လိုင်ဇာ၊ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း ဗုံးကြဲတိုက်ခိုက်မှုအသက်ဘေးမှ လွတ်မြောက်ခဲ့တဲ့မိခင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
ကချင်လွတ်လပ်ရေးအဖွဲ့-KIO ဌာနချုပ် လိုင်ဇာမြို့အနီးရှိ စစ်ရှောင်ပြည်သူများနေထိုင်တဲ့ မုန်လိုင်ခက်မှာ အောက်တိုဘာ ၉ ရက် ညသန်းခေါင်အချိန် ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ကလေး ၁၁ ယောက်အပါအဝင် လူ ၂၉ ယောက် သေဆုံးခဲ့ပါတယ်။
မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် လူအစုလိုက်အပြုံလိုက် သေကြေပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၆၀ နီးပါးရှိတဲ့ အဲဒီဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး အသက်ဘေးကနေ လွတ်မြောက်ခဲ့တဲ့ မိခင်တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ အခုလိုလူအများသေကြေပျက်စီး ထိခိုက်ဒဏ်ရာရတဲ့ထဲ ဒီဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ပြီး အသက်ဘေးကနေ လွတ်မြောက်ခဲ့သူတစ်ယောက်အနေနဲ့ မိမိကြုံတွေ့ခဲ့ရတာကို ဝေမျှပေးပါ။
ဖြေ။ ။ ဒါကတော့ ညသန်းခေါင် မမျှော်လင့်ပဲ စစ်ကောင်စီကြောင့် ဖြစ်ခဲ့တဲ့အဖြစ်အပျက်ဖြစ်တယ်။ ဖြစ်တဲ့အချိန်က ည ၁၁ နာရီခွဲ ဖြစ်ခဲ့တယ်။ ကျွန်မတို့အားလုံး အိပ်ပျော်နေတဲ့အချိန် ကြုံခဲ့ရတာဖြစ်တယ်။ စိတ်ထဲမှာတော့ ယူကြုံးမရ စိတ်မကောင်း ဝမ်းနည်းခံစားနေရတယ်။
မေး။ ။ အဲဒီညဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကို ပြောပြပေးပါ။
ဖြေ။ ။ အဲဒီည ဗုံးက ဘယ်ဘက်ကနေ ဘယ်လိုကျလာသလဲတော့ မသိဘူး။ အဲဒီည ထူးဆန်းတာက ခါတိုင်းဆိုရင် ကျွန်မတို့ဘက် ဗုံးမကျဘူး၊ ကျွန်မထင်တာက ကျွန်မတို့ဘက် အရင်ဗုံးလာကျတယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် မဟုတ်ဘူး အဲဒီဗုံးတစ်ခုတည်းကပဲ တစ်ရွာလုံးမှာ ထိသွားတာဖြစ်တယ်။ ထူးဆန်းတဲ့ဗုံးဖြစ်တယ်။ အဲဒီဗုံးကျတဲ့နောက်တော့ သူတို့ခါတိုင်းပစ်နေကြ လက်နက်ကြီးတွေ ၄ ကြိမ်ပစ်တယ်။ ကျွန်မထင်တာက ခါတိုင်းလို ရမ်းသမ်းပစ်တာလို့ ထင်တယ်။
