စက်သုံးဆီပြတ်လပ်မှုကြောင့် မွန်ပြည်နယ်အတွင်းလုပ်ငန်းနယ်ပယ်အသီးသီးက ဒေသခံပြည်သူတို့၏ အခက်အခဲစကားသံများ

By MPM 24 ဩဂုတ်, 2024 👁

မွန်ပြည်နယ်အတွင်း စက်သုံးဆီဝယ်ယူရရှိမှု အခက်ခဲကြောင့် စီးပွားရေး၊ လူနေမှုဘဝနှင့် အလုပ်အကိုင် အခွင့်အလမ်းများအပေါ် များစွာသက်ရောက်မှုရှိနေပြီး ကုန်ဈေးနှုန်းအမြင့်ဆုံး မြင့်တက်နေသည့်ကာလတွင် လုပ်ငန်းများ ရပ်နားထားရခြင်းကြောင့် ဒေသခံပြည်သူတို့ စားဝတ်နေရေး ပိုမိုခက်ခဲလျှက်ရှိသည်ဟု ဆိုကြသည်။

ထိုသို့ စက်သုံးဆီဝယ်ယူရရှိမှု အခက်အခဲသည် ဇူလိုင်လနောက်ဆုံးအပတ်မှစ၍ လက်ရှိအချိန်အထိ ရင်ဆိုင် ကြုံတွေ့နေဆဲဖြစ်ပြီး စက်သုံးဆီတစ်လီတာကို ၅ ထောင်ကျော်အထိ ပေး၍ ဝယ်ယူသုံးစွဲနေရသည်ဟု မွန်ပြည်နယ်ရှိ ဒေသခံများက ပြောသည်။

စက်သုံးဆီရရှိမှု အခက်ခဲကြောင့် ကြုံတွေ့နေရသည့် စီးပွားရေး၊ လူနေမှုဘဝ အခက်အခဲများနှင့် ပတ်သက်ပြီး မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး၊ ချောင်းဆုံအပြင် အခြားမြို့နယ်များမှ ဒေသခံများ၏ စကားသံကို စုစည်းကောက်နှုတ်တင်ပြထားပါသည်။

မော်လမြိုင်တက္ကသိုလ်ကျောင်သူတစ်ဦး (မော်လမြိုင်မြို့နယ်)

“ကျောင်းနဲ့အိမ်က အရမ်းဝေးတယ်။ လမ်းလျှောက်သွားဖို့ကလည်း အဆင်မပြေဘူး။ ပြီးတော့ ဆိုင်ကယ်နဲ့ သွားဖို့ကလည်း ဆီဖြည့်ရတယ်။ တချို့တွေဆို ၃ နာရီ ၄ နာရီ ကတည်းက ထွက်စောင့်ပြီး တန်းစီနေတာ ၉ နာရီ ၁၀ နာရီလောက်မှ ဓာတ်ဆီတွေရတာ။ အဲ့ဒါကြောင့် ဆီဝယ်နေတာနဲ့ အချိန်ကုန်သွားတယ်။ ကိုယ်က ကျောင်းသွားနေရတော့ ညနေပိုင်း ကျောင်းဆင်းချိန်မှာ ဆီတွေ နေရာတိုင်းမှာ ကုန်သွားပြီ။ ဓာတ်ဆီတွေလည်း သွားမရှာရဲဘူး။ ဆိုင်ကယ်မှာရှိတဲ့ ဆီပါကုန်သွားစိုးလို့။”

ကိတ်မုန့်ဆိုင်ရှင်အမျိုးသမီးတစ်ဦး (ဒူးယားရွာ၊ ရေးမြို့နယ်)

