မောင်တောခရိုင် မွတ်ဆလင် အုပ်ချုပ်ရေးအကြံပေး ဂျူရီလူကြီး ဘာဆဲရ်နှင့် အမေးအဖြေ
လက်ရှိ ULA/ AA ၏ ထိန်းချုပ်မှုအောက်တွင် ရခိုင်ပြည်တွင်းနေ ရခိုင်နှင့် မွတ်ဆလင်အသိုင်းဝိုင်းကြား အပြုသဘောဆောင်သည့် ဆက်ဆံရေးတိုးတက်မှုများကို မြင်လာရသည်။
အခြားတစ်ဖက်တွင်လည်း မွတ်ဆလင်များအပေါ် AA က လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေကြောင်း ပြည်ပရောက် မွတ်ဆလင်အရေး တက်ကြွလှုပ်ရှားသူများ မွတ်ဆလင်လက်နက်ကိုင်အုပ်စု ARSA တို့ကလည်း AA ကို တိုက်ခိုက်မှုများ ရှိနေသည်။
ပြည်ပရောက် မွတ်ဆလင်အရေး တက်ကြွလှုပ်ရှားသူများ၏ စွပ်စွဲချက်၊ ARSA တိုက်ခိုက်မှုများအပါအဝင် လက်ရှိ ရခိုင်နှင့် မွတ်ဆလင်တို့ လူမှုသဟဇာတ အခြေအနေများ မည်သို့ရှိနေလဲ။ ရခိုင်နှင့် မွတ်ဆလင် သင့်မြတ်စွာ နေထိုင်ရေးစသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး မောင်တောခရိုင် မွတ်ဆလင် အုပ်ချုပ်ရေးအကြံပေး ဂျူရီလူကြီး ဘာဆဲရ်ကို DMG က မေးမြန်းထားသည်။
မေး – လက်ရှိ မောင်တောခရိုင်မှာ နေထိုင်တဲ့ မွတ်ဆလင်တွေရဲ့ အခြေအနေကို ဦးစွာသိပါရစေ။
ဒီမှာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုလို့ရှိရင် ဘူးသီးတောင်၊ မောင်တောကတော့ ULA/ AA ရဲ့ လက်ထဲကို ရောက်နေတာ ၂ နှစ်တောင် မပြည့်သေးဘူး။ အခုလို အချိန်အခါမျိုးမှာတောင် ဒီလောက်လွတ်လပ်မှုရှိနေတဲ့ ကျနော်တို့ လူမျိုးအတွက် နောင်ဆိုရင်တော့ ဒီထက်မက ပိုပြီးတော့ လွတ်လပ်မှုနဲ့ အခွင့်အရေးတွေ ရမယ်လို့ ကျနော် ပိုပြီးတော့ မျှော်လင့်ပါတယ်။
မေး – ULA/AA အုပ်ချုပ်ရေးထဲမှာ မွတ်ဆလင်တွေ ပါဝင်ခွင့်ရရှိမှု အခြေအနေကိုလည်း ပြောပြပေးပါ။
ဖြေ – ULA/AA ရဲ့ ရဲတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေမှာ ကျနော်တို့ လူမျိုးတွေ ပါတယ်။ ပြီးတော့ အုပ်ချုပ်ရေးတွေမှာ ပါဝင်လာတာကို ပြောရမယ် ဆိုလို့ရှိရင် တချိန်က စစ်ကောင်စီ အုပ်ချုပ်တုန်းက ဘယ်လိုမှ ပါဝင်ခွင့်မရခဲ့တဲ့ အခွင့်အရေးကို ကျနော်တို့ ရလာတယ်လို့ ပြောလို့ရပါတယ်။
ကျနော်တို့ ULA/AA ရဲ့ စစ်ရေး၊ အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင် အခု အစကနဦးပိုင်းမှာတောင် ဒီလောက်အထိ ပူးပေါင်းပါဝင်ခွင့် ရှိတယ်ဆိုရင်တော့ နောင်ဆိုရင်လည်း ကျနော်တို့လူမျိုးတွေ တဖြည်းဖြည်းနဲ့ အစိုးရဌာနတိုင်းဟူသမျှမှာ ပူးပေါင်းပြီးတော့ တာဝန်ထမ်းဆောင်နိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။ ဒီထက်မက ပိုပြီးတော့မှ သဟဇာတဖြစ်ရေးနဲ့ ယုံကြည်မှုအပြည့်နဲ့ တိုင်းပြည် တည်ဆောက်ရေးမှာ အားကောင်းလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။
