ဖက်ဒရယ်အသွင်ကူးပြောင်းရေးအစီအမံဆိုင်ရာအခြေခံဥပဒေ- AFTA နှင့် ပတ်သက်ပြီး တိုင်းရင်းသား ခုခံတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ဖက်ဒရယ်ကောင်စီများအဖွဲ့ ပြောခွင့်ရသူ ဦးအောင်ဆန်းမြင့်နှင့် ဆက်သွယ်မေးမြန်းချက်။
တော်လှန်ရေးကာလမှစတင်ကာ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာအခြေခံဥပဒေကို စတင် ရေးဆွဲနေပြီ ဖြစ်သည်ဟု တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုး ကိုယ်စားပြု ဖက်ဒရယ်ကောင်စီဝင် အဖွဲ့ ၉ ဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်မှုကို လက်တွေ့ဖော်ဆောင်ပြီး အသွင်ကူးပြောင်းရေး ကာလအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ သက်ရောက်မှုရှိသော အုပ်ချုပ်ရေးစာတမ်းအဖြစ် ကျင့်သုံးရန် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာအခြေခံဥပဒေ – AFTA ကိုလည်း စတင်ပြင်ဆင်ရေးဆွဲနေပြီဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယခုရေးဆွဲနေတဲ့ အုပ်ချုပ်ရေးစာတမ်း ဘယ်လိုပုံစံပါလဲ။ ဘယ်သူတွေ ပါဝင်ရေးဆွဲနေတာပါလဲ။ အဆိုပါ အုပ်ချုပ်ရေးစာတမ်းအဖြစ်ကျင့်သုံးရန် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာအခြေခံဥပဒေ – AFTA ပြင်ဆင်ရေးဆွဲနေမှု အခြေအနေတို့ကိုသိရှိနိုင်ရန် အဖွဲ့ပြောခွင့်ရသူ ဦးအောင်ဆန်းမြင့်ကို မေးမြန်းထားပါသည်။
မေး။ ။ အသွင်ကူးပြောင်းရေးကာလမှာ အုပ်ချုပ်ရေးစာတမ်းအဖြစ်သုံးမယ့် ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာအခြေခံဥပဒေကို ဘယ်သူတွေက ရေးဆွဲနေတာလဲ။ ဘယ်လိုရေးဆွဲနေတာလဲ သိပါရစေ။
ဖြေ။ ။ ကျနော်တို့က ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေး Bottom-up Federalism နဲ့ သွားမယ်ဆိုတာ ကြေညာထားပြီးဖြစ်တယ်။ ဒီ ၉ ဖွဲ့ ကပေါ့။ Bottom-up Federalism အတိုင်းပဲ၊ အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေ Transitional Constitution ကို အုပ်ချုပ်မှုစာတမ်း Governing Document တစ်ခုအနေနဲ့ ပြန်ရေးလိုက်တာဖြစ်တယ်။ Constitution လို့ ပြောလိုက်လို့ရှိရင် Constitution ရဲ့ အင်္ဂါရပ်တွေလည်း အများကြီးရှိတယ်။ အသွင်ကူးပြောင်းရေးကာလမှာ အထွေထွေရွေးကောက်ပွဲတွေလည်း တစ်နိုင်ငံလုံးမှာ ကျင်းပနိုင်မှာမဟုတ်ဘူး။
ဒါကြောင့် ကျနော်တို့က Governing Document တစ်ခု ရေးမယ်ဆိုပြီး ဆွေးနွေးခဲ့ကြတာ။ ဖက်ဒရယ် အသွင်ကူပြောင်းရေး ကာလအစီအမံဥပဒေများ Articles of Federal Transitional Arrangement -AFTA လို့ ခေါ်တယ်၊ အဲဒါကို ၉ ဖွဲ့က စရေးခဲ့တယ်။ အခု ၉ ဖွဲ့တင်မကဘူး။ NUCC ငြိမ်းချမ်းရေးကာလ ဖွဲ့စည်းပုံရေးဆွဲရေး လုပ်ငန်းအဖွဲ့- TCWG နဲ့ ပေါင်းပြီး ပြန်ရေးနေတယ်။ TCWG ထဲမှာက ၉ ဖွဲ့ထဲက တချို့လည်း အဖွဲ့ဝင်ဖြစ်သလို ကိုယ်စားလှယ်တွေလည်းပါသလို NUCC က ကိုယ်စားလှယ်တွေလည်းပါတယ်။ အားလုံးက အတူတကွ ပေါင်းရေးနေတဲ့ သဘောပါပဲ။