အဲဒီလက်နက်ကြီးက ဘယ်ကိုကျသလဲဆိုတာတောင် အခုချိန်ထိ ခန့်မှန်းလို့မရသေးဘူး။ ပထမဆုံးအကြိမ် ကျခဲ့တဲ့ဗုံးကပဲ ကျွန်မတို့အားလုံးကို ထိခိုက်စေခဲ့တာဖြစ်တယ်။ ဗုံးကျတဲ့နေရာက စစ်ရှောင်စခန်းဖြစ်တယ်။ အဲဒီအနီးပတ်ဝန်းကျင်မှာလည်း ပြည်သူတွေပဲနေတာ ဖြစ်တယ်။ ကျွန်မတို့နေတဲ့ နေရာကတောင် တော်တော်လေးဝေးတဲ့နေရာမှာ အဲဒီနေရာမှာတောင်မှ လူတော့ဘာမှမဖြစ်ဘူး၊ အိမ်ခေါင်မိုးတွေ အကုန်လွင့်သွားတယ်၊ အိမ်နံရံတွေ၊ ကြမ်းခင်းတွေ အကုန်လွင့်ကုန်တယ်။
မေး။ ။ အသက်ဆုံးရှုံးခဲ့တဲ့သူတွေထဲမှာ ကလေးငယ်နဲ့ အမျိုးသမီးတွေ ပိုများတယ်လို့ သိရပါတယ်။ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒါကိုကြုံတွေ့ရတဲ့အချိန် ဘယ်လိုခံစားရပါလဲ။
ဖြေ။ ။ ခဏ ကတုတ်ကျင်းထဲ ရှောင်ပြေးဖို့အချိန်တောင် မရှိခဲ့ဘူး။ မိခင် ၂ ယောက်ကတော့ ကလေး ၁ လ အရွယ် မွေးထားတာရှိတယ်။ တစ်ယောက်ကတော့ သူတို့မိသားစုလုံး အသက်ဆုံးရှုံးခဲ့တယ်။ တစ်ယောက်ကတော့ ကလေးပဲ အသက်ရှင်ကျန်ရစ်တယ်။ မိခင်တစ်ယောက်အနေနဲ့ ယူကြုံးမရဖြစ်တယ်။ သေသွားတဲ့သူတွေကတော့ သေသွားပေမယ့် ကျန်ရှိနေတဲ့ကျွန်မတို့က ယူကြုံးမရဖြစ်တယ်။ ဝမ်းနည်းတယ်။ ကလေးဆုံးရှုံးခဲ့တဲ့ မိခင်တစ်ယောက်လည်း ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်။ ကလေးအသုဘတောင် မရောက်နိုင်ခဲ့ဘူး။ ဆေးရုံမှာဆေးကုသမှု ခံယူနေကြတဲ့သူတွေ၊ သက်သာလာတဲ့သူတွေလည်း ရှိတယ်။
အဲဒီည အဖြစ်အပျက်ကို မိခင်တစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် ယူကြုံးမရဖြစ်တယ်။ တချို့ကတော့ မိမိကလေးတွေ ပါသွားတာလည်းရှိတယ်။ တချို့ကတာ့ မိဘတွေပဲ ကျန်နေခဲ့တာတွေ ရှိတယ်။ ကလေး ၁ လကျော် မိခင်နှစ်ယောက်ပါတယ်။ ကလေးတစ်ယောက်ကတော့ အသက်ဘေးက လွတ်မြောက်ခဲ့တယ်။ တစ်ခြားမိခင်တစ်ယောက်ကတော့ သူတို့သားအမိတွေအကုန် အသက်ဆုံးရှုံးခဲ့တယ်။ မိခင်တစ်ယောက်ကတော့ သူ့ကလေးတွေထဲက တစ်ယောက်ကတော့ အသက်မရှိတော့ဘူးဆိုတာကို သိတယ်၊ တခြားဒဏ်ရာရနေတဲ့ ကလေးတစ်ယောက်ကို သူ့မှာဒဏ်ရာပြည့်နေပေမယ့် ကုန်းပိုးပြီး ဆေးရုံခေါ်သွားတယ်။ အသက်မရှိတော့တဲ့ ကလေးကို မထားခဲ့ရက်ပေမယ့် အသက်ရှိနေသေးတဲ့ ကလေးငယ်ကိုခေါ်ပြီး ဆေးရုံသွားလိုက်ရတယ်။ အမျိုးသမီးတွေ စိတ်မကောင်း ယူကြုံးမရ ဖြစ်တယ်။
