“ကျွန်မတို့ ပြည်သူတွေက လူ့အခွင့်အရေးနဲ့ လူသားခြင်းစာနာထောက်ထားခြင်း မရှိတဲ့အဖွဲ့အစည်းကို မနှစ်သက်ဘူး၊ မရှိသင့်ဘူးလို့ ပြည်သူတွေ ခံစားလာရတယ်” မွန်းနေလီ (KWAT ပြောခွင့်ရသူ)

0
585

ကချင်အမျိုးသမီးအစည်းအရုံး – ထိုင်းနိုင်ငံ (KWAT) မှ ပြောရေးဆိုခွင့်ရှိသူ မွန်းနေလီနှင့် အမေးအဖြေ

အာဏာသိမ်းစစ်ကောင်စီတပ်သည် ဖားကန့်မြို့နယ်တွင် အရပ်သားပြည်သူများကို ဖမ်းဆီးပြီး တိုက်ပွဲအတွင်း လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်။ ဧပြီလ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဖာကန့်မြို့နယ် ဆိုင်းဖရာကျေးရွာမှ အရပ်သား ပြည်သူ ၅၀ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ လူသားဒိုင်း အဖြစ်အသုံးပြုမှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာပြင်းထန်ခဲ့သည်။ ဆက်ပြီး ဖားကန့် မှော်ဘုံကျေးရွာတွင်လည်း အရပ်သားပြည်သူ ၂၀၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဝတ်စုံဝတ်ဆင်ခိုင်းကာ လူသားဒိုင်း အဖြစ်အသုံးပြုခဲ့သည်။

စစ်ကောင်စီမှ ယခုလို နိုင်ငံတကာ စစ်ရာဇဝတ် ချိုးဖောက်မှုတွေ နဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေ ကို အရေးမယူပဲ ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင် ဘယ်လောက်ထိ ထိခိုက်ဆုံးရှုံးမှုရှိနိုင်သလဲ ကချင်အမျိုးသမီး အစည်းအရုံး ထိုင်းနိုင်ငံ (KWAT) မှ ပြောဆိုခွင့်ရှိသူ မွန်းနေလီကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စစ်ကောင်စီက ရှေ့တန်းစစ်ရေးလှုပ်ရှားမှုမှာ ပြည်သူတွေကို လူသားဒိုင်းပြုလုပ်တယ်၊ အခုထိလည်း ပြည်သူတွေကို ဖမ်းဆီးထားဆဲပဲဆိုတော့ ဒီအပေါ်မှာ ဆရာမ အမြင်ကို အရင်ဆွေးနွေးပေးပါ။

ဖြေ။ ။ ကချင်ပြည်နယ်သာမက မြန်မာတစ်နိုင်ငံလုံး စစ်ကောင်စီက ပြည်သူတွေကို ညှင်းပန်းနှိပ်စက်တယ်၊ လူသားဒိုင်း ပြုလုပ်နေတာတော့ ကြာနေပြီ။ အခုဖြစ်နေတဲ့ အခြေအနေကို ကြည့်ရင် စစ်ကောင်စီတပ်က ပြည်သူတွေကို လူမဆန်စွာ နည်းလမ်းအမျိုးမျိူးနဲ့ ရက်စက်တယ်။ အခုဆို ပြည်သူတွေက ဘယ်မှသွားလို့ မရတော့ဘူး၊ အိမ်ထဲမှာနေနေရင်တောင်မှ မတရားအကြမ်းဖက်ခံရတာတွေ၊ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခံ ရတာတွေက ပြည်သူတစ်ယောက်အတွက် လုံခြုံမှုမရှိဘူး။ နိုင်ငံကို အုပ်ချုပ်နေပါတယ်လို့ ပြောနေပေမယ့် ဒါတွေက မကောင်းတဲ့အဖွဲ့အစည်း၊ အကြမ်းဖက်မှုတွေကို ပြုလုပ်နေတဲ့အဖွဲ့အစည်းဆိုပြီး ပိုပြီးထင်ပေါ်စေလို့ မြင်ပါတယ်။

မေး။ ။ လွန်ခဲ့တဲ့အပတ်မှာဖြစ်ခဲ့တဲ့ ဆိုင်းဖရာဖြစ်စဉ်မှာ အမျိုးသမီးတွေအများပိုင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်။ ဒီဖြစ်စဉ်ကို ကြည့်ပြီး အမျိုးသမီးတွေရဲ့ လုံခြုံရေးကို ဘယ်လောက်ထိ ထိခိုက်စေနိုင်သလဲဆိုတာကို ပြောပြပေးပါ။

