“စစ်ဖြစ်လာပြီဆိုရင် အမျိုးသမီးတွေက ပိုပြီးခံစားရတယ်။ အသက်ငယ်အမျိုးသမီးတွေရယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေရယ် ပြီးတော့ မွေးကင်းစကလေးတွေရယ် အရမ်းကို အခက်အခဲဖြစ်တယ်” နန်းအေးအောင် (KWO)

By MPM 18 ဇန်နဝါရီ, 2023 👁

ကရင်အမျိုးသမီးအစည်းအရုံး (KWO) မှ နန်းအေးအောင်နှင့် အမေးအဖြေ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် နယ်မြေခံ တော်လှန်ရေးအင်အားစုများအကြား ပြင်းထန်တိုက်ပွဲများအပြင် စစ်ကောင်စီမှ ကျေးရွာများအတွက် လက်နက်ကြီးများ နေ့/ညမပြတ် ပစ်ခတ်နေမှုများကြောင့် သောင်းနှင့်ချီသည့် စစ်ဘေးရှောင်များ နီးစပ်ရာ ဒေသများသို့ လိုက်လံ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထိုသို့ ထွက်ပြေးတိမ်းရှောင်နေရသူများထဲတွင် အမျိုးသမီးနှင့် ကလေးသူငယ်များပါဝင်ပြီး ၎င်းတို့ကို ပဋိပက္ခကာလအတွင်း ကြုံတွေ့ရသည့် လက်ရှိ အခက်အခဲများနှင့်ပတ်သက်ပြီး ၎င်းတို့ကို အနီးကပ် ကူညီစောင့်ရှောက်မှုပေးနေသည့် ကော့ကရိတ်မြို့နယ် ကရင်အမျိုးသမီးအစည်းအရုံး (KWO) မှ နန်းအေးအောင်နှင့် တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

မေး။ အရင်ဆုံးအနေနဲ့ လက်ရှိအမျိုးသမီး စစ်ဘေးရှောင်တွေရဲ့ အခက်အခဲအကြပ်အတည်းစတဲ့အခြေအနေ အရပ်ရပ်ကို ပြောပြပေးပါ။

ဖြေ။ ကော့ကရိတ်မြို့နယ်တောင်ပိုင်းရဲ့ အခြေအနေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် အဓိက အမျိုးသမီးတွေကို ရွေးပြီး ပြောချင်တယ်။ ကျမတို့အမျိုးသမီးတွေက စစ်ဖြစ်လာပြီဆိုရင် အမျိုးသမီးတွေက ပိုပြီးခံစားရတယ်။ အသက်ငယ်အမျိုးသမီးတွေရယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေရယ် ပြီးတော့ မွေးကင်းစကလေးတွေရယ် အရမ်း ကို အခက်အခဲဖြစ်တယ်။ အခုလက်ရှိမှာဆိုလို့ရှိရင် အရမ်းကိုအခက်အခဲဖြစ်တယ်။ ၁၁လ ပိုင်း ၁၂လပိုင်း ၁ လ ပိုင်းကနေစပြီးတော့ ကျမတို့ကော့ကရိတ်တောင်ပိုင်းမှာစစ်ကောင်စီတွေက တအားကို ထိုးစစ်တွေဆင်နေကြ တယ်။ ထိုးစစ်ဆင်ကြတဲ့အထဲမှာ ကျမတို့ အုပ်စုတွေရဲ့ တချို့တွေထဲမှာမီးလောင်မှုတွေ ဖြစ်တယ်ပေါ့နော်။ စစ်ပွဲတွေ အရမ်းအကြီးအကျယ်ဖြစ်တယ်။ လေယာဉ်ပျံတွေနဲ့ တအားကို ပစ်ခတ်တဲ့ အတွက်ကြောင့် နေ အိမ်တွေမီးလောင်နေတဲ့ထဲမှာလေး မုဆိုးမအိမ်တွေလည်း ရှိကောင်းရှိနိုင်တယ်။ အိမ်ထောင်သည် ရှိတဲ့ သူတွေလည်းရှိကောင်းရှိနိုင်တယ်။ အဓိကအိမ်ထောင်သည်ရှိပြီးဆိုရင် သူတို့အိမ်မီးလောင်သွားပြီးဟေ့ ဆိုရင် သူတို့ရဲ့လင်ယောကျာ်းတွေရဲ့ကူညီထောက်ပံ့မှုတွေက တဲလေးဘာလေးနဲ့နေလို့ရသေးတယ်ပေါ့နော်။ မုဆိုးမ မှာကြတော့ သူတို့မှာ အားကိုးရာမရှိတဲ့အခါကျတော့ သစ်ခုတ်ဝါးခုတ်ဖို့ အခက်အခဲတွေရှိတယ်။ ပြီးတော့ ရွာထဲကိုတောင်မှ ပြန်လာမရဲတဲ့အခြေနေတွေရှိတဲ့အခါကျတော့ သူတို့အတွက် အခက်အခဲတွေ အများကြီး ရင်ဆိုင်နေရတယ်။

