ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ်နှင့် အမေးအဖြေ
စစ်ကောင်စီနဲ့ တိုက်ပွဲပြင်းထန်နေဆဲ ဒီးမော့ဆိုမြို့နယ် နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ-ပင်လောင်းနယ်စပ် စစ်ရေးအခြေအနေအပြင် ကရင်နီပြည်ရဲ့စစ်ရေးအခြေအနေ၊ စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ခုခံတော်လှန်ရေးအင်အားစုတွေရဲ့ စိန်ခေါ်ချက်၊ မြေပြင် အခက်အခဲတွေက ဘယ်လိုရှိနေလဲ ဆိုတာနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ်ဖြစ်သလို အတွင်းရေးမှူး (၃) လည်းဖြစ်တဲ့ ခူးရီးဒူနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ လက်ရှိကရင်နီပြည်ရဲ့ စစ်ရေးအခြေအနေ ဘယ်လိုရှိနေလဲ။
ဖြေ။ လက်ရှိကျနော်တို့ပြည်နယ်မှာတော့ စစ်ကောင်စီအဓိက စစ်ကြောင်းထိုးတာတော့ သုံးမြို့နယ်လောက်ရှိတယ်ပေါ့လေးနော။ ပထမတော့ ရှမ်းကယားနယ်စပ် ဒီပင်လောင်းဖက်ပေါ့လေးနော။ အဲ့မှာက စစ်ကြောင်းထိုးတာရှိတယ်။ ပြီးတော့ လက်ရှိရှားတောမြို့နယ် အထူးသဖြင့်သံလွင်အရှေ့ခြမ်း ရှမ်းကယားနယ်စပ်/ ထိုင်းနယ်စပ်အနီးအနား အပါအဝင်ပေါ့လေးနော။ အဲ့မှာကတော့ ရှမ်းရယ် ကရင်နီရယ် ထိုင်းရယ် နယ်မြေချင်းထိစပ်နေတဲ့ဖက်မှာ စစ်ကြောင်းထိုးတာတစ်နေရာရှိတယ်။ နောက်တစ်နေရာခါကျတော့ ဒီ ဒီးမောဆို အရှေ့ဖက်ခြမ်းပေါ့လေးနော။ ဒီးမောဆိုအရှေ့ဖက်ခြမ်းနဲ့ တစ်ဆက်ထဲမှာဘဲ ဘောလခဲဖက်အထိပေါ့။ အဲ့မှာတော့ စစ်ကြောင်းထိုးတာရှိတယ်။
မေး။ ဒီးမော့ဆို အရှေ့ဖက်ခြမ်းရဲ့အခြေအနေပေါ့နော။ ဒီလက်ရှိမြေပြင်မှာကော အခြေအနေဘယ်လိုရှိလဲ။ ဒီ စစ်ကောင်စီကနေပြီးတော့ တစ်ကြော့ပြန်စစ်ကြောင်းထိုးတာတွေလည်း ရှိတယ်ဆိုပြီးတော့ ကြားသိရတယ်ဆိုတော့လေး။
ဖြေ။ သူတို့စတင်ပြီးတော့မှ စစ်ကြောင်းထိုးတာ ဒီးမော့ဆိုအရှေ့ခြမ်းမှာကတော့ မတ်လ ဒီ ၃ လပိုင်းမှာ စပြီးတော့ထိုးတယ်ပေါ့လေး။ အဲ့ဒီကနေစပြီးတော့ ကျနော်တို့ ထိတွေ့တိုက်ပွဲဖြစ်တာကတော့ ဒီနေ့ဒီချိန်ထိပေါ့။ ဒီဒေါတမကြီးတိုက်ပွဲမှာ ဒီစစ်ကောင်စီဖက်နေပြီးမှ ဒီ ခမရ ၅၁၅ တို့၊ ၅၁၆တို့ ပြီးတော့မှ ခလရ၁၂တို့ အထိနာအကျအရှုံးများပြီး နောက်ပိုင်းမှာကတော့ သူတို့ ဒေါတမ၊ ဒေါညေးခူကနေ ဆုတ်သွားတာရှိတာရှိတယ်ပေါ့လေးနော။ အခုချိန်မှာကတော့ သူတို့တစ်ကြော့ပြန်ပြီးတော့မှ ထိုးစစ်ဆင်မှုတွေ ပြုလုပ်လာနေတယ်ပေါ့။ ဒီးမောဆိုအရှေ့ဖက်ခြမ်းလို့ ပြောလိုက်လို့ရှိရင်တော့ စစ်ကောင်စီတွေကတော့ နှစ်ပိုင်း ပိုင်းပြီးတော့မှ စစ်ကြောင်းထိုးနေတယ်ပေါ့လေးနော။ ဘောလခဲကနေမှတစ်ဆင့် ဒီဒေါညေးခူ၊ ဒေါတမကြီးဖက်ကို အဲ့မှာကတော့ သူတို့ တပ်ရင်း ၅ ရင်းပေါ့လေးနော။ အဲ့မှာ ခမရ ၅၁၆ ရယ် ၅၁၅ ရယ် ပြီးတော့မှ ခမရ ၈၀ ရယ် ပြီးတော့မှခလရ ၁၂ နဲ့ ၁၄ အားလုံးပေါင်း ၅ ရင်းပေါင်းပြီးတော့မှ တက်လာတယ်ပေါ့လေး။ ဒါက ဘောလခဲကနေတစ်ဆင့် ဒေါညေးခူ ဒေါတမကြီးဖက်ကိုထိုးတဲ့ စစ်ကောင်စီတွေရဲ့တပ်ရင်းတွေဖြစ်တယ်။
မေး။ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ ပင်လောင်းနယ်စပ်ဖက် အခြေအနေကောပေါ့နော။ လက်ရှိကော ဘယ်လိုရှိလဲပေါ့နော။
ဖြေ။အဲ့မှာတော့ တစ်ဆက်ထဲဘဲပေါ့လေးနော။ သူ့ရဲ့ ပုံသဏ္ဍာန်က လက်ရှိဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာ ဖြစ်နေတဲ့ ပုံသဏ္ဍာန်လိုမျိုးဘဲပေါ့လေးနော။ အဲ့မှာလည်း စစ်ကောင်စီတွေဖက်က သူတို့အင်အားအလုံးအရင်းနဲ့ ထိုးနေတာ ဒါလနဲ့ချီကြာနေပြီ။ မရှိခဲ့ဘူးဆိုလို့ရှိရင် ကျနော်တို့တိုက်ပွဲပြင်းထန်တယ်လို့ ပြောတဲ့အချိန်တွေ သုံးလကျော် လေးလလောက် ကျနော်တို့ပါပါကူးလာပြီးပေါ့လေးနော။ စစ်ကောင်စီတွေဖက်တော့ အဲ့မှာတော့ စခခလက်အောက်ခံ ၂၄၇တို့ ၂၄၈တို့ အဲ့မှာထိုးတယ်။ ပြီးတော့ လွိုင်လင်လေးကနေတစ်ဆင့်ဆိုလို့ရှိရင် တပ်မ၆၆လက်အောက်ခံ ရင်း၁၀တို့ ၁၄တို့အဓိကထိုးတယ်။ ပြီးတော့မှ မိုးဗြဲဖက်မှာဆိုလို့ရှိရင်တော့ အလားတူ မ၆၆လက်အောက်ခံဘဲ ခလရ ၁၀တို့ ၁၂တို့ ၁၄တို့ပေါ့လေး။ အဲ့မှာလည်း ၇ကြောင်း၈ကြောင်းပေါင်းပြီးတော့မှ ဒီပင်လောင်းဖက်ကိုစစ်ကြောင်းထိုးနေတာဖြစ်တယ်။
မေး။ လက်ရှိအချိန်ထိလဲတိုက်ပွဲပြင်းထန်နေဆဲ အခြေအနေမှာ နှစ်ဖက်ကျဆုံးမှု အခြေအနေကော ဘယ်လိုရှိလဲ။ စစ်ကောင်စီဖက်ဆို ဘယ်အဆင့်ထိကျတာရှိလဲပေါ့။ ပြီးခဲ့တဲ့ ပင်လောင်းဖက်တိုက်ပွဲဆို KNDFရင်း၁၁ ရင်းမှူးလည်း ကျတာတွေရှိခဲ့တယ်ဆိုတော့လေး။
