“စစ်ကောင်စီကတော့ တိုင်းရင်းသားတွေ၊ အခြားလူမျိုးတွေကို စည်းရုံးတဲ့အနေနဲ့ မင်းတို့ကို ငါတို့ အခွင့်အရေးပေးတယ်။ ပွဲလမ်းသဘင်တွေ ကျင်းပပေးတယ်ဆိုပြီး အချိုသပ်ပြီး လှည့်စားခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အမှန်က သူတို့ပေးတာတွေဟာ ဘာအဆီအနှစ်မှမပါဘူး။ အကုန်အခွံတွေပဲဖြစ်တယ်။ နာကျည်းမှုတွေထားကြဖို့ ပြောချင်ပါတယ်” ဦးဖေသန်း (ပြည်သူ့လွှတ်တော်အမတ်ဟောင်း၊ မြေပုံမြို့နယ်)

By MPM 16 ဒီဇင်ဘာ, 2022 👁

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းနှင့် အမေးဖြေ

တိုင်းပြည်ကို အာဏာကို သိမ်းယူထားတဲ့ စစ်ကောင်စီဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ တစ်ကျော့ပြန် ဖြစ်ပွားခဲ့တဲ့ (၄) ကျော်ကာလအတွင်းမှာ ရခိုင်ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၃၀ ကျော် ၄၀ နီးပါး သေဆုံးခဲ့ပြီး အများအပြားလည်း ဒဏ်ရာရရှိခဲ့သလို ပြည်သူတွေရဲ့ နေအိမ်အဆောက်အဦအများအပြားလည်း ပျက်စီးခဲ့ရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်က ဆင်အင်းကြီးကျေးရွာသား ၁၀ ဦးကိုသတ်ဖြတ်ခဲ့သလို မောင်တောမြို့နယ်မြောက်ပိုင်းက ဂြစ်ချောင်းကျေးရွာကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် မြိုတိုင်းရင်းသား ၁၃ ဦးသေဆုံးခဲ့ပါတယ်။ တစ်ခြားကျေးရွာတွေကိုလည်း လက်နက်ကြီးနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် သေဆုံးမှုတွေရှိခဲ့ပါတယ်။ ဒါ့ပြင် ရခိုင်ပြည်အတွင်း လမ်းပမ်းဆက်သွယ်ရေးတွေကို ဖြတ်တောက်ပြီး ရိက္ခာတွေဖြတ်၊ဆေးဝါးတွေဖြတ်၊ လောင်စာဆီတွေဖြတ်တွေပြုလုပ်ပြီး ရခိုင်ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်ခဲ့ကာ အစွမ်းကုန်ဖိနှိပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရခိုင်ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်မှုတွေကို တစ်သီးတစ်တန်းကြီး ပြုလုပ်ခဲ့တဲ့ စစ်အုပ်စုဟာ အခုတစ်ခါ အတုအယောင် ရခိုင်ပြည်နယ်နေ့မှာ ပျော်ပွဲရွှင်ပွဲတွေကို စစ်တွေမှာ ပြုလုပ်ပြီး ရခိုင်လူထုကို စည်းရုံးဖို့ ကြိုးနေပါတယ်။ ဒီအပေါ်မှာ ရခိုင်ပြည်က ဝါရင့်နိုင်ငံရေးသမားတစ်ဦးလည်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးဖေသန်းကို ရခိုင်ပြည်နယ်နေ့နဲ့ပတ်သက်ပြီး သူ့အမြင်ကိုမေးမြန်းကြည့်တော့ သူက အခုလိုပြောဆိုပါတယ်။

မေး – အပစ်အခတ်တွေရပ်စဲပြီးနောက် လက်ရှိ ရခိုင်က မြို့နယ်အားလုံးမှာ စစ်ကောင်စီက ဦးဆောင်ပြီး (၄၈) ကြိမ်မြောက် အတုအယောင် ရွှေရည်စိမ် ရခိုင်ပြည်နယ်နေ့ကို စည်စည်ကားကားကျင်းပနေတာ တွေ့ရပါတယ်။ ဆိုတော့ ပထမဆုံးအနေနဲ့ ပြည်နယ်နေ့နဲ့ပတ်သက်ပြီး ဆရာ့အမြင်လေး သိချင်ပါတယ်။

ဖြေ – ကျနော်တို့မြင်တာတော့ ဒီပြည်နယ်နေ့ဟာ စက္ကူထက်ကပေးထားတဲ့ ပြည်နယ်နေ့၊ စက္ကူကျား ပြည်နယ်နေ့၊ ရခိုင်တွေအတွက် ဘာမှ အခွင့်အရေး မရှိတဲ့ ပြည်နယ်နေ့။ ပြည်နယ်တစ်ခုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ သယံဇာတခွဲဝေခွင့် စသည်ဖြင့် ဘာမှပါတာမဟုတ်ဘူး။ ဘာမှပေးထားခြင်းမရှိဘူး။ ဒါကြောင့် ပြည်နယ်နေ့ကိုတော့ ကျနော်တို့အနေနဲ့ အသိအမှတ်ပြုလို့ မရပါဘူး။ ဒီလိုမျိုး အသိအမှတ်ပြုလိုက်ရင်လည်း အဲ့ဒီပြည်နယ်နေ့ကပေးတဲ့ အခွင့်အရေးလောက်ပဲ ရမယ်။ ဒါကြောင့် စစ်ကောင်စီကတော့ တိုင်းရင်းသားတွေ၊ အခြားလူမျိုးတွေကို စည်းရုံးတဲ့အနေနဲ့ မင်းတို့ကို ငါတို့ အခွင့်အရေးပေးတယ်။ ပွဲလမ်းသဘင်တွေ ကျင်းပပေးတယ်ဆိုပြီး အချိုသပ်ပြီး လှည့်စားခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ အမှန်က သူတို့ပေးတာတွေဟာ ဘာအဆီအနှစ်မှမပါဘူး။ အကုန်အခွံတွေပဲဖြစ်တယ်။ နာကျည်းမှုတွေထားကြဖို့ ပြောချင်ပါတယ်။

