“စစ်ကောင်စီ ကြည့်ရတာကတော့ တော်တော်ကို ပရမ်းပတာဖြစ်တာဗျ။ အခု ဒီစစ်မှုထမ်းဥပဒေကလည်း ဆက်လုပ်နေရုံပဲ။ ကျွန်မတို့ဘက်က လက်ဦးမှုရှိရှိ အသုံးချနိုင်ရင် အကောင်းဘက်ရောက်မှာပဲ” ဒေါက်တာလှကျော်ဇော/မြန်မာနိုင်ငံရေး၊စစ်ရေးကျွမ်းကျင်သူ

By MPM 16 ဖေ‌ဖော်ဝါရီ, 2024 👁

ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းလိုက်တဲ့အတွက် မြန်မာလူထုအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိလာနိုင်လဲဆိုတာနှင့် ပတ်သတ်ပြီး မြန်မာနိုင်ငံရေး၊ စစ်ရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဟောင်းဥပဒေ အာဏာတည်ပြဌာန်းပြီဆိုပြီး ဖေဖော်ဝါရီလ ၁၀ ရက် နေ့မှာ အတည်ပြုပြဌာန်းကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ အခုလို ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းလိုက်တဲ့အတွက် မြန်မာလူထုအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါလဲ။

ဖြစ်လာနိုင်မယ့် အကျိုးသက်ရောက်မှု အခြေအနေတွေနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရေး၊ စစ်ရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အခုလို ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းလိုက်တော့ မြန်မာနိုင်ငံမှာဘယ်လို အကျိုးသက်ရောက်မှုတွေ ဖြစ်လာနိုင်ပါလဲ။

ဖြေ။ ။ ကျွန်မကြည့်တာလေ စစ်ကောင်စီက တော်တော်ကယောင်ကတမ်းတွေတော့ ဖြစ်နေပြီ ထင်တယ်။ ဒီဟာဘယ်လိုခေါ်မလဲ အသွားနှစ်ဖက်ရှိတဲ့ဓားပဲလေနော်။ တခုက သူတို့စစ်တပ်က ဆုံးရှုံးတဲ့ဟာတွေ များလာတာပေါ့နော်။ အဲ့ဒါကြောင့်မို့လို့ စစ်ထဲဝင်အောင် အတင်းဆွဲရတဲ့ဟာမျိုးလည်း ဖြစ်တယ်။ တဖက်ကလည်းပဲ ဟိုနေ့က ဗိုလ်ကြီးနေမျိုးဇင်လားဘာလားမသိ ပြောနေတာ ပြည်သူလူထုကို လက်နက်တပ်ဆင်ပေးသလိုလည်း ဖြစ်တယ်ဆိုတော့၊ အခုကျွန်မအင်တာနက်မှာ တွေ့နေတယ်။ မရမက အခေါ်ခံရတဲ့ စစ်သားပဲဖြစ်ဖြစ် ရဲပဲဖြစ်ဖြစ် အချိန်မရွေး ကျွန်တော်တို့ကိုဆက်သွယ်နိုင်တယ်ဆိုပြီး CDM အဖွဲ့က ပြောနေတာတွေလည်း ရှိတယ်။ ကျွန်မကြည့်တာ ဗမာပြည်အခြေအနေက ပိုမိုဆိုးလာပါ လိမ့်မယ်။

စစ်ကောင်စီကလည်း ကယောင်ကတမ်း၊ ပရမ်းပတာတွေ လုပ်လာလိမ့်မယ်ထင်တယ်။ ကျွန်မတို့ တော်လှန်ရေးဘက်ကတော့ ကိုယ့်လုပ်စရာရှိလုပ်တာပဲ။ စစ်ကောင်စီ ကြည့်ရတာကတော့ တော်တော်ကို ပရမ်းပတာဖြစ်တာဗျ။ အခု ဒီစစ်မှုထမ်းဥပဒေကလည်း ဆက်လုပ်နေရုံပဲ။ ကျွန်မတို့ ဘက်က လက်ဦးမှုရှိရှိ အသုံးချနိုင်ရင် အကောင်းဘက်ရောက်မှာပဲ။ သူတို့ခေါ်ပြီး စစ်ပညာ သင်ပေးမယ်။ စစ်လက်နက်ပစ္စည်း တပ်ပေးမယ်။ ပြီးတဲ့အခါကျတော့ တော်လှန်ရေးထဲလာဖို့ စည်းရုံး လို့လည်း ရသွားမှာပေါ့ဗျ။ ဒါပေမယ့် ကျွန်မကြည့်တယ်။ ဒါလည်း သိပ်လွယ်မှာတော့ မဟုတ်ပါဘူး။ လူတွေ နည်းလမ်းပေါင်းစုံနဲ့ ဖြစ်မှာပဲ။ စစ်ကောင်စီက သိပ်သေချာသွားပြီ။ သူတို့မှာ စနစ်တကျ၊ ဗျူဟာကျကျ ဟိုဟာတစ်ခုလုပ်လိုက် ဒီဟာတစ်ခုလုပ်လိုက် အဆင်မပြေပြောင်းလိုက်နဲ့ သူတို့တော်တော် ကယောင်ခြောက်ခြားတော့ ဖြစ်နေပြီ။ အဲ့ဒါကတော့ သေချာပါတယ်။