မေး။ ဒုတိယအချက်အနေနဲ့ပေါ့လေး အမျိုးသမီးတွေကိုကူညီထောက်ပံ့မှုတွေဘယ်လိုရှိလဲ နောက်ပြီးတော့ သူတို့ကို ဘယ်လိုကူညီပံ့ပိုးမှုတွေလုပ်ဆောင်ပေးသင့်လဲ ဘယ်လိုစဉ်းစားပေးသင့်လဲ ဘာကြောင့်လဲ။

ဖြေ။ ပထမအချက်ကပေါ့နော် ကျမတို့ဒီအမျိုးသမီးတွေကို ဘယ်လိုကူညီပေးသင့်လဲဆိုတော့ အဓိက ကျမတို့က သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို ဦးစားပေးရမယ်။ အခုလက်ရှိ အခြေအနေရဲ့ စစ်ဖြစ်နေတဲ့ စိတ်ပိုင်းဆိုင်ရာကို ဦးစား ပေးတဲ့အပြင် တကယ့်လုပ်နိုင်မယ်ဆိုလို့ရှိရင်ပေါ့နော် သူတို့ဆုံးရူံးသွားတဲ့အရာတွေကို နိုင်သလောက် ဖြည့်ဆည်း ပေးစေချင်တယ်။ နောက်တစ်ခု သူတို့ရဲ့အခက်အခဲတွေပေါ့နော် တအားကြီး မနိုင်ရင်တောင် မှ တပိုင်တနိုင်လေး နိုင်သလောက်လေးကိုကူညီပံ့ပိုးစေချင်တယ်။ အဲ့တာမှ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ သူတို့ ဆုံးရူံးသွား တဲ့အရာအားလုံးတွေက တစ်ဝက်လောက်ပြန်ကုစားလို့နိုင်မယ်လို့ ကျမထင်တယ်။

မေး၊၊ နောက်တစ်ချက် ကော့ကရိတ်ဒေသမှာ အမျိုးသမီးစစ်ဘေးရှောင်ဦးရေ ဘယ်လောက်ရှိပြီးတော့ သူတို့ ရဲ့အဓိက လိုအပ်ချက်ကဘာဖြစ်မလဲ။ သူတို့ အတွက် စိုးရိမ်ကြောက်ရွံ့နေရတဲ့အရာကကော ဘာတွေဖြစ်မလဲ။

