွေပဲ ထိခိုက်တယ်။ တိုက်မယ်ဆိုလည်း ပြည်သူတွေကို အသိပေးပြီး ပြည်သူတွေ လုံခြုံတဲ့အချိန် တိုက်ရင် ကောင်းတယ်။ ကောင်းကောင်းပြင်ဆင်ပြီး တိုက်ရင်ကောင်းတယ်။

မေး။ ။ နမ်ဖတ်ကာ ဝန်းကျင်မှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေ၊ မတရား ဖမ်းဆီးသတ်ဖြတ်ခံရတာတွေလည်း ရှိနေတယ်၊ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်းခံရတော့ လုံခြုံမှု မရှိတဲ့နေရာမှာ နေနေရတဲ့ ပြည်သူတစ်ယောက်အနေနဲ့ အဖွဲ့အစည်းတွေအပေါ် ဘာပြောချင်ပါလဲ။

ဖြေ။ ။ အခုလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မီဒီယာမှာ CSO အဖွဲ့အစည်းတွေမှာ မြန်မာလို၊ အင်္ဂလိပ်လို တတ်နိုင်သလောက် သက်သေတွေကို ယူထား၊ ဒေတာတွေကို ယူထား ဒါပဲ လုပ်နိုင်တယ်လေ။ သူတို့ကို ဘာမှ သွားလုပ်လို့ မရ၊ နောက်နောင် သူတို့ကို အရေးယူလာတဲ့ အချိန်အတွက် သက်သေတွေ ယူထားရမယ်။ မီဒီယာတွေကနေ တဆင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တတ်နိုင်သလောက် တင်ပြခိုင်းစေချင်တယ်။ ဒါမှပဲ သူတို့ ကျူးလွန်နေတာကို အကုန်လုံး သိနိုင်မယ်။

KNG ပေးပို့သည်။