“စစ်ရှောင်ကာလကလည်း ကြာလာပြီဆိုတော့ အခက်အခဲတွေ စိန်ခေါ်မှုတွေကတော့ အများကြီး ရှိတယ်။ အထူးသဖြင့် စားနပ်ရိက္ခာပိုင်းမှာ အခက်အခဲပိုများလာတာပေါ့။ အခုစစ်ရှောင်တဲ့နေရာလည်း ကြမ်းတမ်းတယ်။ ခံနိုင်ရည်အား နည်းတယ်ပေါ့နော။ ရာသီဥတုအပြောင်းအလဲဖြစ်လာရင် ကျန်းမာရေး ထိခိုက်မှုတွေများတယ်” ကိုရှိုင်းလင်း / ရောင်ခြည်ဦးစစ်ရှောင်စခန်းတာဝန်ခံ

By MPM 19 ဇူလိုင်, 2024 👁

လက်ရှိကာလ စစ်ရှောင်စခန်းအတွင်း လိုအပ်ချက်၊ အခက်အခဲများနှင့်ပတ်သက်ပြီး ဖရူဆိုမြို့နယ်က ရောင်ခြည်ဦး စစ်ရှောင်စခန်းတာဝန်ခံ ကိုရှိုင်းလင်းနှင့်ဆက်သွယ်မေးမြန်းချက်။

စစ်တပ်ကအာဏာသိမ်းယူပြီးနောက် ကရင်နီ (ကယား) ပြည်တွင် ဒေသတွင်းဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်ဘေး တိမ်းရှောင်နေကြရသည့် ဒေသခံလူထုသည် မိမိတို့နေရပ်ကို မပြန်နိုင်သည်မှာ ၃ နှစ်ကျော်ကြာ ရှိလာပြီ ဖြစ်သည်။ စစ်ဘေးတိမ်းရှောင်သူများ စစ်ရှောင်စခန်းများ၌ နေထိုင်ကြစဉ်အတွင်း စစ်ရှောင်စခန်း တာဝန်ရှိသူ များက ၎င်းတို့၏နေထိုင်ရေး၊ စားသောက်ရေးသာမက လုံခြုံကျန်းမာရေးကိုပါ ဦးဆောင်စီမံပေးလျက်ရှိပါသည်။

စစ်ရှောင်ကာလ ကြာမြင့်လာသည်နှင့်အမျှ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အလှူရှင်နည်းပါးလာခြင်းကြောင့် လိုအပ်ချက်နှင့် အကျပ်အတည်းများက ပိုမိုဆိုးရွားလာသည်ဟု စစ်ရှောင်များနှင့် စစ်ရှောင်စခန်းတာဝန်ခံများက ပြောဆိုသည်။ လက်ရှိကာလ စစ်ရှောင်စခန်းအတွင်း လိုအပ်ချက်၊ အခက်အခဲများနှင့် ပတ်သက်ပြီး ဖရူဆိုမြို့နယ် အတွင်းက ရောင်ခြည်ဦးစစ်ရှောင်စခန်း တာဝန်ခံကိုရှိုင်းလင်းကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး ။ ။ ဒီစစ်ရှောင်စခန်းမှာ ဘယ်ဒေသက စစ်ဘေးရှောင်တွေ လာရောက်စုဖွဲ့နေထိုင်ကြတာပါလဲ။

ဖြေ ။ ။ များသောအားဖြင့် ဒီးမော့ဆို ၊ စံပြ ၆ မိုင်အုပ်စုက သူတွေများတယ်။ အိမ်ထောင်စုက ၁၀၀ ကျော် ရှိတယ်။ လူဦးရေက ၄၀၀ ကျော်လောက် ရှိပါတယ်။

မေး ။ ။ စစ်ရှောင်စခန်းတာဝန်ခံအနေနဲ့ စစ်ရှောင်စခန်းတခုလုံးရဲ့ စားဝတ်နေရေးဘယ်လိုဖြေရှင်းနေရလဲ။ ဘယ်လိုစီမံပေးရပါလဲ။

ဖြေ ။ ။ တပိုင်တနိုင်တောင်ယာတွေ လုပ်ကြတယ်။ တချို့က မိသားစုအဝေးရောက်သူတွေက ဆန်ပေးတာ ရှိတယ်။ တချို့ကလည်း တကယ်ခက်ခဲတဲ့သူဆိုရင် အဖွဲ့အစည်းက ထောက်ပံ့ပေးတာရှိတယ်။