ဖြေ။ ကျမတို့ အခုလက်ရှိကော့ကရိတ်တောင်ပိုင်းမှာ ခန့်မှန်းခြေအရဆိုလို့ရှိရင် အမျိုးသမီး ဦးရေရယ်လို့တော့ မဟုတ်ဘူး။ ကိုယ်ဝန်ဆောင်မိခင်တွေရယ် အမျိုးသမီးထဲမှာပဲပေါ့ ကလေးသူငယ်တွေရယ် ကျမတို့ ဒီအကြမ်းဖျင်းပေါ့ စေ့စေ့စပ်စပ်တော့ လိုက်ကောက်ရတယ်လို့တော့မရှိဘူး။ ဒီအခြေအနေအရ ထောင်နဲ့ သောင်းနဲ့ရှိနေပြီးလို့တော့ယူဆတယ်။ အဲ့ဒီတော့ ကျမတို့က သူတို့ကို ဘာတွေပြန်ထောက်ပံ့ သင့်လဲဆိုတော့၊ သူတို့ရဲ့စားဝတ်နေရေး၊ နေရေးထိုင်ရေး၊ အဲ့တာတွေကို ကျမတို့ဘယ်လိုကူညီမလဲပေါ့ အဲ့တာတွေကို ကျမတို့ စဉ်းစားသင့်တယ်။ သူတို့ရဲ့ နေရာဆုံးရူံးမှုတွေ အိုးအိမ်တွေ သူတို့ရဲ့အိမ်ပစ္စည်းတွေ ပြီးတော့ သူတို့မှာ တပိုင် တနိုင်လေး မွေးမြူထားတဲ့ တိရိစ္ဆာန်တွေ ဆုံးရူံးမှု တွေများ နေတဲ့အတွက်ကြောင့် အဓိက သူတို့က အရမ်းကို ခံစားနေရတယ်။ ကျမတို့ကတော့ တတ်နိုင်တဲ့ဘက်က အဓိကစားဝတ်နေရေးပေါ့နော်၊ စားဝတ်နေရေးမှာ အဓိကကျတယ်။ အခုဆိုရင် ကျမတို့ကစီးပွားရေးအခြေအနေရဆိုရင် ဘယ်မှာမှ စီးပွားရေးက ရှာလို့မရဘူး။ အဓိက ကျမတို့စိုက်ခင်းထားတဲ့ ကျမတို့စိုက်ခင်းတွေတောင်မှ တချို့က သွားရိတ်မရဲတာရှိတယ်။ ဒီစစ်ပွဲကြောင့် သွားရိတ်လို့မရဘူး။ အဲ့တော့စားဝတ်နေရေးမှာတင် အခက်အခဲအရမ်းကိုကြုံတွေ့နေရတယ်။ အဓိက က ငွေကြေး၊ ငွေရေးကြေးရေးနဲ့အခုလက်ရှိကုန်ဈေးနူန်းနဲ့ တစ်နေ့ကိုဘာမှ ဝယ်စားလို့မရတဲ့ အခက်အခဲ တွေရှိတယ်။ အိမ်ထောင်သည်မရှိတဲ့ အမျိုသမီးတွေမှာဆို အခက်အခဲတွေပိုပြီးကြုံရပါတယ်။

မေး။ ခုနကပြောတဲ့ကော့ကရိတ်ဒီတောင်ပိုင်းထဲမှာတောင်မှ စစ်ဘေးရှောင်အမျိုးသမီး ထောင်နဲ့သောင်းနဲ့ ချီပြီးရှိတယ်ပေါ့။ အဲ့ဒီထဲမှာရှောင်နေရတဲ့ ရွာနမည်တွေကိုကောပြောပြပေးလို့ရနိုင်မလား။

