“စစ်ကိုင်းတိုင်းထဲက စစ်ဘေးရှောင်တွေကိုလည်း မေ့မထားကြပါနဲ့။ ကူညီကြပါဦးလို့။ စစ်ကိုင်းတိုင်းထဲမှာ စစ်ကြောင်းတွေက နေ့တိုင်း ထိုးနေတော့ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ဆိုတာလည်း နေ့တိုင်းပါပဲ။ သက်ကြီးရွယ်အိုတွေရော ကလေးတွေရော အရမ်းဒုက္ခရောက်ပါတယ်။ ဒါကြောင့် စစ်ကိုင်းတိုင်းကိုလည်း ဝိုင်းကူကြပါဦးလို့ ပြောချင်ပါတယ်” မြေပြင်အချက်အလက်ကောက်ယူသူ အရာတော်မြို့နယ်ဒေသခံ

By MPM 20 အောက်တိုဘာ, 2023 👁

မြေပြင်အခြေအနေအချက်အလက်ကောက်ယူနေတဲ့ အရာတော်မြို့နယ် ဒေသခံတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် အနောက်တောင်ခြမ်း၊ အောင်သာကုန်းရွာအနီးက PDF စခန်းတစ်ခု အောက်တိုဘာ ၁၆ ရက်မှာ စီးနင်းခံရပြီး ရဲမေတစ်ဦးအပါအဝင် ရဲဘော် ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးအကြမ်းဖက်နေလို့ အရာတော် – ကျောက္ကာ – မုံရွာလမ်းပိုင်း ကို ပြည်သူတွေအနေနဲ့ လတ်တလော အသုံးမပြုကြဖို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထုတ်ပြန်ထား ပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မြေပြင်အခြေအနေ အချက်အလက်ကောက်ယူနေတဲ့ အရာတော်မြို့နယ်ဒေသခံ ကိုတိုးကြီး (အမည်လွှဲ) ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အရာတော်မှာ PDF စခန်း ဝင်စီးခံလိုက်ရတယ်လို့ သိရပါတယ်။ ဘယ်တပ်ဖွဲ့ရဲ့စခန်းကို ဘယ်လိုပုံစံနဲ့ ဝင်စီးခံခဲ့ရတာပါလဲ။

ဖြေ။ ။ ဝင်စီးခံရတာက မုံရွာခရိုင် PDF တပ်ရင်း (၂၇) တပ်ခွဲ (၄) စခန်း၊ မနက် ၅ နာရီလောက်မှာ သူတို့ (စစ်ကောင်စီတပ်) က အရပ်သားပုံစံနဲ့ အရပ်ဝတ်တွေနဲ့ ဝင်လာတာ၊ ဝင်လာတော့ ရဲဘော် (PDF) တွေက ဘယ်သူလဲမေးတော့ ပြန်မဖြေတာနဲ့ ရဲဘော်တွေဘက်က စပစ်တယ်လို့ ပြောတယ်။ ပြီးတော့ နှစ်ဖက် အပြန်အလှန် ပစ်ကြပြီး ရဲဘော် ၃ ဦး ကျသွားတယ်။

မေး။ ။ ကျသွားတဲ့ ရဲ‌ဘော်တွေက ဘယ်လိုမျိုးကျဆုံးခဲ့ရတာပါလဲ။

ဖြေ။ ။ အပြန်အလှန်ပစ်ခတ်ရင်းနဲ့ ပြေးနိုင်တဲ့သူက ပြေးကြတာပေါ့။ စခန်းထဲမှာ မထွက်လိုက်နိုင်တဲ့ အဲ့ဒီရဲ‌ဘော် ၃ ယောက်ကို ဖမ်းမိသွားတယ်ပေ့ါ။ ပြီးတော့ အချိန်တော်တော်ကြာ ညှဉ်းပန်းနှိပ်စက်ပြီးမှ ခေါင်းကြေမွတဲ့အထိ ရိုက်နှက်သတ်ဖြတ်သွားကြတာမျိုးလို့ ကျနော်တို့ကြားရတယ်။ ရဲဘော် ၃ ယောက်ထဲမှာ အမျိုးသမီးရဲမေ တစ်ယောက်လည်း ပါတယ်။ အသက်တွေကတော့ ၂ ယောက်က ၁၉ နှစ်၊ ၂၀ နှစ်ဝန်းကျင်တွေလို့ သိရတယ်။