“လောလောဆယ် စက်သုံးဆီရဖို့က ခက်ခဲနေတယ်။ ကုမ္ပဏီမီးကလည်း ၂၄ နာရီ မပေးတော့ဘူး။ ပြီးတော့ မီတာခကလည်း ဈေးတက်လာနေတယ်။ ခုချိန်မှာက အကုန်လုံးက ဈေးတက်နေတယ်။ ကိုယ့်အလုပ်ကလည်း ကိတ်မုန့်ဖုတ်တဲ့အလုပ်ဆိုတော့ လျှပ်စစ်အိုးတွေ သုံးရတယ်။ မုန့်တွေထားဖို့ ရေခဲသတ္တာတွေ သုံးရတယ်။ မီးစွမ်းအားကို အများကြီးလိုတယ်။ သူတို့မီးကို ၂၄ နာရီလုံး မဖွင့်ပေးတော့ မီးလာတဲ့အချိန်မှပဲ မြန်မြန်မုန့်လုပ် ရတယ်။ ပြီးရင် မုန့်အော်ဒါလေးတွေ ပိုဖို့အတွက်လည်း စက်သုံးဆီ ဝယ်ယူရတဲ့အခက်ခဲနဲ့ ဈေးကြီးပေးပြီး ဝယ်ရတာနဲ့ ကြုံရပြန်ရော။ မုန့်ဈေးကိုလည်း ဈေးကြီးတင်ရောင်းလို့လည်း မရဘူး။ ဖောက်သည်တွေ ပျောက်သွားမယ်။ အရင်ကဆို အော်ဒါတွေ တနေ့ကို အများကြီးလက်ခံဖြစ်တယ်။ အခုတော့ မီးကပုံမှန်မှ မလာနေတော့ အရင်ကလိုမျိုး အများကြီး လက်ခံလို့မရတော့ဘူး၊ အခြေအနေကြည့်ပြီး လုပ်နေရတယ်။

လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦး (မော့ကနင်ကျေးရွာ၊ ရေးမြို့နယ်)

“ဈေးကြီးတာက အရေးမကြီးဘူး။ ဓာတ်ဆီဆိုင်တွေအားလုံးက ကယ်ဆယ်ရေးကားအတွက်ဆိုရင် ဓာတ်ဆီ တွေကို အခမဲ့ပေးတယ်၊ စေတနာနဲ့ ပေးကြတယ်။ လိုသလောက် ဖြည့်ပေးတယ်။ ဒါပေမဲ့ ဒီကနေ သူတို့ဆိုင်ကို ရောက်ဖို့က အခက်ခဲဖြစ်တယ်။ ဥပမာ- လမိုင်းက နေမကောင်းတဲ့သူကို မြို့ဆေးရုံကို ပို့မယ်ဆိုရင် သွားရဖို့က ဓာတ်ဆီ မလုံလောက်နေဘူး။ ပြီးတော့ ဒီဘက်မှာရှိတဲ့ဆိုင်တွေ အားလုံးက ပိတ်ထားတယ်။ သံဖြူဇရပ်မှာရှိတဲ့ ဆီဆိုင်ပဲ ဖွင့်ထားတယ်ဆိုရင် အဲကိုရောက်ဖို့အတွက် သွားဖို့က အခက်အခဲဖြစ်တယ်။ တချို့ဆိုရင် ဆေးရုံကနေ ပြန်လာဖို့အတွက်ကလည်း ဆီဆိုင်ကိုရောက်ဖို့အတွက် ခက်ခဲတယ်။ ဆီဆိုင်အများစုက ပိတ်ထားကြတော့ ဝယ်ယူလို့မရဘူး။ အသက်ကယ်အရေးပေါ်တဲ့ အခြေအနေဆိုရင် အပြင်ဈေးကနေ ဝယ်ယူလာရတယ်။ လူနာတွေကို ဆေးရုံပို့ဖို့ပေါ့လေ။”

မီနီအိုးဝေယာဉ်မောင်းတစ်ဦး (ချောင်းဆုံမြို့နယ်)

“ဓာတ်ဆီ ဝယ်ယူရတာခက်တော့ သူများတွေယာဉ်ငှားလည်း မသွားရဘူး။ ဆီမှမရှိတာ အလုပ်တွေလဲ မလုပ်ရဘူး။ ကိုယ့်အလုပ်က ကြို/ပို့ ယာဉ်မောင်းသူဆိုတော့ ဓာတ်ဆီကို ဈေးအကြီးပေးပြီး ဝယ်ဖို့ကလည်း တွက်ခြေမကိုက်ဘူး ဖြစ်နေတယ်။ ဈေးအမြင့်ယူလည်း သူတို့မပေးနိုင်၊ အခုအိမ်မှာပဲ ရှိနေတယ်။ သူများတွေ လာငှားလည်း မသွားနိုင်ဘူး။ ဓာတ်ဆီတွေ ဝယ်ယူရခက်နေတော့ ရပ်နားထားရတယ်။ ဓာတ်ဆီမရှိရင် ကားရောင်းရရင်လည်း ရောင်းရမှာပေါ့။ အလုပ်လည်း မလည်ပတ်တော့၊ ဘာမှလဲ မပြောချင်တော့ဘူး၊ စိတ်တွေလည်း ညစ်နေတယ်။”

Photo – Myint Soe

ဆားလုပ်ငန်းရှင်တစ်ဦး (သံဖြူဇရပ်မြို့နယ်)