ဖြေ။ အဓိက ဟို၂၀၂၁ ကတည်းက ခံစားရတဲ့ ရွာတွေကို အုပ်စုအလိုက်ကျမ အနေနဲ့ပြောပြချင်တယ်။ အဓိက ကတော့ မောင်းမအုပ်စုဖြစ်တယ်။ မောင်းမရယ်၊ ဖော့နွယ်ရယ် ပြီးတော့၊ အန်ဖကြီးပေါ့၊ ရွာတန်းရှည်၊ ပြီးတော့ ဆကဝှက်၊ သုံးဆယ့်သုံးဆူးပြီးတော့ အုပ်စုငါးအုပ်စုထဲမှာမှ တကယ်ကို စစ်ဘေးရှောင်တွေ တကယ်ကို ခံစား နေရတယ်။ ဒီအမျိုးသမီးတွေ လူ့အခွင့်ရေးချိုးဖောက်ခံထိ တာကတော့ နေရာတိုင်းမှာ ဖြစ်တယ်။ အဖွဲ့အစည်း တွေ အနေနဲ့ကလည်း မြေပြင်ထဲအထိဆင်းပြီး ဒီအခြေအနေနဲ့က သွားပြီးတော့ စုံစမ်းလို့မရတဲ့ အခြေအနေမှာ ရှိတယ်။ အဓိက သူတို့ချိုးဖောက်ခံစားနေရတာတွေက စိတ်ပိုင်းဆိုင်ရာတွေ တချို့တွေကြတော့လည်း အဖွဲ့စည်း အမျိုးမျိုးရှိတဲ့ကြားထဲက ကိုယ်ပိုင်းဆိုင်ရာ တွေရှိကောင်းလည်းရှိလိမ့်မယ်။ စစ်ကောင်စီတွေက လက်နက်ခဲယမ်းတွေသုံးတာ အရမ်းကို အဆင့်မြင့်တယ်။ အဆင့်မြင့်နေတဲ့ကြားထဲက ကလေးတွေ ရယ်၊ အမျိုးသမီးတွေရယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေက လက်နက်ကြီးဒဏ်ကိုဘယ်လိုမှ မခံစားနိုင်ဘူး။ မခံနိုင်တဲ့ အခါကျတော့ ကလေးတွေရဲ့ ဦးဏှောက် ဖွံ့ဖြိုးမှု တွေက အစ၊ ပြောခြင်တာက တကယ့် ခံစားနေ ရတယ်ဆိုရင် သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ သူတို့ရဲ့ ဦးဏှောက် ဖွံဖြိုးမှုတွေက တော်ရုံတန်ရုံလူကြီးတောင် မခံနိုင်ဘူးဆိုရင် ကလေးတွေကမခံနိုင်ဘူး။

မေး။ တိုက်ပွဲတွေ အချိန်ကြာလာတာနဲ့အမျှ အမျိုးသမီးထုတွေကော ကလေးသူငယ်တွေရဲ့ ရင်ဆိုင်ကြုံ တွေ့လာရမဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေက ဘာတွေဖြစ်မလဲ။

ဖြေ။ တကယ်လို့ ပဠိပက္ခတွေက ရက်တွေကြာလာမယ်ဆိုလို့ရှိရင်တော့ အဓိက က စားဝတ်နေရေးပေါ့နော်။ စားဝတ်နေရေးနဲ့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေလို့ပြောချင်တာပေါ့။ ပြီးတော့ကလေးတွေက ထပ်မွေးဖွားလာမဲ့ကလေးတွေက သူတို့မှာ ကာကွယ်ဆေးတွေလိုလာတယ်။ အဓိက ကလေးတွေက ကာကွယ်ဆေးတွေမထိုးရဘူး။ တချို့သောမိခင်တွေက ကိုယ့်ရွာကနေထွက်ပြေးပြီး တခြားရွာတွေမှာ ကလေးမွေးဖွားရတဲ့သူတွေလည်းရှိတာပေါ့။ အဲ့ဒီတော့ ကျမတို့ရဲ့အမျိုးသမီးမှာ ပြန်ကြည့်မယ်ဆိုလို့ရှိရင် ကိုယ့်အိမ်နဲ့လည်း ကိုယ်မနေရဘူး။ ဟို့တောတောင်တွေထဲမှာနေနေရတယ်။ တခြားရွာမှာသွားခိုလို့လည်း အဆင်မပြေတဲ့နေရာတွေလည်းရှိတာပါ့နော်။ ဒီမှာကျမစုံစမ်းသိရသလောက်ဆိုရင် ဒီကော့နွဲ့မှာ တောတောင် တွေထဲမှာ ယာခင်းတွေထဲမှာ သွားနေရတာတွေ ရှိတယ်။ သူတို့ရဲ့စားဝတ်နေရေးကို ဖြစ်သလိုပဲ သူတို့စားရတယ်။ သူတို့ရဲ့ အဓိက ကျန်းမာရေးတွေ ချို့တဲ့လာမယ်။ ကလေးတွေဆိုရင် စစ်ဘေးကြောင့် သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာမယ်။ အဲ့တာတွေကို တွေ့မြင်နေရတယ်။ အခုလက်ရှိမှာ စိတ်ဓာတ်ကျတဲ့ ခံစားချက်တွေလည်း အရမ်းကို ခံစားနေကြရတယ်။