မေး ။ ။ စစ်ရှောင်စခန်းတည်ရှိတာ ဘယ်လောက်ကြာပြီလဲ။ ဒီနေရာမှာတည်ရှိဖို့ ဘယ်နေရာလောက် ပြောင်းရွေ့စစ်ရှောင်ခဲ့ရလဲ။

ဖြေ ။ ။ ဒီနေရာကိုရောက်တာတော့ တစ်နှစ်ကျော်သွားပြီ။ ဒီနေရာကို မရောက်ခင် နှစ်ဆင့် ၊ ဒီနေရာပါ သုံးဆင့်လောက် ပြေးခဲ့ရတယ်။ ဒါ စစ်ရှောင်စခန်း တခုလုံးအနေနဲ့ပေါ့။ အဲ့ထဲမှာ တချို့ကျတော့ သုံးဆင့်မက ၅ ဆင့် ၆ ဆင့် ရောက်လာတဲ့သူလည်း ရှိတယ်ပေါ့။ မတူတဲ့ နေရာဒေသကနေ ၄ ၊ ၅ ဆင့် ရှောင်ပြီး လာကြတဲ့ သူတွေရှိတယ်။ စခန်းတခုလုံးအနေနဲ့ဆိုရင် ၃ ဆင့် ရှောင်ပြီးမှ ဒီကိုရောက်လာကြတာပေါ့။

မေး ။ ။ ဘာလို့ထပ်ဆင့်ရှောင်ရတာလဲ။ အကြောင်းအရင်းက ဘာကြောင့်ပါလဲ။

ဖြေ ။ ။ အကြောင်းရင်းက စစ်ကောင်စီက စစ်ကြောင်းထိုးတာရယ် လက်နက်ကြီးတွေနဲ့ပစ်တာကြောင့် တနေရာပြီးတနေရာ ရွေ့လိုက်ရတာပေါ့။

မေး ။ ။ တနေရာပြီးတနေရာ ရွေ့ပြောင်းရတဲ့အခါ စစ်ရှောင်တဲ့တဖွဲ့လုံးကို ဦးဆောင်သူအနေနဲ့ ကြုံခဲ့ရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုကဘာတွေလဲ။

ဖြေ။ ။ ကြုံရတဲ့အခက်အခဲက သယ်ယူပို့ဆောင်ရေးပေါ့ ။ အဲဒီသယ်ယူပို့ဆောင်ရေးက မလုံလောက်တာ၊ တချို့ သယ်ယူပို့ဆောင်ရေးယာဉ် ရှိပေမယ့်လည်း လိုအပ်တဲ့ဆီ၊ ငွေကြေး မရှိတဲ့အခါကြတော့ အတော်လေးခက်ခဲတယ်။ တချို့ယာဉ်ရော ဓာတ်ဆီရော ရှိပေမယ့်လည်း သက်ကြီးရွယ်အိုတို့ ကိုယ်ဝန်ဆောင်မိခင်တို့ဆိုရင် မလှုပ်ရှားနိုင် တဲ့သူ ကလေးငယ်တွေဆို သယ်ယူရေးမှာခက်ခဲတယ်။ လမ်းပန်းဆက်သွယ်ရေးက မကောင်းတော့ ပိုခက်ခဲတာ ပေါ့။

မေး ။ ။ လက်ရှိ စစ်ရှောင်စခန်းက ဝေးလံခေါင်ဖျားတဲ့နေရာဖြစ်တယ်ဆိုတော့ လုံခြုံပြီလို့ခံစားရလား။ ထပ်ရွေ့ ရမယ့် စိုးရိမ်ချက်ရောရှိပါလား။

ဖြေ ။ ။ ဒီနေရာက တခြားနေရာထက်စာရင် လုံခြုံမှုရှိတယ်။ လေကြောင်းရန်တခုပဲ စိုးရိမ်ရတာပေါ့နော။ လက်နက်ကြီးနဲ့ စစ်ကြောင်းထိုးတာမရှိဘူးလို့ မြင်မိတယ်။ လေကြောင်းရန်တခုပဲပေါ့နော၊ စာသင်ကျောင်းလည်း ဖွင့်ထားတယ်။ အထက်တန်းထိလည်း ဖြစ်နေတော့ အဲ့တခုကိုပဲ စိုးရိမ်ရတာပေါ့။

မေး ။ ။ လေကြောင်းရန်ကာကွယ်ဖို့ အတတ်နိုင်ဆုံးနည်းလမ်း ကြိုတင်ပြင်ဆင်ထားတာရှိပါလား။