မေး။ ။ ဝင်စီးတဲ့ စစ်ကောင်စီစစ်ကြောင်းက အင်အားဘယ်လောက်ပါလဲဆိုတာ သိရပါလား။ စခန်းဝင်စီးခံရပြီး တခြားဆုံးရှုံးမှုတွေရော ရှိခဲ့ပါလား။

ဖြေ။ ။ သူတို့စစ်ကြောင်းအင်အားက ၇၀ ဝန်းကျင်လောက် ရှိတယ်လို့ သိရတယ်။ ဝင်စီးပြီးတော့ သူတို့ (စစ်ကောင်စီတပ်) အဲ့ဒီက အိပ်ဆောင်နှစ်ဆောင်ကို မီးရှို့သွားတယ်။ နောက် တခြားအသုံးအဆောင် တွေကိုလည်း ယူသွားတယ်။ သူတို့ဘက်က ဝါဒဖြန့်တာကတော့ လက်လုပ်သေနတ်တွေရော ကျည်ဆံတွေရော ရခဲ့တယ်လို့ ရေးထားတာတွေ့တယ်။

မေး။ ။ လက်ရှိမှာ စစ်အုပ်စုက အရာတော်နယ်ထဲမှာ ဆက်ရှိနေပါသေးလား။

ဖြေ။ ။ စခန်းဝင်စီးတဲ့နေရာက ထွက်သွားပြီး တခြားရွာတွေမှာ သူတို့ဆက်သောင်းကျန်းနေတယ်။ ဝါးတန်းရွာနဲ့ ဆည်ကြီးတော ကျေးရွာတွေဆီကလည်း လုယက်သွားသေးတယ်။ အဲ့ဒီအနီးတဝိုက်က ရွာတွေလည်း အကုန်လုံး စစ်ရှောင်နေရတယ်။ နောက်ပြီး ဓားစာခံ (လူသားဒိုင်း) အဖြစ် သူတို့ဖမ်းသွားတာပဲ အယောက်၂၀ လောက် ရှိသေးတယ်။ ဖမ်းခံထားရတဲ့ထဲမှာ ဝါးရောင်းရွာက လူတွေလည်းပါတယ်။ ၁၇ ရက်မှာတော့ သူတို့ ပြန်လွှတ်ပေး လိုက်တယ်။ နောက်တရက်ကျတော့ ဝါးတန်းရွာက ဒေသခံ ၃၀ လောက်ကို ထပ်ဖမ်းသွားတယ်။ လမ်းမှာ တွေ့တဲ့သူတွေ အကုန်ဖမ်းသွားတာ။ စစ်ကြောင်းက ဒီမှာပဲ ဝဲနေတာ။

မေး။ ။ လက်ရှိမှာ စစ်ကြောင်းဝင်လို့ စစ်ရှောင်နေရတဲ့ဒေသခံတွေက‌ရော ဘယ်လောက်များရှိနေပါလဲ။

ဖြေ။ ။ စစ်ဘေးရှောင်ပြီး ထွက်ပြေးနေရတဲ့သူတွေကတော့ ကျွန်းဖိုပင်၊ ဝါးရောင်း၊ အောင်သာကုန်း၊ ကျောက်ပြောက်၊ ဝါးတန်း အဲ့ဒီရွာတွေက သုံးထောင်လောက် ရှိမယ်။ ထွက်ပြေးနေရတာ။ စစ်ကြောင်းက မထွက်ဘဲ တနေရာပြီးတနေရာ ဝဲနေတာဆိုတော့ တောက်လျောက် ပြေးနေရတာ။

မေး။ ။ ဖြည့်စွက်ပြောချင်တာ ရှိပါ‌သေးလား။

ဖြေ။ ။ ပြောချင်တာကတော့ ကျနော်တို့ စစ်ကိုင်းတိုင်းထဲက စစ်ဘေးရှောင်တွေကိုလည်း မေ့မထားကြပါနဲ့။ ကူညီကြပါဦးလို့။ စစ်ကိုင်းတိုင်းထဲမှာ စစ်ကြောင်းတွေက နေ့တိုင်း ထိုးနေတော့ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် ဆိုတာလည်း နေ့တိုင်းပါပဲ။ သက်ကြီးရွယ်အိုတွေရော ကလေးတွေရော အရမ်းဒုက္ခရောက်ပါတယ်။ ဒါကြောင့် စစ်ကိုင်းတိုင်းကိုလည်း ဝိုင်းကူကြပါဦးလို့ ပြောချင်ပါတယ်။

ရှမ်းနီအသံ ပေးပို့သည်။