မေး။ ပဋိပက္ခကြားမှာ အမျိုးသမီးတွေရဲ့ဘဝက ဘယ်လောက်ခက်ခဲနေလဲ။

ဖြေ။ အခုဒီစစ်ဖြစ်နေတဲ့ ပဋိပက္ခကြားမှာပေါ့နော် ကျမတို့အမျိုးသမီးတွေ ဘယ်လောက်ခက်ခဲလဲဆိုရင် တစ်ချို့သော အိမ်ထောင်ဦးစီးလုပ်နေရတဲ့သူတွေက ပိုပြီးတော့ ခက်ခဲတယ်။ အိမ်တစ်အိမ်မှာ လင်က ကျန်းမာရေးကြောင့် အလုပ်မလုပ်နိုင်ဘူး။ တစ်ချို့က ဆုံးပါးသွားတယ်။ တစ်ချို့လူကတော့ နာတာရှည်ရောဂါခံစားနေရတဲ့ အိမ်ထောင်ဦးစီး အမျိုးသမီးတွေဟာဆိုရင် သူတို့က တစ်နေ့လုပ် တစ်နေ့စားသမားတွေ ပိုအခက်အခဲရှိတယ်။ သူတို့မှာထွက်ပေါက်လဲမရှိဘူး။ ပြီးတော့ အပြင်မှာသွားပြီးတော့ လုပ်ကိုင်စားသောက်ဖို့ကလည်း အဆင်မပြေတဲ့ကာလ ဖြစ်တဲ့အတွက်ကြောင့် သူတို့မှာစားဝတ်နေရေးအရမ်းကို အခက်အခဲဖြစ်တယ်။ စားဝတ်နေရေးအပြင် စိတ်ပိုင်းဆိုင်ရာတွေပြန်ပြီးထိခိုက်လာတယ်။ အဲ့စိတ်ပိုင်းဆိုင်ရာပြန်ပြီး ထိခိုက်သွားတဲ့ အပြင် သွားပြီးတော့ပြန်မကုစားပေးဘူး။ အားပေးစကားတွေ သွားမလုပ်ပေးဘူးဆိုရင် သူတို့ရဲ့ကျန်းမာရေး တွေ ပြန်ထိခိုက်နိုင်တယ်။

အဲ့တော့ ကျမတောင်းဆိုချင်တာတစ်ခုက နိုင်ငံတကာပဲဖြစ်ဖြစ်ပေါ့နော် အဓိကကျမတို့အမျိုးသမီးတွေကို ဦးစားပေးပြီးတော့ ကူညီစေချင်တယ်ပေါ့နော်။ စစ်ပြေးကာလမှာ အမျိုးသမီးတွေက သွားတဲ့နေရာမှာ လာတဲ့နေရာမှာ အဓိက ကလေး ကိုယ်ဝန်ဆောင်မိခင်တွေပိုပြီးတော့ သနားဖို့ကောင်းတယ်။ နေ့စေ့ လစေ့ တွေလည်း ပြေးနေရတယ် လွှားနေရတယ်။ လမ်းမတွေထဲမွေးနေရတာတွေ ကြုံတွေ့ရတာပေါ့နော်။