ဖြေ။ ။ ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်ကို အခြေခံပြီးပြောရမယ်ဆိုရင် လူတွေက ပြောကြတယ်။ စစ်ဖြစ်ရင်တော့ အမျိုးသမီးတွေ အခုလိုကြုံတွေ့ရမှာပဲလို့ ပြောကြတယ်။ ဒါပေမယ့် နိုင်ငံတကာ တရားဥပဒေအရ ပြောရမယ်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေ လိုက်နာရမယ့်တရားဥပဒေတွေ အများကြီးရှိတယ်။ နှစ်ဖက်တိုက်ခိုက်ကြမယ်ဆိုရင်လည်း ပြည်သူတွေကို မထိခိုက်စေရဘူး။ ဒါပေမယ့် အခုဖြစ်သွားတဲ့ဖြစ်စဉ်မှာ အမျိုးသမီးတွေ ပိုပြီးထိခိုက်ခံရတယ်။ ဥပမာဆိုရင် အမျိုးသမီးတွေ ထိခိုက်ပြီဆိုတာနဲ့ သူ့ရဲ့အိမ်သူအိမ်သား၊ သူ့ကလေး သူ့ကိုမှီခိုနေတဲ့ အိမ်သားတွေ၊ ဆွေမျိုးတွေ အကုန်လုံးထိခိုက်နှစ်နာတာနဲ့ တူတယ်။

မေး။ ။ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ ဆိုတဲ့ထဲ အခုလောလောဆယ် စစ်ကောင်စီတပ်က ရှေ့တန်းစစ်မျက်နှာပြင်မှာ ပြည်သူတွေကို လူသားဒိုင်းပြုလုပ်တာတွေက နောက်ပိုင်းပိုဆိုးလာတာလား၊ သူတို့ရဲ့လှုပ်ရှားမှုတွေ ဘယ်လိုပြောင်းလဲလာလဲ။

ဖြေ။ ။ သူတို့ နည်းလမ်း (၃) မျိုးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်တဲ့ထဲ တစ်ခုက စစ်ရာဇဝတ်မှုကို ကျူးလွန်တယ်၊ လူသားမျိုးနွယ်တွေအပေါ်မှာ ကျူးလွန်တဲ့ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှု၊ ဒါတွေကို လွန်ခဲ့တဲ့အချိန်ကတည်းက ကျူးလွန်ခဲ့တယ်၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာကို စစ်လက်နက်တစ်ခုတစ်ဖွယ် အသုံးချလာကြတယ်။ ဒီလိုကျူးလွန်လာတာက နှစ်ပေါင်းကြာလာပြီ။ အခုတော့ပိုပြီး ၁၀ ဆ၊ ၂၀ ဆ အင်အားနဲ့ကျူးလွန်လာကိုတွေ့ရတယ်။
ဖားကန့် ဖြစ်စဉ်နဲ့ စစ်ကိုင်းတိုင်းဘက်မှာ ကျူးလွန်တဲ့ဖြစ်စဉ်က လူတွေအများကြီးရှိနေတယ်ဆိုတာကို သိနေရက်နဲ့ တစ်ကြိမ်မက ဗုံးကျဲတိုက်ခိုက်ခဲ့တယ်။ ဒါကိုကြည့်မယ်ဆိုရင် ဘာကြောင့် သူတို့ဒီလောက်ရဲတင်းလာသလဲဆိုတာက သူတို့စိတ်ကိုက လူသားချင်းစာနာစိတ် မရှိဘူး၊ ပြည်သူတွေရဲ့ အခွင့်အရေးကိုလည်း ဂရုမစိုက်ဘူး၊ ပြည်သူတွေရဲ့အသံကိုလည်း ရိုသေခြင်းလည်း မရှိဘူး။ တရုတ်နဲ့ ရုရှားလိုမျိုး သူတို့ကို ကာကွယ်ပေးနေတယ်။ သတ်ဖြတ်ဖို့ လက်နက်ထောက်ပံ့ပေးတာကြောင့်လို့ မြင်တယ်။ ဒါကြောင့်မို့ ကျွန်မတို့ ပြည်သူတွေက လူ့အခွင့်အရေးနဲ့ လူသားခြင်းစာနာထောက်ထားခြင်း မရှိတဲ့အဖွဲ့အစည်းကို မနှစ်သက်ဘူး၊ မရှိသင့်ဘူးလို့ ပြည်သူတွေ ခံစားလာရတယ်။