မေး။ ။ အဲဒီဥပဒေကို ဘယ်တုန်းက စတင်ရေးဆွဲခဲ့တာပါလဲ။ ဘယ်တော့လောက်ပြီးစီးမယ်လို့ မှန်းထားပါလဲ။
ဖြေ။ ။ ကျနော်တို့ကတော့ မနှစ်ကတည်းက ရေးဆွဲကြတာပါ။ အခုကတော့ ကျနော်တို့ Governing Authority အထိတော့ ပြီးပြီပေါ့။ Governing Authority ဆိုတာကတော့ ဘယ်လို ဥပဒေပြုရေး ဖွဲ့စည်းမလဲ။ ဘယ်လို တရားစီရင်ရေး ဖွဲ့စည်းမလဲ။ ဘယ်လို အုပ်ချုပ်ရေးဖွဲ့စည်းမလဲဆိုတဲ့ အဆင့်တော့ပြီးပါပြီ။ အကုန်လုံးပြီးဖို့ကတော့ ကျနော်တို့လည်း မပြောတတ်သေးဘူး။ အွန်လိုင်းကနေပဲ ရေးဆွဲတာမဟုတ်ဘူး။ လူတွေ့ရေးဆွဲတာ ဖြစ်လို့လေ။ မဏ္ဍိုင် ၃ ရပ်မှာ ဗဟိုအခြေပြုဖက်ဒရယ်စနစ်ကို ရေးဆွဲမှာမဟုတ်ဘူးလို့ ပြောဆိုထားတော့ ဘယ်လိုပုံစံမျိုးနဲ့ ဥပဒေထဲ ထည့်ရေးဆွဲမှာလဲ။
ဖက်ဒရယ်စနစ်လို့ပြောရင် ပြည်ထောင်စုကနေ အာဏာခွဲဝေတဲ့စနစ် ဗဟိုအခြေပြု ဖက်ဒရယ်စနစ်ပဲ။ ကျနော်တို့ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ နှစ်ပေါင်း ၇၀ ကျော် ကြီးပြင်းလာခဲ့ကြတာလေ။ ဗဟိုချုပ်ကိုင်မှု စနစ်ကနေ အာဏာရှင်တွေ ပေါ်ပေါက်လာတာပေါ့။ ဒါကြောင့်မို့လို့ ဖက်ဒရယ်စနစ်ကို သွားတဲ့အခါမှာလည်း ဗဟိုအခြေပြုစဉ်းစားတဲ့ ယူဆတဲ့ ဖက်ဒရယ်စနစ်မျိုး မသွားဘဲနဲ့ ပြည်နယ်တွေကနေ အားကောင်းတဲ့ တည်ဆောက်တယ်ဆိုတဲ့ စနစ်မျိုး အတူတကွ သွားမယ်ဆိုတဲ့ စနစ်ပါပဲ။ Bottom-up Federalism ဆိုတာလေ အဲဒါလေးပါ။
မေး။ ။ ကြားကာလအုပ်ချုပ်ရေးစာတမ်းက ပြည်ထောင်စုတစ်ခုလုံးအတွက် ခြုံငုံရေးဆွဲတာပါလား။
ဖြေ။ ။ AFTA ဆိုတာက တစ်နိုင်ငံလုံးအတွက် ရေးဆွဲတာလေ။
မေး။ ။ ဒီစာတမ်းကို အပြီးသတ်ရေးဆွဲပြီးရင် ဘယ်လိုအကောင်အထည်ဖော်မလဲ။ ဘယ်လိုကောင်းကျိုးတွေ ရှိလာနိုင်ပါလဲ။
ဖြေ။ ။ ဖွဲ့စည်းပုံအတွက်ဆို အတည်ပြုရေးနဲ့ အားလုံးညှိနှိုင်းရေး လုပ်ငန်းစဉ်တွေရှိတယ်။ ကျွန်တော်တို့ ရေးဆွဲတာ ဘာကောင်းလဲဆိုတော့ အာဏာက ပြည်နယ်တွေနဲ့ ပြည်နယ်ထဲမှာရှိတဲ့ လူထုဆီကနေ ဆင်းသက်တာ ဖြစ်တဲ့အတွက် ပိုပြီးတော့ ပြည်ထောင်စုအစိုးရကလည်း အချုပ်အခြာအာဏာက ပိုပြီးတော့မှမှန်တာပေါ့။ တကယ့်လူထုဆီက ဆင်းလာမယ့် တကယ့်တရားဝင်ဖြစ်တာပေါ့။
ပြည်နယ်တွေ တိုင်းရင်းသားတွေမှာလည်း အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ အပြည့်အဝ ရှိစေနိုင်တာပေါ့။ နောက်ပြီး ပေါ်ထွက်လာတဲ့ အစိုးရအဖွဲ့ကလည်း ပြည်သူလူထုအတွက် အနီးကပ်ဆုံးအစိုးရတွေ ဖန်တီးပေးနိုင်မယ်ဆိုတဲ့ အစိုးရတွေ အများကြီးရှိလာမယ်။
မေး။ ။ ဒီစာတမ်းရေးဆွဲတဲ့အထဲမှာ မပါဝင်သေးတဲ့အဖွဲ့တွေကို ပါဝင်ဖို့ကမ်းလှမ်းတာမျိုး ရှိပါလား။
ဖြေ။ ။ အခုကတည်းက ကျွန်တော်တို့က ၉ ဖွဲ့ပါပဲ။ ဒီထက်ကျယ်ပြန့်လာရင် ကျွန်တော်တို့ဆွေးနွေးနေတာက တခြားအဖွဲ့အစည်းတွေလည်း ပါမယ်။ နိုင်ငံရေးအဖွဲ့အစည်းတွေလည်း ပါမယ်။ တခြားတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ဆွေးနွေးတာရှိပါတယ်။ အခုက နာမည်မဖော်ကြသေးတာ။ အခု ၉ ဖွဲ့ပဲ ဖော်တာပေါ့။ ဒီထက်လည်း ပိုပြီးချိတ်ဆက်ဖို့ ရှိပါတယ်။
သံလွင်တိုင်းမ် ပေးပို့သည်။