ကျမတို့လည်းတနိုင်သလောက်တော့ ကူညီပါတယ်။ ဒါထက်ပိုပြီးတော့ ကူညီစေချင်တာပေါ့။ ကျမတို့ ကော့ကရိတ်မြို့နယ် တောင်ပိုင်းမှာတော့ ဘယ်လိုကူညီထောက်ပံ့မှုတွေပေးနေလည်းဆိုတော့ ဒီမုဆိုးမတွေပြီးတော့ အိမ်ထောင်ဦးစီးအမျိုးသမီးတွေကို ကျမတို့ရဲ့ ကော့ကရိတ်မြို့နယ်တောင်ပိုင်းက သဟဇာတ အဖွဲ့တွေကလာပြီးတော့ ငွေကြေးတွေနဲ့လာထောက်ပံ့တာ ရှိတယ်။ ပြီးတော့ကျမတို့ CIDKP အဖွဲ့တွေကလည်း လာပြီးတော့ ကျမတို့ အဲ့ဒီအမျိုးသမီးတွေပဲမဟုတ်ဘဲ အားလုံးလူထုတွေပေါ့နော်။

မေး၊၊ နောက်ဆုံးအချက်အနေနဲ့ ဒီစစ်ရှောင်အမျိုးသမီးရေးရာနဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်လဲ။

ဖြေ။ ဒီကော့ကရိတ်တောင်ပိုင်းမှာ တာဝန်ရှိတဲ့အမျိုးသမီးရေးရာ KWO အဖွဲ့အစည်းအနေနဲ့ပြောချင်တာက ကျမတို့က အဓိက နိုင်ငံတကာ အဖွဲ့အစည်း အသီးသီးက ကျမတို့ရဲ့ ကရင်လူထု တွေကို အထူးသဖြင့် အမျိုးသမီးတွေကို ဦးစားပေးသင့်တယ်။ ထောက်ပံ့စေချင်တယ်။ အမျိုးသမီးရယ်၊ ကိုယ်ဝန်ဆောင်မိခင်ရယ်၊ ကလေးသူငယ်ရယ်။

ရှေ့ဦးပိုင်းက ကျမပြောသွားသလိုဘဲ ကလေးသူငယ်တွေက ကျန်းမာရေး ကုသမှုတွေ အရမ်းကို လိုအပ်နေတယ်။ အခုက ဆောင်းတွင်းပိုင်းတွေလည်း ဖြစ်တဲ့အခါကျတော့ သူတို့ကပြေးနေတော့ ဆောင်တွေဘာတွေ မပါသွားတဲ့သူတွေရှိတယ်။ ပြီးတော့ တချို့သူတွေလည်း ရွာထဲမှာ နေတုန်းကတည်းက ငွေရေးကြေးရေးအခက်အခဲ ရှိတဲ့သူတွေပါတယ်။ သူများရွာထဲမှာသွားပြောင်းနေရတယ်ဆိုတော့ ငွေမရှိရင် အဆင်မပြေနိုင်ဘူးလေး။

အဲ့ဒီတော့ ကျမတို့အရေးပေါ်ကူညီစောက်ရှောက်ရေးအဖွဲ့တွေကလည်း လက်လှမ်းမှီတဲ့နေရာလောက်မှာဘဲ လက်လှမ်းတယ်ပေါ့နော်။ လက်ရှိအခြေအနေက လက်လှမ်းမမှီတဲ့နေရာမှာလည်း ကျမတို့မှာ နီးစပ်ရာတွေ ရှိကောင်းရှိနိုင်တယ်။ ကျမ ဖြည့်စွက် တောင်းဆိုချင်တာကတော့ အဓိက အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေရဲ့ ကျန်းမာရေးကို ဦးစာပေးစောက်ရှောက်စေချင်တာပေါ့။

KIC – ပေးပို့သည်။