မေး။ ။ တချို့သုံးသပ်တာက အခုစစ်မှုထမ်းဥပဒေဟာ အခြေခံလူတန်းစားကို ပိုသက်ရောက်မှု ရှိနိုင်မယ်။  ရှေ့တန်းထွက်တဲ့အခါ အရှေ့ကနေသူတို့ကို အသေခံခိုင်းမယ်ဆိုပြီးတော့လည်း ပြောဆို ဝေဖန်မှုတွေ ရှိနေတယ်။ ဒါနဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါ။

ဖြေ။ ။ ကျွန်မ မြောက်ပိုင်းကအဖြစ်အပျက်ကို ကြည့်တာလေ၊ ဟိုစစ်သားတွေလည်း ကျွန်မတို့ စည်းရုံးနိုင်ရင် ဘာမှ ရှေ့ကအသေခံထားစရာ မလိုဘူးလေ။ အကုန်လုံး ဘက်ပြောင်းလာအောင် ကြိုးစားလို့ ရတာပေါ။ အသေခံခိုင်းလည်း သူတို့အသေခံချင်မှ ဖြစ်တာလေ။ ခင်ဗျားမြင်တဲ့အတိုင်း မြောက်ပိုင်းမှာပေးထားတဲ့ လက်နက်များ နည်းသလား။ ဘယ်သူမှ မပစ်ပါဘူး။  အကုန်လုံး ထိုးအပ်ခဲ့ပြီး လက်နက်ချသွားတာ။ ကြာလေ အဲ့လိုပုံစံတွေဖြစ်လေ ဖြစ်လာနေမှာပဲ။ စိတ်တော့ ပူစရာ ရှိတာပေါ့ဗျာ။  ဒါပေမယ့် ကျွန်မတို့ တော်လှန်ရေးဘက်ကလူတွေက စည်းရုံးမှု သွက်သွက်လက်လက် လုပ်ဖို့တော့ လိုတာပေါ့။ ကျွန်မ ဒီနေ့တော်တော်သဘောကျတယ် ချက်ချင်းကို CDM လုပ်ထားတဲ့ အဖွဲ့တွေက ချက်ချင်းကြေညာတာတက်လာပြီဗျ။ အဲ့လိုဟာမျိုးနဲ့ လက်ဦးမှုရှိရှိ လုပ်နိုင်ရင်လွယ်ပါတယ်။ စစ်တပ်ကို သူတို့ဖွဲ့ချင်တိုင်း ဖွဲ့လို့ရတာမှ မဟုတ်တာ။ သိပ်ပူစရာ မဖြစ်ပါဘူး။

မေး။ ။ ပြည်သူ့စစ်မှုထမ်းဥပဒေကိုတော့ စစ်ကောင်စီကထုတ်ပြန်တော့ သားသမီးရှိတဲ့မိဘတွေ အရမ်းစိုးရိမ်နေတာကို တွေ့ရပါတယ်။ ဒီအပေါ်မှာရော ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ပူစရာမလိုပါဘူး။ စစ်တိုက်တယ်ဆိုတာ ကိုယ်ကစိတ်ပါမှ ကိုယ်ကယုံကြည်ချက်ရှိမှ ကိုယ်က တက်ကြွမှ လုပ်လို့ရတာ။ သူတို့ခေါ်သွားလည်း ခေါ်သွားပေါ့။ ဘာဖြစ်လည်းလိုက်သွားရုံပေါ့။ လိုက်သွားပြီး ကိုယ်အဆင်ပြေတဲ့တချိန် လုပ်လာမှာပဲ။ ခုနကပြောသလိုပဲ မြောက်ပိုင်းကမိတဲ့ လက်နက်တွေလည်း ဘာမှမလုပ်ဘဲနဲ့ကို လက်နက်ချသွားတာ။ စစ်တိုက်တယ်ဆိုတာ အဲ့လိုလုပ်ခိုင်းလို့ မရဘူးဗျ။ အဲ့လို လုပ်လည်းလုပ်ပေါ့။ ခေါ်သွားလိုက် သွားလိုက်ပေါ့။ ကိုယ်ရှောင်နိုင်ရင် ရှောင်၊ မရှောင်နိုင်လို့ ခေါ်သွား လိုက်သွားလိုက်ပေါ့။ ပြီးတော့မှ ကိုယ့်ဟာကိုယ် လွတ်ရာလွတ်ကြောင်းရှာပေါ့။ အထူးသဖြင့် ရန်ကုန်လို မြို့ကြီးပြကြီးတွေမှာ ဒီထက်ပိုပြီးတော့ ယုတ်ကန်းလို့မရပါဘူး။ ခေါ်သွားရင် လိုက်သွားကြပြီး ကိုယ့်ဟာကိုယ် လွတ်ရာလွတ်ကြောင်းရှာပေါ့။ ကျွန်မတို့ တော်လှန်ရေးသမားတွေဘက်ကလည်း လက်ဦးမှုရှိရှိ ဆက်သွယ်ဖို့လိုတယ်။ အခုလိုသတင်းတွေ ဘာတွေမကဘူး၊ လူပါဆက်သွယ်ပြီး ဒီလူတွေ ပြန်ထုတ်နိုင်အောင် ကြိုးစားရမယ်။