ဖြေ ။ ။ လောလောဆယ် ကျနော်တို့ကျောင်းအတွက်ရော စစ်ရှောင်တွေအတွက်ရော လေကြောင်းရန် ကာကွယ်ဖို့အတွက် ကာဗာကျင်း (ကတုတ်ကျင်း) တွေ တူးထားကြတာပေါ့။ ကျောင်းတွေမှာလည်း ကာဗာကျင်းတွေ တူးထားတယ်။ စစ်ရှောင်အိမ်တိုင်းမှာလည်း ကိုယ်စီကိုယ်စီ အိမ်တွေမှာ ကာဗာကျင်း တူးထားကြတာပေါ့။ ဒါပေမယ့် ဖြစ်ရင်တော့ မတတ်နိုင်ဘူးပေါ့နော။ အတတ်နိုင်ဆုံးတော့ ကာကွယ်နိုင်မယ့် နည်းလမ်းတော့ အတတ်နိုင်ဆုံးလုပ်ထားရတာပေါ့။

မေး ။ ။ ဒီနေရာကိုရောက်ဖို့ လမ်းပန်းဆက်သွယ်ရေးက အတော်လေးခက်ခဲတယ်ဆိုတော့ စစ်ရှောင်စခန်းမှာ လိုအပ်တဲ့အရာတွေကို ဘယ်လိုစီစဉ်မှုတွေ လုပ်ဆောင်ပါလဲ။

ဖြေ ။ ။ လမ်းပန်းဆက်သွယ်ရေးအတွက်တော့ သီးသန့် ကျနော်တို့ပြင်ဆင်ထားတာ မရှိဘူးပေါ့နော။ ဒါပေမယ့် ဈေးဝယ်ဖို့ အတွက်ဆိုရင်တော့ ကျနော်တို့က အနည်းဆုံး တစ်ပတ်တစ်ကြိမ် လူတွေစုကြတယ်။ ကားတစ်စီး အတူငှားပြီးတော့မှ သွားကြတာပေါ့။ ဒီလိုမျိုးပဲ လုပ်ကြတယ်။ စီစဉ်ထားပေးတာက ရိက္ခာဝယ်တဲ့အခါမှာ ဆန်ဝယ်တဲ့အခါ စီစဉ်ပေးတာတော့ ရှိပါတယ်။ ကျန်တဲ့ ကိုယ်ရေးကိုယ်တာတို့ အသေးအမွှားကိစ္စတွေကတော့ သူတို့အစီအစဉ်နဲ့ပေါ့ ကားဌားပြီးသွားကြတာပေါ့။ ဒါပေမယ့် ကားကလည်း အခက်အခဲရှိတာပေါ့။

မေး ။ ။ ဒီမှာရော စားဝတ်နေရေးအတွက် တောင်ယာလုပ်ကိုင်စားသောက်ကြတာရှိလား။ တချို့သော စစ်ရှောင်တွေဆိုရင် ရွာခံတွေက သူတို့ခြံ​မြေ ငှားရမ်းတာရှိတယ်ပေါ့နော။ ဒီမှာရော အခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ ။ ။ ဒီမှာတော့ ရွာခံတွေတော့ လုပ်ခိုင်းပါတယ်။ ဒါပေမယ့် နည်းနည်းတော့ဝေးတာပေါ့။ တောင်ယာတော့ ခုတ်လို့ရတယ်။ ဒါပေမယ့် ​နေရာဒေသချင်းမတူတော့ ခုတ်တဲ့အခါမှာ အဆင်မပြေမှုလေးတွေ ရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့က မြေပြန့်မှာရှိတဲ့ချိန်ဆို ခြံတွေကာစရာမလိုပါဘူး။ ဒီဖက်မှာက ခြံတွေကာနိုင်မှပဲ စားရတယ်။ တချို့ကြတော့လည်း ခြံတွေကာထားပေမယ့်လည်း နွားတွေက စပါးတွေ စားသွားကြတာပေါ့​။ တော်တော်များများတော့ တောင်ယာကို တတ်နိုင်သလောက် စိုက်ကြတယ်။ အထွက်တော့ နည်းတယ်ပေါ့။ မနေသာလို့သာ လုပ်နေရတယ်ပေါ့နော။