မေး။ ။ အခုလောလောဆယ်မှာ မုန်လိုင်ခက်စစ်ဘေးရှောင်ပြည်သူတွေ ဘယ်လိုအခြေအနေရှိပါလဲ။ ဘယ်လို နေထိုင်နေကြပါလဲ။
ဖြေ။ ။ အဲဒီညမှာပဲ ကျွန်မတို့ဘာသာရေးအသင်းတော်တွေက ဝေကြိုင်စစ်ရှောင်စခန်းမှာ စုပြီးနေခိုင်းတယ်။ အစားအသောက်တွေကိုလည်း စစ်ဘေးရှောင်စခန်းက တစ်နေ့နှစ်နှပ် ချက်ပြုတ်ပြီး ကျွေးတာကို စားပြီးနေ နေ ကြပါတယ်။
မေး။ ။ မုန်လိုင်ခက်ကို ပြန်နေဖို့အစီအစဉ်ရှိလား။ သက်ဆိုင်ရာက ဘယ်လိုစီစဉ်နေကြပါလဲ။
ဖြေ။ ။ အဲဒါကတော့ သက်ဆိုင်ရာလူကြီးတွေ ဘယ်လိုစဉ်းစားနေလဲတော့ မသိဘူး။ ကျွန်မတို့ကို ဆွေးနွေးတာလည်း မရှိသေးဘူး။ ဒါကြောင့် ကျွန်မတို့ မသိနိုင်သေးဘူး။
မေး။ ။ ဒီဖြစ်စဉ်မှာ အသက်ဆုံးရှုံးခဲ့တာက ၂၉ ယောက်ဖြစ်ပြီး မိသားစုလိုက် အသက်ဆုံးရှုံးခဲ့တာက ဘယ်နှစ်မိသားစုလောက် ရှိပါလဲ။
ဖြေ။ ။ အဲဒီအဆောင်ဘက်မှာနေတဲ့ အိမ်ထောင်စုက ၇ အိမ်ထောင်စု ဖြစ်တယ်။ မိသားစုလိုက် တစ်ယောက်မကျန် အသက်ဆုံးရှုံးသွားတာက မိသားစု ၂ စု ပါသွားတယ်။ ကျန်တဲ့အိမ်ထောင်စုတွေထဲကတော့ တချို့မိသားစုဝင်တွေ အသက်ဆုံးရှုံးခဲ့ပြီး တချို့ကတော့ အသက်ဘေးက လွတ်ခဲ့ကြတယ်။
မေး။ ။ စစ်ဘေးရှောင်စခန်းမှာနေနေတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ တိုက်ပွဲ၊ စစ်ပွဲတွေကြောင့် ရှောင်ပြေး နေရချိန် လုံခြုံမယ်လို့ ထင်တဲ့နေရာမှာ ခိုလှုံနေချိန် အခုလိုအဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရပြီး သေကြေ ပျက်စီးမှုတွေနဲ့ ကြုံတွေ့လာရတဲ့ ခံစားချက်ကို ပြောပြပေးပါ။
ဖြေ။ ။ ရှေ့ဆက်ပြီး ဘယ်နေရာမှာပဲ ကျွန်မတို့ပြောင်းနေရမလား။ ကျွန်မတို့ လုံခြုံပါပြီလို့ မှတ်ယူပြီး နေနေပေမယ့် အခုတော့ ရန်သူက လူမျိုးသုန်း သတ်ဖြတ်နေတဲ့အတွက်ကြောင့် စိတ်လုံခြုံမှု ရမယ်လို့မထင်ဘူး။ အခုလို ခက်ခက်ခဲခဲ ပြောင်းရွေ့နေထိုင်ရချိန် ကလေးတွေရဲ့ပညာရေးလည်း အရမ်းအခက်အခဲ ဖြစ်တယ်။ လုပ်ကိုင်စားသောက်ဖို့လည်း ခက်တယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဘာတွေဖြည့်စွက်ပြောချင်ပါလဲ။
ဖြေ။ ။ ငြိမ်းချမ်းချင်တယ်။ ဒီလိုအဖြစ်ဆိုးမျိုး ဘယ်တော့မှ မကျရောက်ပါစေနဲ့လို့ ဆုတောင်းပါတယ်။
KNG ပေးပို့သည်။