မေး။ ။ အခုချိန်မှာ စစ်ကောင်စီက ရှေ့တန်းထွက်တိုင်း ပြည်သူတွေကို ဖမ်းပြီး လူသားဒိုင်းတွေပြုလုပ်လာကြတယ်။ ဒါက ဘာကြောင့်လဲဆိုတာကိုရော ပြောပြပေးလို့ရလား။

ဖြေ။ ။ ဒါကလည်း လွန်ခဲ့တဲ့အချိန်ကတည်းက ၂၀၁၁ ခုနှစ် ကချင်ဒေသ တစ်ကြော့ပြန်တိုက်ပွဲဖြစ်ကတည်းက အမျိုးသမီးတွေကို လူသားဒိုင်းအဖြစ်အသုံးပြုတယ်။ ပေါ်တာဆွဲတယ် သူတို့ခေါ်သွားတဲ့ လမ်းတစ်လျှောက်လုံးလည်း နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံရသေးတယ်။ အခုလို ပြည်သူတွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်တယ်ဆိုတာကလည်း သူတို့မှာ ပြည်သူတွေကို ကာကွယ်ချင်တဲ့စိတ် မရှိဘူး။ သူတို့အသက်ကိုကာကွယ်ဖို့ လူသားဒိုင်းအဖြစ်ဖမ်းတယ်။ နိုင်ငံတစ်ကာ တရားဥပဒေအနေနဲ့ ကြည့်မယ်ဆိုရင် ပြည်သူတွေကို လူသားဒိုင်းအဖြစ်ပြုလုပ်ခြင်းလုံးဝမလုပ်ရဘူး။ ကျူးလွန်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို အရေးယူဖို့လည်း ပျက်ကွက်နေတယ်လို့မြင်တယ်။

မေး။ ။ စစ်ကောင်စီရဲ့ ကျူးလွန်မှုတွေကို အရေးမယူပဲ ဒီအတိုင်းပဲ ဆက်သွားမယ်ဆိုရင် ဘယ်လောက်ထိ ထိခိုက်ဆုံးရှုံးမှုရှိနိုင်သလဲ။

ဖြေ။ ။ ပြောရမယ်ဆိုရင် international accountability ပေါ့နော် တာဝန်ယူမှု၊ တာဝန်ခံမှုပေါ့ ဒါကိုမြင့်တင်ဖို့ဆိုရင် ကျွန်မတို့ရဲ့အခြေအနေတွေကို များများပြောပြရမယ်။ ခေတ်မှီနေတဲ့ခေတ်ကြီးမှာ ဒီမှာဘာဖြစ်နေလဲဆိုတာကို တစ်ခဏတွင်းချင်းသိနိုင်တဲ့အခြေအနေမှာ ကျွန်မတို့ဒေသမှာ ဘာလို့မသိနိုင်သလဲဆိုတာက နိုင်ငံကြီးတွေကိုယ်တိုင် ဒါကိုကျူးလွန်ဖို့ အားပေးအားမြောက် ပြုလုပ်မှုတွေရှိနေတယ်။ အရေးယူဖို့ဆိုရင်လည်း ICC ကိုသွားဖို့ဆိုရင်လည်း လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်ရင် တစ်ခါတည်းတိုက်ရိုက်လုပ်လို့မရဘူး။ ဒါပေမယ့် လုပ်နိုင်တာတစ်ခုက UN Security Council ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကနေ ကျူးလွန်နေတဲ့သူတွေကို တရားစီရင်ဖို့ သူတို့ဘက်ကနေလုပ်နိုင်တာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်အမှတ်တွေ ထွက်လာတိုင်း ကန့်ကွက်တာတွေရှိနေတယ်။ နိုင်ငံကြီးတွေက သူတို့အကျိုးစီးပွား အတွက်သာကြည့်ပြီး ငြိမ်းချမ်းဖို့ကို မကြည့်တော့ဘူး။ လုံခြုံရေးဆိုတဲ့အထဲ လူ့အခွင့်အရေတွေပါမယ်၊ တစ်ကမ္ဘာလုံကြုံတွေ့ခံစားတဲ့ဟာတွေကို အလေးမထားတော့ဘူး ဆိုတဲ့အခြေအနေတွေကို တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ပြည်သူတွေက အသံတစ်သံတည်းနဲ့ ထုတ်ဖော်ပြောဆိုနေတယ်၊ တစ်ဖက်မှာလည်း အရေးယူနိုင်ဖို့ သတင်းအချက်အလက်၊ သက်သေအထောက်ထားတွေကို ရှာဖွေ စုဆောင်းနေတဲ့ အဖွဲ့အစည်းတွေလည်း ရှိနေပြီ၊ မတရားမှုက သက်ဆိုးမရှည်ဘူး ဆိုတာကို ကျွန်မတို့ယုံကြည်တယ်၊ ကျွန်မတို့လည်း လုပ်စရာရှိတာကို ဆက်လုပ်နေရမှာပဲလို့ မြင်တယ်။