ဖြေ။ကျနော်တို့ ဒီးမောဆိုအရှေ့ခြမ်းတစ်ခုထဲတင်မှာ ကျနော်တို့လက်နက်ပေါင်း ၈၀ကျော် ရတယ်ပေါ့လေး ၁၀၀နီးပါးလောက် ကျနော်တို့ရတယ်။ ထိုနည်း၎င်း ဖယ်ခုံဖက်မှာက ကျနော်တို့ စစ်ကောင်စီထံကနေ လက်နက် ၅၀ကျော်လောက် ကျနော်တို့ သိမ်းဆည်းမိရတယ်ပေါ့။ ဆိုတော့ ယှဉ်ပြီးလို့ကြည့်မယ်ဆိုလို့ရှိရင် ၂နှစ်တာကာလတိုက်ပွဲမှာက ကျနော်တို့ စစ်ကောင်စီထံကနေ တိုက်ပွဲအကြီးအကျယ်နဲ့ ဆင်နွှဲနေတဲ့ချိန်မှာ ကျနော်တို့လက်နက်ခဲယမ်း သိမ်းဆည်းမိတာကတော့ အခုလက်ရှိဒီနှစ်လတာကာလကတော့ အများဆုံးဖြစ်တယ်ပေါ့လေးနော။ ဒါကဘာရည်ညွှန်းလဲဆိုလို့ရှိရင် ဒီတစ်ကြိမ်သူတို့ထိုးစစ်ဆင်မှုက တအားနဲ့ အင်အားအလုံးအရင်းသုံးတယ်။ လူအင်အားရော လက်နက်အင်အားရော သူတို့အလွန်အကျွံသုံးတယ်ပေါ့လေးနော။ ကျနော်တို့ရင်ဆိုင်တဲ့ချိန်မှာ နှစ်ဦးနှစ်ဖက် ကျရှုံးမှုတွေတော့ ရှိတာပေါ့လေးနော။ ကျနော်တို့ဖက်မှာလည်း ဒီပင်လောင်းနဲ့ ဒီးမောဆိုအရှေ့ခြမ်းနဲ့ပေါင်းမယ်ဆိုလို့ရှိရင် ကျနော်တို့ အနည်းဆုံး ၁၀ ဦးနဲ့အထက်မှာ ကျနော်တို့ အကျအရှုံးရှိတယ်။ ဒါကတော့ ကျနော်တို့ ကာကွယ်ရေးတပ်ဖက်ပေါ့လေးနော။ ကာကွယ်ရေးတပ်လို့ ပြောလိုက်လို့ရှိရင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDFရှိမယ် ကရင်နီပြည်တပ်မတော်ရှိမယ် ကျန်တဲ့ဒေသခံ PDFတွေလည်း ပါမယ်ပေါ့လေး။ ကျနော်တို့ဖက်တော့ အနည်းဆုံး ၁၀ယောက်နဲ့အထက်မှာ ကျနော်တို့ကျတာရှိတယ်။ စစ်ကောင်စီဖက်လည်း ဥပမာ ကျနော်တို့ ဒေါတမကြီးဖက်မှာဆိုလို့ရှိရင် ခမရ ၅၁၅ တို့ဆို တပ်ရင်းလိုက် သူတို့ပြုတ်တာဘဲ။ ဒါကတော့ သူတို့ရဲ့အခြေအနေပေါ့လေးနော။ သူတို့ရဲ့ ကျရှုံးမှုတွေ ဒဏ်ရာရတာတွေတော့ ကျနော်တို့ထက် အဆပေါင်းများစွာပေါ့လေးနော။ အဲ့လိုအခြေအနေရှိပါတယ်။ တပ်ရင်း ၁၁ တပ်ရင်းမှူးကျတယ်ဆိုတာလည်း ဒါက ဘာကိုမီးမောင်းထိုးပြလဲဆိုလို့ရှိရင် ကျနော်တို့က လေပေါ်မှာဘဲတိုက်နေတဲ့အဖွဲ့တွေ မဟုတ်ဘူးပေါ့နော။ တပ်ရင်းမှူးလို့ကျနော်တို့ ပြောလို့ရှိရင်လည်း မြေပြင်မှာ ကိုယ်တိုင်ဦးစီးဦးဆောင်ပြီးတော့ တိုက်နေရတဲ့လူတွေပေါ့။ သူတို့ဆီကနေတစ်ဆင့် ကျနော်တို့ ကျန်တဲ့ သူတို့ရဲ့လက်အောက်ရဲဘော်တွေကို လက်တွဲခေါ်ပြီးတော့မှ ဦးစီးဦးဆောင်ပေးနေတယ်ပေါ့လေးနော။ ဒါက မြေပြင်မှာတကယ်တိုက်နေတဲ့ ပုဂ္ဂိုလ်တွေကြောင့်မို့လို့ ဒီလိုထိတွေ့မှုတွေကြားထဲမှာ ကျရှုံးရတာပေါ့။