မေး။ ။ အခုလို တိုင်းပြည်အခြေအနေက အရမ်းဆိုးလာတော့ စစ်ကောင်စီရဲ့အခြေအနေကရော ဘယ်လို ဖြစ်လာနိုင်ပါလဲ။

ဖြေ။ ။ ကျွန်မတို့နွေဦးတော်လှန်ရေးဟာ ကျွန်မအကြိမ်ကြိမ်လည်း ပြောပါတယ်။ ကျွန်မတို့ အနှစ် ၆၀ ကျော် ၇၀ နီးပါး တိုက်လာတဲ့ စစ်အာဏာရှင်စနစ် တိုက်ပွဲစဉ်ကြီးရဲ့နောက်ဆုံးတိုက်ပွဲပဲ။ ဒီစနစ်ဟာ ဒီပွဲမှာ မုချကျဆုံးမှာပဲ။  ဒါပေမယ့် ဘယ်လောက်ကြာမယ်တော့ မခန့်မှန်းနိုင်ဘူးပေါ့ဗျာ။ ဘယ်အပေါ်မှာ မူတည်လည်းဆို ကျွန်မတို့ စစ်အာဏာရှင်စနစ်ကို မကြိုက်တဲ့လူတွေအားလုံး တစုတစည်းနဲ့ တက်တက်ကြွကြွနဲ့ ဟန်ချက်ညီညီတိုက်ဖို့၊ တိုက်ရင်တိုက်နိုင်သလို အောင်ပွဲက ပိုနီးနိုင်ပါတယ်။

တခြားဟာမကြည့်နဲ့ မြောက်ပိုင်းက MMDAA အကြိမ်ပေါင်းများစွာ ပြန်တိုက်ပြီးပြီ။ စစ်ကောင်စီကို တောက်လျှောက်လည်း တိုက်နေတာ အနှစ် ၂၀ ရှိပြီ။ ဒီအချိန်မှာ သူရဲ့သေနင်္ဂဗျူဟာတွေ မှန်တာလည်း ပါတာပေါ့။  အားလုံးကို စုစည်းလိုက်နိုင်တယ်။ နွေဦးတော်လှန်ရေး အရှိန်နဲ့လည်း ပေါင်းစပ်နိုင်တာမှာ အောင်ပွဲရတာပဲ။ဒါက တပြည်လုံးက နွေဦးတော်လှန်ရေးကို ပေးလိုက်တဲ့သင်ခန်းစာဗျ။

ကျွန်မတို့ တပ်ပေါင်းစုကို ကောင်းကောင်းမွန်မွန်ဖွဲ့နိုင်ရင် ဟန်ချက်ညီညီ လုပ်နိုင်ရင် စစ်တပ်က ပြိုမယ်ဆိုတာ ပေးလိုက်တဲ့ သင်ခန်းစာပဲ။ သိပ်ကောင်းတဲ့ သင်ခန်းစာ။ ဒါကြောင့် ပြည်သူလူထု စိတ်မပူစေချင်ဘူး။ ကျွန်မက ဒီတခေါက် ကျွန်မလည်းတက်ကြွတယ်။ ကျွန်မလည်း တော်လှန်ရေးလုပ်နေတာ အနှစ် ၄၀  နီးပါး ရှိပြီ။ ၁၉၇၆ ကတည်းက ရန်ကုန်အိမ်ကထွက်လာတာ တောက်လျှောက်တရက်မှ ကျွန်မ မပြတ်ဘူး။ စစ်အာဏာရှင်စနစ်ကို ဘာနဲ့တိုက်ရတိုက်ရ ဘာမှမလုပ်နိုင်လည်း စာလေးနဲ့ပဲ ရေးရေး။ အခု ခင်ဗျားတို့ အင်တာဗျူးမှာပဲဖြစ်ဖြစ် ကျွန်မပြောနေတာပဲ။ အနှစ် ၄၀ ရှိပြီ။ ဒီတခါတော့ အပြတ် ဖြစ်တော့မယ်လို့ ကျွန်မစိတ်ထဲမှာ ယုံကြည်မိတယ်။ ဒါကြောင့် ပြည်သူလူထုလည်း ဒီတစ်ချီတော့ တောင့်ထားကြပါ။ ဆက်ကြိုးစားကြပါလို့ ကျွန်မပြောချင်တယ်။ အောင်ပွဲရဖို့ နီးပါပြီ နီးပါပြီ။

နိရဉ္စရာ ပေးပို့သည်။