မေး။ ။ ဆက်လက်ပြီး တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတယ်ဆိုတော့ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ပိုဆိုးရွားလာနိုင်သလား။ ပြည်သူတွေဘယ်လို သတိထားနေထိုင်ရမလဲ။

ဖြေ။ ။ စစ်ကောင်စီတပ်ဘက်က သတင်းပေးတဲ့သူတွေကြောင့် အခုလိုဖြစ်တာဟုတ်တယ်။ သတင်းအချက်အလက် လုံခြုံမှုရှိရမယ်။ အခုချိန်မှာ ကိုယ်ကျိုးစီးပွားရေး အတွက် မတရားမှန်း သိနေပေမဲ့ စစ်ကောင်စီဘက်ကို ဝိုင်းဝန်း ထောက်ခံနေတရွှေ့ ဒီထက်မက ပြည်သူတွေက ဆုံးရှုံးနစ်နာမှုတွေ ရှိနေမယ်ဆိုတာပြောခြင်တယ်။ ခုချိန် အဖြူအမဲ ကောင်းကောင်း ခွဲခြားသိမြင်နိုင်တဲ့ အချိန်ကျရောက်နေပြီဖြစ်ပြီး၊ ရဲရဲရင့်ရင့် ဆုံးဖြတ်ရမည့်အချိန် ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ပြည်သူတွေ စိတ်ဝမ်းမကွဲပဲ မတရားမှုတွေကို ဝိုင်းဝန်းဆန့်ကျင်ဖို့က အရေးကြီးတဲ့ အချိန်ကျရောက်နေပြီလို့ ပြောခြင်ပါတယ်။

မေး။ ။နောက်ဆုံးနေဖြင့် ဆရာမ အနေနဲ့ ကချင်ပြည်နယ်သာမက မြန်မာတစ်နိုင်ငံလုံးမှာ လေကြောင်းတိုက်ခိုက်မှု နှင့် ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးချနေမှုနှင့် ပတ်သက်ပြီးနောက်ဆုံး ဖြည့်စွက်ပြီးပြောပေးပါ။

ဖြေ။ ဒီအာဏာသိမ်းမှု ၂ နှစ်အတွင်း စစ်ကောင်စီတပ်ဘက် အင်းအားလျော့သွားတာတွေ အများကြီးရှိတယ်။ ကုန်ကြောင်းတွေကနေ ထိုးစစ်ဆင်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ အခုလို လေကြောင်းတွေနဲ့ခြိမ်းခြောက်တာမျိုးနဲ့ အပြစ်မဲ့ပြည်သူတွေကို စစ်ပွဲတွေမှာ လူသားဒိုင်းအဖြစ်အသုံးပြုလာတယ်လို့ မြင်ပါတယ်။ ဒါကိုကြည်ရင် သူတို့ဘက် အားရော့နေပြီ၊ ဆုံးရှုံးနှစ်နာမှု တွေများနေပြီဆိုတာကိုတွေ့ရတယ်။ ယခုလိုလေကြောင်သုံးပြီးတိုက်ခိုက်နေတယ်ဆိုတာ နောက်ဆုံးကြည်ဆံ ဘာမှ မလုပ်နိုင်တော့ဘူးဆိုတဲ့ အခြေအနေကို ပြနေခြင်ဖြစ်တယ်။ ဒါကြောင့်ပြည်သူတွေအနေဖြင့် အမှားအမှန် ခွဲခြားသိမြင်နိုင်ပြီး စစ်မှန်တဲ့ဘက်ကို ရပ်တည်သွားရင် ကျွန်တော်တို့ တော်လှန်ရေးဟာ အောင်မြင်မှာဖြစ်တယ် လို့ ဖြည့်စွက်ပြီးပြောခြင်ပါတယ်။

KNG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here