မေး။ ခုနကပြောသွားတဲ့ထဲမှာ လက်နက်တွေ သိမ်းဆည်းရမိမှုတွေ ရှိတယ်ပေါ့နော။ ဘယ်လိုလက်နက်တွေ များသောအားဖြင့်သိမ်းဆည်းရမိလဲပေါ့နော။
ဖြေ။ ကျနော်တို့ RPG 7 တို့ ပြီးတော့မှ ၆၀မမတို့ပေါ့လေးနော ပြောင်းတိုပြောင်းရှည်ရယ်။ ပြီးတော့မှ ငါးကြင်းမီးတွေ သိမ်းဆည်းရမိတယ်။ ဒါကတော့ လက်နက်ကြီးလို့ပြောမယ်ဆိုရင် ဒီအုပ်စုတွေ ပါတယ်ပေါ့လေးနော။ ပြီးတော့ ကျန်တဲ့ဥစ္စာတွေတော့ MA4တို့ MA2တို့ MA3တို့ပေါ့လေး။ အဲ့တာတွေက အများဆုံးသိမ်းဆည်းရမိတယ်ပေါ့လေးနော။ ပစ္စတိုတော့ ကျနော်တို့ အားလုံးပေါင်း ၈လက် ၉လက်လောက်ရတယ်ပေါ့။
မေး။ ဒီလက်ရှိမှာက စစ်ကောင်စီလည်း စစ်ရှိန်တိုးလာတဲ့အခြေအနေမှာ ခုခံတော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ ဘယ်လိုစိန်ခေါ်မှုတွေကြုံတွေ့လဲ/ ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ။
ဖြေ။ ကျနော်ဒီနေရာမှာပြောချင်တာက ကျနော်တို့မှာ လုံလောက်တဲ့ကျည်ဆန်တွေဘာတွေ ရှိခဲ့မယ်ဆိုလို့ရှိရင်တော့ အရင်တုန်းကလည်း AAရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောခဲ့သလိုမျိုးပေါ့။ ခင်ဗျားသာ အင်အားရှိခဲ့လို့ရှိရင်တော့ ခင်ဗျားဆေးရုံတက်လို့ရှိရင် သူ့အလိုလိုနေရင်းနဲ့ ဆန်ပြုတ်လာကျွေးလိမ့်မယ်ဆိုတဲ့ ပုံစံမျိုးပေါ့လေးနော။ ဆိုတော့ လက်ရှိ ကျနော်တို့ ကရင်နီပြည်ရဲ့အခြေအနေက ကျနော်တို့သာ လုံလောက်တဲ့ကျည်ဆန်တွေရှိခဲ့မယ် လက်နက်တွေရှိခဲ့မယ်ဆိုလို့ရှိရင် ကျနော်ထင်တယ် စစ်ကောင်စီတွေတော့ ရက်တိုင်း မနက်ရောညရော ကျနော်တို့ဘုရားပန်းလာလဲပေးရမယ့် အနေအထားမှာ ရှိနေတယ်ပေါ့။ ကျနော်တော့ အဲ့လိုဘဲပြောချင်တယ်။
မေး။ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုမှာဆိုရင် ဒီ ဆက်တိုက်ပိုမိုစိပ်စိပ်သုံးလာတယ်ပေါ့။ ဒီစစ်ကောင်စီလေကြောင်းသုံးတာက ဒီစစ်ရေးရဲ့ ဘယ်အခြေအနေမှာသုံးတာကို ဆရာတို့တွေ့ရလဲပေါ့နော။
ဖြေ။ ဒီနောက်ပိုင်းတော့ သူတို့တိုက်ပွဲလုပ်တဲ့နေရာမှာ လေကြောင်းမပါမဖြစ်ဆိုတဲ့ အနေအထားဖြစ်နေတယ်ပေါ့။ အထူးသဖြင့် ဒီပင်လောင်းဖက်တို့ အပါအဝင်ရော ပြီးတော့ ကျနော်တို့ ဒီးမောဆိုအရှေ့ဖက်ခြမ်းမှာရောပေါ့လေးနော။ ကျနော်တို့ ဥပမာ တနေကုန် တစ်ရက်သာမှာက ကျနော်တို့ တနေကုန် အပြန်အလှန်ပစ်ခတ်ကြပြီဆိုလို့ရှိရင်တော့ သူတို့ရဲ့လေကြောင်းအပစ်အကူကတော့ တစ်ရက်တစ်ရက်ဆိုလို့ရှိရင် ပုံမှန်အားဖြင့် jet fighterတွေတော့ ၄စီး ၃စီး ပုံမှန်ပေါ့လေးနော။ ဒါကလည်း မြေပြင်မှာကလည်း သူတို့ရဲ့ လက်နက်ကြီးအပစ်အကူကလည်း ရှိပြီးသား။ ၃တပ် ၄တပ်ကနေပြီးတော့မှ ဝိုင်းပြီးတော့ ပစ်တာလည်းရှိတယ်။ အဲ့တာတွေတင်မကဘဲ လေကြောင်အပစ်အကူပါပါခေါ်တာကတော့ ဒီနောက်ပိုင်းမှာတော့ ပိုတော့များလာတယ်။ ဒါက ဘာကိုဖော်ပြသလဲဆိုလို့ရှိရင် မြေပြင်မှာသူတို့တွေက အဲ့လောက်ထိတောင့်ခံနိုင်စွမ်းမရှိတော့ဘူး။ အဲ့လောက်ထိသူတို့တွေက မထိုးဖောက်နိုင်တော့ဘူး အဲ့တာတွေကြောင့်မို့လို့ လေကြောင်းအပစ်အကူကို သူတို့ခပ်များများအကူအညီတောင်းတယ်လို့တော့ ကျနော်တို့တော့ အဲ့လိုဘဲယူဆရတာပေါ့။
မေး။ ပြီးတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း တိုက်ပွဲတွေမှာအပြင် တိုက်ပွဲမဖြစ်လည်း သူတို့ တိုက်တာတွေရှိတယ်ပေ့ါလေး။ ဒါ့ကြောင့် လူနေအိမ်တို့ ဆေးရုံတို့လည်း အများကြီးပျက်စီးသွားတဲ့ အနေအထားမှာ ဆရာ့အနေနဲ့ ဒီအပေါ်မှာ ဘယ်လိုပြောဆိုချင်တာရှိလဲ။
ဖြေ။ဒါကတော့လေး ခုနကပြောသလိုမျိုး သူတို့မှာက သူတို့ စစ်ကောင်စီရဲ့ ယန္တာယား လည်ပတ်လို့မရဘူး။ ဥပမာအားဖြင့် ဒီမော့ဆိုတို့၊ ဖရူဆိုတို့၊ ဘောလခဲတို့မှာက သူ့ရဲ့ ယန္တာယားတွေက အခုလက်ရှိချိန်မှာက လည်ပတ်လို့မရဘူး။ ဘာကြောင့်မို့ လည်ပတ်လို့မရလဲ ဆိုလို့ရှိရင် သူ့မှာကတော့ လူထုမရှိဘူး။ လူထုမရှိတဲ့ တော်လှန်ရေးလည်း ဥပမာ ကျနော်တို့ ခုခံစစ် ဆင်နွဲနေရတဲ့ ဒီကာကွယ်ရေး တပ်ဖွဲ့တွေအတွက်ကလည်း လူထုမရှိရင် ဘားလုပ်လို့မရဘူး။ တစ်ဖက်မှာလည်း စစ်ကောင်စီတွေအတွက်လည်း လူထုမရှိရင် သူဘားမှ လုပ်လို့မရဘူး။ သူ့ရဲ့ အုပ်ချုပ်နေမြေမှာက လူထုမရှိရင် ဒီအစိုးရက အစိုးရလို့ ကျနော်တို့ခေါ်လို့ အဆင်မပြေဘူး။ ခေါ်လို့လည်း မရဘူး။ ဆိုတော့ သူတို့တွေက လူထုတွေက သူတို့ဆီမှာ မနေဘူး မရှိဘူး အဲ့ဒီအတွက်ကြောင့်မလို့ လူထုတွေက ကျနော်တို့ဆီမှာ ရှိနေတဲ့အတွက်ကြောင့်မို့ သူတို့တွေ အုပ်ချုပ်လို့မရမဲ့တူတူ သူတို့ဆီကို မသွားမဲ့တူတူ သူတို့ကိုတော့ ဖျက်စီးပစ်လိုက်မယ် ချိုးပစ်လိုက်မယ်ဆိုတဲ့ အတွေးအခေါ်မျိုးနဲ့ လုပ်ဆောင်တယ်လို့ ကျနော်ကတော့ အဲ့သလိုမျိုး ခံယူတယ်။ အထူးသဖြင့် ခုနကပြောသလိုမျိုး လူထုတွေက ဒီတော်လှန်ရေး ဆက်ပြီးတော့မှ ပါဝင်မယ်ဆိုလို့ရှိရင် ခင်ဗျားတို့ရဲ့ နေရာတွေက ဒီထက်ပိုပြီးတော့မှ ပြန်ကျနိုင်လိမ့်မယ် မီးလောင်နိုင်လိမ့်မယ်ဆိုတဲ့ပုံစံနဲ့ လူထုစိတ်ဓာတ်စစ်ဆင်ရေးကို လုပ်နေတဲ့လို့ ကျနော်ကတော့ ယူဆတယ်ပေါ့လေး။
မေး-ပွင့်လင်းရာသီကာလအတွင်းမှာ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တယ် ပြင်းထန်ဆဲ အခြေအနေမှာလည်းရှိတယ်ပေါ့နော။ တစ်ဖက်ဖက်ကကော ဒီနယ်မြေအသာစီးရယူနိုင်မှုအပိုင်းမှာ ဒါမှမဟုတ် တစ်ဖက်ဖက်က ပိုပြီးတော့ အသာစီး ရယူနိုင်တာတွေ ဘယ်လိုရှိလဲဆရာ။
ဖြေ။ဒါကတော့ပြောရခက်တယ်ပေါ့လေး။ သူ့ဖက် ဘယ်လောက်နယ်မြေစိုးမိုးမှုရှိပြီလဲ ကိုယ့်ဖက် ဘယ်လောက်ထိရှိပြီဆိုတဲ့ဟာ ကျနော်တို့ကတော့ ရာခိုင်နှုန်း အတိအကျနဲ့ ပြောဆိုနိုင်ဖို့ ခက်ခဲတယ်။ ခုနက ကျနော်ပြောသလိုမျိုးဘဲ ဒီချိန်မှာက ကျနော်တို့ ထည့်ပြီး စဉ်းစားရမှာက အသာအစီးရတဲ့ နယ်မြေတွေက ကျနော်တို့ ဘယ်လောက်ထိကြာကြာ စိုးမိုးနိုင်မလဲ။ ဥပမာ ကျနော်တို့ တိုးလို့ရတယ် တိုးလို့ရတဲ့ နယ်မြေတွေရှိတယ်။ ဒါပေမဲ့ ဒီနေရာမှာက ကျနော်တို့ ဘယ်လောက်ထိအကြာကြီး နေနိုင်မယ်ဆိုတဲ့အပေါ်မှာ အများကြီးမူတည်တယ်။ အခုချိန်မှာလည်းဘဲ ကျနော်တို့နဲ့ စစ်ကောင်စီနဲ့က အပြိုင်အဆိုင်ပေါ့လေး နယ်မြေစိုးမိုးမှုတွေ လုပြီးတော့မှ သိမ်းပိုက် သိမ်းယူနေတဲ့ အနေအထားမှာရှိတယ်လို့ ကျနော်ကတော့ အဲ့ဒီလောက်ဘဲ ပြောနိုင်လိမ့်မယ်။ ကျနော်တို့ဖက်က ဒီလောက်ဒီလောက်ရပါတယ် ပြောတဲ့ ဥစ္စာတွေက ကျနော့် တစ်ဦးတစ်ယောက်အနေနဲ့တော့ မပြောတတ်ဘူးပေါ့နော။ မပြောတတ်တာထက် ဒါက အတိအကျပြောလို့ရတဲ့ အနေအထားတော့မဟုတ်ဘူး။ အခြေအနေတွေက နေ့မဟုတ်ရင် ည တစ်စုံလုံးကို ပြောင်းလဲပစ်နိုင်တဲ့ အနေအထားမှာ အများကြီးရှိတဲ့အတွက်ကြောင့်မို့လို့ အဲ့လိုမျိုးပြောရခြင်းဖြစ်တယ်ပေါ့။
မေး-ကရင်နီပြည်ရဲ့ စစ်ရေး အခြေအနေကော ဘယ်လိုဆက်ဖြစ်လာနိုင်လဲ။ ပြီးတော့ တစ်ဆက်ထဲမှာလည်း တော်လှန်ရေး ရဲဘော်တွေကိုကော တိုက်တွန်းအားပေးစကားပြောချင်လဲ။