မေး။ ။ တခြား ပညာရေးကဏ္ဍမှာရော ဘယ်လိုအခြေအနေရှိပါလဲ။ ဘာအခက်အခဲတွေရှိလဲ။

ဖြေ ။ ။ ပညာရေးကြတော့ ဒီမှာက အထက်တန်းအထိ ဖွင့်ထားတယ်ပေါ့နော။ ဘာအခက်အခဲရှိလဲဆိုတော့ ကျောင်းကိစ္စနဲ့ပတ်သက်ပြီး သွားလာတဲ့အခါမှာ ဆက်သွယ်ရေးတခုတော့ အခက်အခဲရှိပါတယ်။ နောက်ပိုင်း မှာတော့ အလှူရှင်တွေက Stationary (ကျောင်းသုံးပစ္စည်း) နဲ့ ပတ်သက်ပြီးတော့မှ ပံ့ပိုးမှု နည်းသွားတော့ ဒီလိုမျိုး အထက်တန်းကျောင်းအတွက် ပြည့်စုံလုံလောက်မှု မရှိဘူးပေါ့နော။ ဆိုတော့ ရှေ့နှစ်တွေလိုမျိုး ကျနော်တို့ အဆင်ပြေပြေနဲ့ လုပ်ဆောင်ရတာ နည်းပါးလာတယ်။

ကလေးတွေရဲ့ပညာရေးအတွက် လိုအပ်တာရှိလာတဲ့အခါ ကလေးတွေထံကနေ ငွေကြေးကောက်ခံတာ ရှိတာ ပေါ့နော။ လိုအပ်တဲ့အရာတွေ ဝယ်ဖို့ပေါ့နော။ အဲ့လိုတောင်းတဲ့အခါမှာလည်း စိတ်တော့မကောင်းဘူး ပေါ့နော။ ဘာဖြစ်လဲဆို သူတို့ကစစ်ရှောင်တွေဖြစ်တယ်။ ဝင်ငွေမရှိဘူး၊ ထွက်ငွေပဲရှိတော့ အားနာရတာပေါ့နော။ ဒီထက်မက ပညာရေးကိုတိုးတက်အောင်လုပ်ပေးချင်တယ်။ မတူတဲ့ပညာရပ်တွေ မတူတဲ့နည်းစနစ်တွေ လုပ်ပေး ချင်တယ်။ ဒါပေမယ့် ခုနကပြောတဲ့ မြေပြင်ရဲ့အရင်းအမြစ်ကနည်းတယ်။ လိုအပ်နေတဲ့ ပစ္စည်းကိရိယာတွေက နည်းတယ်။ ပံ့ပိုးမှုကလည်းမရှိတော့ ကျနော်တို့က တတ်နိုင်သလောက်ပဲလုပ်သွားကြတော့တယ်။

မေး။ ။ ဘာသာရေးဘက်မှာကော ဘာသာဘယ်နှစါမျိုးလောက်ရှိလဲ။ ဘယ်လိုမျိုးစုပြီး နေထိုင်ကြပါလဲ။

ဖြေ ။ ။ များသောအားဖြင့် ခရစ်ယာန်ပဲများတယ်။ ကျန်တဲ့ဗုဒ္ဓဘာသာတော့ တစု၊ နှစ်စု ရှိတယ်ပေါ့နော။ ဆိုတော့ ခရစ်ယာန်ဘုရားကျောင်းတခုပဲရှိတယ်။ ဘာသာရေးပွဲတွေမှာကြတော့ အထွတ်မြတ်ထားတဲ့နေ့ရက်တို့ နေ့ထူးနေ့မြတ်တွေဆို လုပ်တယ်။ လုပ်တဲ့အခါလည်း ဘာသာခြားတွေလည်း ပူးပေါင်းပါဝင်မှုရှိတယ်။ အားလုံး တစုတစည်းထဲ လုပ်ကြတယ်။ သူ့ဘာသာကိုယ့်ဘာသာ မခွဲကြဘူးပေါ့နော။

မေး။ ။ တခြားအခက်အခဲရော ဘာတွေရှိပါလဲ။

ဖြေ ။ ။ စစ်ရှောင်ကာလကလည်း ကြာလာပြီဆိုတော့ အခက်အခဲတွေ စိန်ခေါ်မှုတွေကတော့ အများကြီး ရှိတယ်။ အထူးသဖြင့် စားနပ်ရိက္ခာပိုင်းမှာ အခက်အခဲပိုများလာတာပေါ့။ အခုစစ်ရှောင်တဲ့နေရာလည်း ကြမ်းတမ်းတယ်။ ခံနိုင်ရည်အား နည်းတယ်ပေါ့နော။ ရာသီဥတုအပြောင်းအလဲဖြစ်လာရင် ကျန်းမာရေး ထိခိုက်မှုတွေ များတယ်။ ဆေးဝါးလည်း တော်တော်ကုန်တယ်။ လမ်းပန်းဆက်သွယ်ရေးလမ်းက မကောင်းတော့ ကားတွေလည်း ပျက်စီးသွားတာရှိတယ်ပေါ့။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။