တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို စစ်ကောင်စီ အရေးယူနိုင်၊ မနိုင်
စစ်အာဏာသိမ်းကာလအတွင်း နိုင်ငံအနှံ့ပြည်သူများမှာ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့သူများကို စစ်ကောင်စီက ဖြိုခွင်းပစ်ခတ်မှုများကြောင့် ပြည်မရှိ လူငယ်အများအပြား တိုင်းရင်းသားလက်နက်ကိုင်တို့ အခြေစိုက်ရာ နယ်မြေများသို့ရောက် အကူညီတောင်းကာ လက်ရှိ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည်။
တိုင်းရင်းသားလက်နက်ကိုင် အများစုကလည်း PDF တို့ကို တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်၍ ကူညီပေးမှုများ ရှိနေသည်။ ယင်းအထဲတွင် KNU၊ KIA၊ CNF၊ KNPP၊ ABSDF စသည့် အဖွဲ့များက တရားဝင်ထုတ်ပြန်ပြီး ပံ့ပိုးမှုများ ရှိနေသလို AA၊ TNLA၊ MNDAA စသည့် အဖွဲ့များကလည်း နည်းမျိုးစုံဖြင့် ကူညီနေသည်။ ထိုသို့ NUG၊ PDF နှင့် EAO တို့အကြား ကောင်းမွန်သည့် မဟာမိတ်ဆက်ဆံရေး ရှိခြင်းကြောင်း NUG၊ PDF နှင့် သူတို့ကိုပံ့ပိုးနေသည့် EAOs တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို ပြတ်သားစွာ အရေးယူသွားမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၂၇ ရက် တပ်မတော်နေ့မိန့်ခွန်းတွင် ထည့်ပြောခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီတပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို အရေးယူမည်ဆိုသည်မှာ ဖြစ်နိုင်မလား။ နောက်ဆက်တွဲ စိတ်ဝင်စားစရာ အခြေအနေများကို စစ်မြေပြင်က EAOs – ခေါင်းဆောင်များ၊ နိုင်ငံရေးအကဲခတ်များ၏ သဘောထားအမြင်များကို စုစည်းတင်ဆက်ထားသည်။

ဗိုလ်မှူးကြီး မင်းထွန်း (စစ်ဦးစီးချုပ်) ရခိုင်ပြည်အမျိုးသားကောင်စီ/ ရခိုင်ပြည်တပ်မတော် ANC/AA
စစ်ကောင်စီတပ်ချုပ်က ပြောတဲ့ NUG၊ PDF တို့ကို ပံ့ပိုးကူညီနေကြတဲ့ အရေးယူမယ်။ ပြတ်ပြတ်သားသား နှိမ်နင်းမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ပြောလိုတာက ဒီ NUG တို့ PDF တို့ကို ကူညီနေတာက EAO သက်သက် မဟုတ်ပါဘူး။ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ၊ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေလည်း ပါတယ်။ ပြီးရင် ပြည်သူလူထုထဲက အဖိနှိပ်ခံ အင်အားစု အများက ပါဝင်တယ်။ ဘာကြောင့် ဒီလိုပါဝင်နေရတာလဲ ဆန်းစစ် ကြည့်ရင် စစ်ကောင်စီက ဖော်ဆောင်မယ့် နိုင်ငံရေးလမ်းစဉ်လုပ်ငန်းတွေဟာ ပြည်တွင်း ငြိမ်းချမ်းရေး အတွက်ရော၊ နိုင်ငံတကာငြိမ်းချမ်းရေးအတွက်ရော အထောက်အကူ မပြုဘူးဆိုတာ လူတိုင်းသိတယ်။ စစ်ကောင်စီဆိုတာလည်း လူထုအတွက် သစ်တပင်ကောင်း ငှက်တသောင်းနားနိုင်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ နီးစပ်ရာ မှန်သမျှကို ခြိမ်းခြောက်နေတဲ့ အဆိပ်ပင်ကြီးလိုဖြစ်တယ်။ ဆိုတော့ အဆိပ်ပင်ခုတ်မယ့် အရေးဟာ ဘယ်သူပဲ ခုတ်သည်ဖြစ်စေ။ ကျနော်တို့အကုန်လုံးအတွက် အန္တရာယ်ရှိတဲ့ အဆိပ်ပင်ကို ခုတ်ပေးတဲ့ သူက ကျနော်တို့အတွက် ကျေးဇူးရှင်၊ စွမ်းအားရှင်ပဲဖြစ်တယ်ဆိုတဲ့ ခံစားချက်က လူတိုင်းမှာ ရှိတယ်။ စစ်ကောင်စီဆိုတဲ့ အဆိပ်ပင်ကို ခုတ်တဲ့ လူပုဂ္ဂိုလ်တယောက်ချင်းစီကိုပဲဖြစ်စေ။ အဖွဲ့အစည်းတခုချင်းစီပဲ ဖြစ်စေ အပြန်အလှန်လည်း ချိတ်ဆက်အကျိုးပြုကြလိမ့်မယ်။ သာမန်ပြည်သူလူထုကလည်း သူတို့အကျိုးစီးပွားကို ရှေ့ရှု ပြီးတော့ ဒီလိုတွေကို စွမ်းအားရှင်အနေနဲ့ အားပေးကူညီကြလိမ့်မယ်။ အဲဒီလို ကူညီကြတဲ့ အပေါ်မှာလည်း စစ်ကောင်စီ တပ်ချုပ်အနေနဲ့ အမြင်မှန် မရသေးဘဲနဲ့ ဒါတွေအကုန်လုံးက ငါနဲ့ မတူ ငါ့ရန်သူလို့ သဘောထား ပြီးတော့မှ လူတိုင်းကိုလိုက်ပြီး ပတ်ယမ်းနေမယ်ဆိုလို့ရှိရင် သူတို့ရဲ့ နိုင်ငံရေးနယ်ပယ် တဖြည်းဖြည်း ကျုံ့သထက် ကျုံ့လာမယ်လို့ ကျနော်တို့ သုံးသပ်လိုပါတယ်။

ဆလိုင်းထက်နီ (ပြောရေးဆိုခွင့်ရှိသူ) ချင်းအမျိုးသားကာကွယ်ရေးတပ်ဦး – CNF
စစ်ကောင်စီက ကျနော်တို့ကို ဘယ်လိုအရေးယူနိုင်မလဲ။ ကျနော်တို့ နွေဦးတော်လှန်ရေးနောက်ပိုင်းမှာ နှစ်နှစ် လုံးလုံး တိုက်ပွဲဖြစ်ခဲ့တယ်။ ကျနော်တို့ ချင်းတောင်မှာဆိုရင် ပြည်သူအသက် ပြည်သူအသက် အိုးအိမ် စည်းစိမ် အားလုံးကို စစ်ကောင်စီက ဖျက်စီးတယ်။ မီးရှို့တယ် ပြည်သူကိုလည်း အကြမ်းဖက်ပြီးတော့ သတ် ဖြတ်တယ်။ ထောင်ချတယ်။ ဆိုတော့ ဒီနေ့ ကာချုပ်မင်းအောင်လှိုင် ပြောတဲ့ကိစ္စမှာ ဘယ်လို ဆက်စပ်ပြီးတော့ ဘယ်လို အရေးယူမလဲ။ ကျနော် အဲဒါကို ဇဝေဇဝါဖြစ်နေတယ်။ စစ်ရေးမှာလည်း မြေပြင်က သော်လည်းကောင်း ဝေဟင်က သော်လည်းကောင်း ဘက်ပေါင်းစုံက တိုက်ခဲ့တယ်။ ဆိုတော့ သူကဘဲ ရက်စက်နေတာ ဒါကြောင့် ကျနော် ပြန်မေး ခွန်းထုတ်ချင်တယ်။ အရေးယူခံရမယ့်သူဟာ သူလဲ။

ဦးသန်းစိုးနိုင် (နိုင်ငံရေး အကဲခတ်)
ဒါကတော့ ပြောနေကျစကားလို့ ဆိုရမှာပါ။ တပ်မတော်နေ့ဆိုတော့ အဲဒီစကားပြောမှာပေါ့။ နောက်ပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ မကြာခင် ညီလာခံကြီးလုပ်မယ်ပေါ့။ နောက်ပြီး သူတို့နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ မပါတဲ့ KNU တို့ KIA၊ CNF တို့ ကရင်နီတို့နဲ့ တိုက်နေတာ။ ဆိုတော့ စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးလိုက် တိုက်လိုက်နဲ့ မီးစက်တဖက် ရေမှုတ်တဖက်ပေါ့ဗျာ။ အဲဒီအထဲမှာ သူတို့က (စစ်ကောင်စီ) ငြိမ်းချမ်းရေး ဗိသုကာ ရှင်ကြီးလည်းဖြစ်ချင်တယ်။ နောက်တဖက်က သူအကြမ်းဖက်လို့ စွပ်စွဲထားတဲ့ အုပ်စုတွေကိုလည်း သူက တိုက် ခိုက် အနိုင်ယူချင်တယ်။ အဲဒီမှာ အထူးသဖြင့် PDF တွေနဲ့ အင်အားစုတွေနဲ့ တိုက်ပွဲဝင်နေတဲ့ KIA၊ KNU၊ KNDF အဲဒီအဖွဲ့တွေနဲ့ ပတ်သက်ပြီး တပ်မတော်နေ့ဆိုတော့ စစ်ရေးအခမ်းအနားတွေ ပြနေတဲ့ အချိန်မှာ သဘော ထား ကြေညာ တာပေါ့ဗျာ။ ဆိုတော့ ကျနော်တို့ဆီမှာ ရှိတဲ့ စစ်ခေါင်းဆောင်တွေကတော့ မီးစတဖက် ရေစက် တဖက် ပေါ်လစီနဲ့ တကယ်ဖိနှိပ် ခံနေရတာကတော့ ပြည်သူပါပဲ။ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေး စကားပြောနေတာ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ငယ်လေးတွေပါ။ အဖွဲ့ကြီးတွေကတော့ သူနဲ့ပြန်တိုက်နေတယ်။ နောက်ပြီး အခု ကတော့ NUG ကလည်း ၂၀၂၃ ခုနှစ်မှာ အဆုံးအဖြတ် တိုက်ပွဲဝင်မယ်ဆိုတဲ့ အခါကျတော့ ဒီနှစ်မှာ စစ်ရေး အရှိန်အဟုတ်တွေ ပိုမြင့်လာလိမ့်မယ်။

ကိုကျော်ဆန်းလှိုင် (နိုင်ငံရေး သုတေသီ)
စစ်ကောင်စီက ဒီလိုထုတ်ပြောကတော့ အခုမှ မဟုတ်ဘူး။ အရင်တုန်းက ဥပမာ ရခိုင်တိုက်ပွဲ ၂၀၁၈- ၂၀၂၀ တုန်း ကလည်း စစ်ကောင်စီခေါင်းဆောင် (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင် ကိုယ်တိုင် ရုရှားကို သွားတုန်းက ရက္ခိုင့် တပ်တော် AA ကို အိမ်နီးချင်း နိုင်ငံကြီး တခုက ထောက်ပံ့နေတယ်။ ကျော့ထောက် နောက်ခံ ရှိတယ် ဆိုတာမျိုး ပြောတာရှိတယ်။ ဆိုလိုချင်တာကတော့ (PDF) တွေကို စစ်ရေး နိုင်ငံရေးအရ ထောက်ပံ့နေသူ စစ်ရေး နိုင်ငံရေး အရ ခြိမ်းခြောက်တဲ့ သဘောပေါ့။ တဖက်မှာလည်း သူတို့ရဲ့(စစ်ကောင်စီ) နိုင်ငံအနှံ့ တိုက်ပွဲတွေမှာ နယ်မြေ ဆုံးရှုံးမှု၊ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုရှိလာတော့။ ကျော့ထောက် နောက်ခံတွေက ဘာတွေ ရှိနေလဲ ဆိုတာကို ပြော လိုက်တာ။ ဒါပေမယ့်လည်း လက်ရှိအခြေအနေရ နွေဦးတော်လှန်ရေးမှာ ဘယ်အဖွဲ့အစည်းက မထောက် ပံ့လဲ ဆိုတဲ့ ဟာတွေကို ကြည့်လိုက်ရင် တနိုင်ငံလုံးကတော့ တနည်းမဟုတ် တနည်းနဲ့ ပတ်သက် နေကြတာပဲ။ ဆိုတော့ စစ်ကောင်စီ အနေနဲ့ ဒါတွေ အကုန်လုံးကို စစ်ရေးအရ ဖြေရှင်းဖို့ ထိုးစစ်ဆင်မလားဆိုတာကို လုပ်နိုင်တဲ့ အတိုင်း အတာမရှိဘူး။ တဖက်မှာလည်း ဒါကို လုပ်ဖို့ဆိုတာလည်း ကိုယ့်သေတွင်းကို တူးတာနဲ့ တူမယ်။ ဒါကြောင့် နိုင်ငံရေးအရ အပြောသက်သက် ပါးစပ်နဲ့ ခြိမ်းခြောက်တာ။
အောင်ထိန် (DMG) ပေးပို့သည်။