မေး- ပြည်နယ်နေ့နဲ့ ပတ်သက်ပြီး ရခိုင်လူထုရဲ့အမြင်ကိုရော ဆရာဘယ်လိုမြင်ပါလဲ။

ဖြေ – ပြည်နယ်နေ့ဆိုတာက နိုင်ငံရေးနဲ့ ဆိုင်တယ်။ နိုင်ငံရေးအနှစ်သာရရှိတဲ့ ပြည်နယ်နေ့ကိုတော့ ကျနော်တို့ အသိအမှတ်ပြုသင့်တယ်။ ပြည်နယ်နေ့နဲ့ ကျနော်တို့ကို ပျားရည်နဲ့ ဝမ်းချလာတာက ကြာပြီ။ ဒါကြောင့် ပြည်နယ်နေ့ဟာ ဘာအနှစ်သာရမှ မရှိဘူး။ လက်ဗလာနဲ့ လာပြီး နာမည်ယူတယ်ဆိုတာလည်း ဒီလူတွေအားလုံး သိပြီးသားဖြစ်ပါတယ်။

မေး – အခုလို စစ်ကောင်စီကကျင်းပတဲ့ ပြည်နယ်နေ့မှာ သီချင်းဆိုမယ့် ရခိုင်အဆိုတော်တွေရော၊ ပြည်နယ်ကောင်စီကိုရော လူထုကြား လက်မခံမှုတွေနဲ့ ဝေဖန်မှုတွေရှိနေတာကို ကြားရပါတယ်။ ဒီအပေါ်မှာရော ဘယ်လိုများပြောချင်ပါလဲ။

ဖြေ – အဆိုတော်တွေဆိုတာလည်း ရခိုင်ပြည်ရဲ့စွမ်းအားတွေပဲ။ သူတို့တွေ အမျိုးသားရေး သီချင်းတွေဆိုတုန်းကတော့ လက်ခုပ်တီးပေးလို့ရတယ်။ ဒါပေမယ့် အခုလို ကျွန်ဖြစ်နေတဲ့ လူမျိုးတစ်မျိုးအတွက် ပေးတဲ့ကျွန်ဆုကို အားရဝမ်းသာနဲ့သွားပြီးယူတယ်။ ဂုဏ်ပြုတယ် ဆိုတာကတော့ ဒီအဆိုတော်တွေအတွက် ပုံရိပ်ကျတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက်လည်း ရှက်ဖို့ကောင်းတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်သူတို့အနေနဲ့ ဒီပွဲမှာ ဆိုချင်တယ်။ ဒီပွဲကို တက်ချင်တယ်ဆိုတာထက် တက်သင့်မတက်သင့်၊ ပြည်သူလူထုက ဒါကို လက်ခံမခံ၊ ငါတို့အတိတ်မှာ သမိုင်းအမဲစက်ကျန်မကျန်ကို စဉ်းစားပြီးတော့မှ ဒီပွဲကို တက်သင့်တယ်လို့ယူဆပါတယ်။

မေး – နောက်ဆုံးမေးခွန်းအနေနဲ့ အခုစစ်ကောင်စီကျင်းပနေတဲ့ ပြည်နယ်နေ့ကို ပြည်သူတွေအနေနဲ့ရော ပါဝင်ဆင်နွဲသင့်လားပေါ့လေ။ ဒီအပေါ်မှာရော ဆရာဘယ်လိုပြောချင်ပါလဲ။

ဖြေ – ရခိုင်လူထုကတော့ ဒီပွဲကို ရင်ခုန်မှာ မဟုတ်ဘူး။ ဒါပေမယ့် အဆိုတော်တွေဆိုရင်တော့ သွားကြည့်ချင်ရင် သွားကြည့်မယ်။ ဒါကြောင့်ထိုက်တန်တဲ့ အားပေးမှုတော့ ရမှာမဟုတ်ဘူး။ ဒါပျော်ပွဲရွှင်ပွဲသပ်သပ်လို့ လည်း မြင်လို့မရဘူး။ ဒီပွဲကို ပါဝင်ကျင်းပခြင်းအားဖြင့် ကျနော်တို့ဟာ ဘာမှမရတဲ့ အခွင့်အရေးကို၊ ဘာမှမပါတဲ့ အခွင့်အရေးကို အသိအမှတ်ပြုရာလည်း ရောက်ပါတယ်။ ဒါကြောင့် ပြည်သူလူထုကလည်း ဒီပွဲကို အသိအမှတ်ပြုမှာမဟုတ်ဘူး။ ပျော်ပွဲရွှင်ပွဲအနေနဲ့တောင်မှ သွားပြီး အားမပေးသင့်ဘူး။ မကြည့်သင့်ဘူးလို့ မြင်ပါတယ်။

ခိုင်လူလှ (ရိုးမမြေ) – ပေးပို့သည်။