“ကျနော်တို့ကတော့ နေရာအနှံ့မှာ ဆားကို တင်ပို့ဖြစ်တယ်။ တချို့အချိန်တွေဆို လမ်းစရိတ်တွေများတော့ မတင်ပို့နိုင်တာလဲ ရှိတယ်။ ဓာတ်ဆီတွေက ဈေးကြီး၊ လမ်းစရိတ်တွေလည်း အရင်ကထက်နှစ်ဆ ပိုများ လာနေတာ။ သူတို့မဝယ်နိုင်ဘူးဆိုတော့ ကိုယ့်မှာ တင်ပို့ခွင့်မရှိဘူးပေါ့။ အရောင်းအဝယ်တော့ လုပ်နေတာပဲ၊ တချို့အချိန်တွေဆို အရှုံးပေါ်တာလည်းရှိတယ်။ ဖောက်သည်တွေနဲ့ အဆက်သွယ်မပျောက်ဖို့က အဓိကဆိုတော့ ကိုယ်က လုပ်နေတုန်းပဲပေါ့။ ဆားဈေးက မကောင်းတော့ တချို့ဆိုရောင်းဝယ်မှုတွေ မလုပ်ကြတော့ဘူး၊ ရပ်ထားကြတယ်”

ရာဘာစိုက်တောင်သူတစ်ဦး (ရေးမြို့နယ်)

“အခုက ဓာတ်ဆီတွေက ဝယ်ယူရခက်တာတွေမက ဈေးတွေလဲ တနေ့ထက်တနေ့ မြင့်တက်နေတယ်။ ပြီးတော့ အကန့်အသတ်နဲ့ပဲ ရောင်းနေတယ်။ အခုက ခြံသမားတွေအကုန်လုံး ခက်ခဲနေကြတယ်။ ဒီအချိန်ဆိုရင် ခြံကိုလည်း ရှင်းလင်းချင်နေတယ်။ ရှင်းလင်းဖို့အတွက်က မြတ်ခုတ်စက်ကိုလည်း ဆီဖြည့်ရတယ်။ အခုက ဖြည့်ဖို့အတွက်လည်း ဆီက အချိန်တိုင်းရှိနေမှာမဟုတ်တာ ရတဲ့အချိန်မှ ရတယ်။ ရတဲ့အချိန်ကလည်း ငွေမရှိတဲ့ အချိန်နဲ့ကြုံတော့ မဝယ်နိုင်ပြန်ရော။ အိမ်မှာ စားရေးအတွက်လည်း ကျပ်တည်းနေတယ်။ ခြံမှာရှင်းလင်းဖို့ ခြံကိုသွားဖို့လည်း အခက်အခဲရှိနေတော့ ရပ်နားထားတယ်”

ရေး – မော်လမြိုင် ခရီးသည်တင်ကားယာဉ်မောင်းသူ

“ဓာတ်ဆီ မရှိဘူး ဝယ်ယူရခက်ခဲနေတော့ စိုးရိမ်ရတယ်။ သွားလာတဲ့အခါဆိုရင် ဖွင့်တဲ့ဆိုင်တွေတွေ့ရင် ရှိတဲ့ဆိုင်မှာ ဆီဖြည့်ဝယ်ကြရတယ်။ ဈေးကြီးမကြီးမပြောဘူး ဝယ်ယူရတယ်။ ဆီအမျိုးစားတွေလည်း ရွေးလို့ မရဘူး။ အရင်ကဆို ကိုယ့်က ၉၂ ထည့်တယ်ဆိုရင် ၉၂ ပဲ ထည့်တယ်၊ ၉၅ မထည့်ဘူး အဲလိုလုပ်လို့ရတယ်။ အခုက ရွေးလို့မရတော့ဘူး သူတို့ထည့်ပေးတဲ့ဟာပဲ ဝယ်ယူလို့ရတယ်။ မြို့ဘက်ဆိုရင် ရွာဘက်ထက် ပိုခက်တယ်။ ပိုလည်း ဈေးကြီးတယ်။ အရင်ကဆို ခရီးသည်တွေ ကားဌားတာ ကိုယ်က ကားခပြောတာနဲ့ ငှားဖြစ်ကြတယ်။ အခုတော့ အဲလိုမျိုး မဖြစ်တော့ဘူး။ ဈေးတွေလည်းတက်နေတော့ သူတို့ ငှားမနိုင်တော့ဘူး၊ ငှားတဲ့သူတွေလည်းနည်းတယ်။”

IMNA ပေးပို့သည်။