ဖြေ။ ဒီလမ်းက ဘယ်သူ့ကမှ ကျနော်တို့ကို အတင်းအဓ္ဓမ တိုးပြီးတော့မှ ရွေးချယ်ခိုင်းတာ မဟုတ်ဘူးလေးနော။ ဒီကနေ့ နွေဦးတော်လှန်ရေးကနေတစ်ဆင့် ပေါက်လာတဲ့ ကျနော်တို့ KNDFနဲ့ အလားတူ မည်သူ တစ်ဦးတစ်ယောက်ကမှ အတင်းအဓ္ဓမ ကျနော့်ကို KNDFရဲဘော်ဖြစ်ဖို့ ဘယ်သူကမှ မတိုက်တွန်းဘူး။ ဒါက ကျနော်တို့က သမိုင်းရှိခဲ့တာကိုး။ ကျနော်တို့ ကရင်နီပြည်လို့ ပြောလိုက်ရင် သီးခြားလွတ်လပ်တဲ့ပြည်နယ် တစ်ပြည်နယ်ဖြစ်ခဲ့တယ်။ ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်စော်ဘွားနဲ့ အုပ်ချုပ်ခဲ့တဲ့ ပြည်နယ်ဖြစ်တယ်။ သမိုင်းအစဉ်အလာအရကိုက ကျနော်တို့တွေက ကျနော်တို့က သခင်ဖြစ်တယ် အိမ်ရှင်ဖြစ်တယ်။ ဒါကတော့ ကျနော်တို့ လူငယ်တွေရဲ့ စိတ်ထဲမှာတော့ မွေးထားရမယ့်အရာပေါ့လေးနော။ ကျနော်တို့က ကျွန်မဟုတ်ဘူး။ သူများတွေရဲ့ ကျွန်၊ သူများဆီမှာ သွားပြီးတော့မှ အလုပ်လုပ်နေတဲ့သူတွေမဟုတ်ဘူး။ ကျနော်တို့က သခင်ဖြစ်တယ်။ ကျနော်တို့ပြည်နယ် လက်ရှိ ကျနော်တို့ ကရင်နီလူမျိုးတွေက အုပ်ချုပ်ရမယ်။ ဒါကအခုမှမဟုတ်ဘူး သမိုင်းစာမျက်နှာမှာ ပြန်လှန်ကြည့်လိုက် ကရင်နီလူမျိုးက ကရင်နီအချင်းချင်းဘဲ အုပ်ချုပ်တယ်ဆိုတဲ့ဟာ။ တိုင်းတစ်ပါးကလာအုပ်ချုပ်လို့ တိုင်းတစ်ပါးရဲ့ အောက်မှာ ကျနော်တို့တွေက သူ့ကျွန်ဘဝနဲ့ နေလာခဲ့တာရှိတယ်။ အဲ့ဒီချိန်မှာက ကျနော်တို့က ငြိမ်နေပြီးတော့ လူများအောက်မှာ နေတာမဟုတ်ဘူး စစ်တိုက်ပြီးတော့မှ အောင်ပွဲရယူနိုင်ခဲ့တာဖြစ်တယ်။ ကျနော်ပြောချင်တာက ခုနက ၂နှစ်တာရောက်လာခဲ့ပြီ။ ကျနော်တို့တွေက ဒီလမ်းကို ရွေးခဲ့တဲ့ အတွက်ကြောင့်မို့ ဆုံးအောင်သွားဖို့လိုတယ်။ မဟုတ်လို့ရှိရင် ကျနော်တို့ သမိုင်းက ရိုင်းလိမ့်မယ်ပေါ့နော။ အရင့်အရင် ယခင်ကတည်းက ဒီထက်ပိုပြီးတော့မှ ခက်ခဲ ကြမ်းတမ်းတဲ့ အခြေအနေမှာက ကျနော်တို့ တော်လှန်ရေးတွေကို မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်မပြတ်ဘဲ လုပ်ဆောင်လာခဲ့သေးတာဘဲ။ ကျနော်တို့ လက်ထက်မှာက ကျနော်တို့ လူအင်အားတွေပိုများတယ် လက်နက်တွေပိုပြီးတော့မှရလာပြီ။ ဒီတော်လှန်ရေးက ကျနော်တို့ရဲ့ စည်းလုံးညီညွတ်မှု ကနေတစ်ဆင့် သွားမယ်ဆိုလို့ရှိရင်တော့ ကျနော်မျော်လင့်ပါတယ်။ အောင်ပွဲတွေတော့ ရှေ့လျောက်ကြရင်တော့ အောင်ပွဲတွေတော့ အလီလီဆွတ်ခူးနိုင်မယ်လို့ ကျနော်ကတော့ ယုံကြည်တယ်။ လူငယ်တွေအနေနဲ့လည်း ဆက်ပြီးတော့မှ လျောက်လှမ်းဖို့ ပင်ပန်းတယ် ကြမ်းတမ်းတဲ့ ဆိုတဲ့ ဥစ္စာတွေက ကျနော်တို့ ပထမခြေလှမ်းမှာကတော့ အဲ့လိုမျိုး သွားနေမြဲဘဲပေါ့လေး။ ပထမဆုံးခြေလှမ်းမှာကတော့ ပင်ပန်းတာတွေ ကြမ်းတမ်းတာတွေ ပြီးလို့ရှိရင်တော့ ကျနော်တို့ရဲ့ ပျော်ရွှင်မှုတွေ ငြိမ်းချမ်းခြင်းတွေကိုတော့ တဖန်ပြန်ပြီးတော့မှ ခံစားရလိမ့်မယ်။ အခုရေတွင်းတူးပြီးတော့မှ ရေကြည်သောက်ချင်တယ်ဆိုရင်တော့ မဖြစ်နိုင်ဘူး။
မေး-ဒီလက်ရှိမှာတိုက်ပွဲပြင်းထန်နေဆဲဆိုတော့ ဒီရှေ့ပိုင်းမှာကော ဒီစစ်ရေးခြေနေက ဘယ်လိုဆက်ပြီးတော့ရှိလာနိုင်လဲ။
ဖြေ။ ပိုပြီးတော့မှ တိုက်ပွဲတွေက ပိုပြီးတော့မှ ပြင်းထန်လာလိမ့်မယ်လို့တော့ ကျနော်ကတော့ ယူဆရတယ်။ သူတို့ရဲ့ လက်ရှိစစ်ကောင်စီထိုးနေတဲ့ စစ်ကြောင်းတွေက မရုတ်သိမ်းသရွေ့တော့ တိုက်ပွဲတွေတော့ ဒီထက်ပိုပြီးတော့မှ ပြင်းထန်မယ်။ အထူးသဖြင့် ပင်းလောင်းတို့ဖက်တွေ ရှမ်း-ကယားနယ်စပ်ဖက်မှာက စစ်ကောင်စီက ဘာကြောင့် လေယာဉ် လေကြောင်းအသုံးပြုမှုတွေ လက်နက်ကြီးအသုံးပြုမှုတွေ စစ်ကူတွေ တပ်ရင်းအလိုက် ဘာဖြစ်လို့ ထိုးသလဲဆိုလို့ရှိရင်တော့ ကျနော်တို့ ကရင်နီပြည်ထဲမှာဘဲ စစ်မျက်နှာဖွင့်လာခဲ့တာ ကြာပြီးပေါ့လေး။ အခုက ပင်လောင်းရှမ်းပြည်နယ် ကနေတစ်ဆင့် ကျနော်တို့ဆက်ပြီးမှ ကူးနိုင်မယ် စစ်မျက်နှာ ဒီထက်ပိုပြီးမှ ကျယ်ပြန့်မယ် ပြီးတော့ အခြားသော ကျနော်တို့ကရင်နီပြည်မှာ စစ်ရေးဒီလောက်တင်းမာနေတဲ့ချိန်မှာ ဘာဖြစ်လို့ အခြားဒေသမှာ ငြိမ်နေတဲ့ချိန်မှာ ကျနော်တို့ဒေသက တခြားဒေသကိုရောက်သွားတဲ့အခါ တခြားဒေသက အဖွဲ့တွေလည်း ကျနော်တို့နဲ့အတူ ပါနိုင်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်နဲ့ သူတို့တွေက ဆက်ပြီးတော့မှ ဖိလိမ့်မယ်။ တိုက်ပွဲတွေက ဒီထက်ပိုပြီးမှ ပြင်းထန်မယ်။ ကျနော်တို့တွေက အခြားရွေးချယ်စရာတွေ မရှိဘူး။ ခုခံစစ်နဲ့ တန်ပြန်တိုက်စစ်ဆင်နွဲဖို့ကလွဲလို့ ကျနော်တို့မှာ ရွေးချယ်စရာမရှိဘူး။ ကျနော်တို့ ဒီထက်ပိုပြီးတော့မှ တိုက်ပွဲ ပြင်းထန်ဖို့ပဲ ရှိလိမ့်မယ်လို့ ကျနော့်အနေနဲ့ ပြောကြားလိုတယ်။
ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။