မေး – ပြည်ပရောက် မွတ်ဆလင်အရေး လှုပ်ရှားသူတွေ အပေါ်မှာကော ဘယ်လိုမြင်ပါလဲ။
ဖြေ – ကျနော်တို့ မြေပြင်မှာ ဖြစ်နေတဲ့ဟာကို သူတို့ တိတိကျကျမသိဘဲ ပြည်ပကနေ အမြင်စောင်းပြီးတော့ ပုတ်ခတ်တာတွေ၊ သုံးသပ်တာတွေ ရှိနေတဲ့ဟာကို ပွင့်ပွင့်လင်းလင်းပြောရရင် ဒီက လူတွေကို သူတို့က သေစေဖို့ ကြံစေသလို ဖြစ်နေပြီ။ အခုက တော်လှန်ရေးကာလဖြစ်နေတော့ စားရေး၊ သောက်ရေး နည်းနည်းကျပ်တည်းတာတွေ ရှိနေတယ်။ ဆိုတော့ တချို့လူတွေက ကိုယ့်ရဲ့ရည်ရွယ်ချက်နဲ့ နိုင်ငံခြားကို ထွက်သွားတဲ့ လူတွေရှိတယ်။ တချို့ နိုင်ငံခြားမှာ ရှိတဲ့သူတွေကတော့ သူတို့ရဲ့ သားသမီးတွေကို ဒီမှာ မနေနဲ့ဆိုပြီး ဝါဒတွေ ဖြန့်ပြီး နိုင်ငံခြားကို ထွက်ပြေးအောင် လုပ်နေတဲ့ လူတွေရှိတယ်။ အဲဒီလူတွေက ဒီဘက်က ကောင်းတဲ့အရာတွေကို တချို့က သိတယ်။ တချို့လူတွေက အတင်းအဓမ္မ မကောင်းကြောင်းတွေ ပြောခိုင်းတာတွေ ရှိတယ်။
အဲဒီ (ပြည်ပ) မှာ ရှိနေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကတော့ ဒီမှာဖြစ်တဲ့ဟာကို အသေးစိတ် မစုံစမ်းဘဲနဲ့ သူတို့ရဲ့ လိုအပ်ချက် အကျိုးစီးပွားကိုပဲ ဦးတည်ပြီးတော့ နိုင်ငံတကာတွေမှာ တင်ပြတာတွေကျတော့ ကျနော်တို့ရဲ့ လူမှုသဟဇာတဖြစ်တဲ့ဟာကို ထိခိုက်တယ်။ တိုင်းပြည်တည်ဆောက်ရေးမှာ လူမျိုးတိုင်းအတွက် အတူယှဉ်တွဲနေထိုင်ရေးကို ပိုပြီးတော့ ကျဆင်းလာမယ်။ ထိခိုက်လာမှာကို စိုးရိမ်တယ်။ ကျနော်တို့ရဲ့ အတူယှဉ်တွဲနေထိုင်ရေးမူနဲ့ သွားနေတဲ့ လမ်းစဉ်ကိုလည်း ခြိမ်းခြောက်သလို ဖြစ်နေပြီး ကျနော့် အနေနဲ့ ရှုတ်ချတယ်။
မေး – ARSA လို မွတ်ဆလင်လက်နက်ကိုင်အုပ်စုတွေနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေ ပြောချင်တာရှိလဲ။
ဖြေ – သူတို့ ကျတော့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်တခြမ်း ဒေသတလျှောက်လုံးမှာ လှုပ်ရှားပြီးတော့မှ သူတို့ လုပ်နေတဲ့ဟာတွေ သမိုင်းအထောက်အထား ရှိတယ်။ ရွာတွေမှာ သူတို့ကို မထောက်ခံတဲ့ သူတွေကိုဆိုရင် လည်လှီးတယ်။ သတ်တယ်။ နောက်ပြီး ပြန်ပေးဆွဲပြီးတော့မှ ပိုက်ဆံယူတယ်။ တောင်းတယ်။ အဲလိုလုပ်ပြီးတော့ ၂၀၁၇ ခုနှစ်မှာ သူတို့လုပ်ရပ်ကြောင့် ကျနော်တို့ မွတ်ဆလင်တွေဟာ ဒုက္ခရောက်နေရတယ်။ မွတ်ဆလင် သိန်းနဲ့ချီပြီးတော့ တစ်ဖက်နိုင်ငံ ဘင်္ဂလာတို့၊ မလေးရှားတို့၊ ထိုင်းတို့ကို ထွက်ပြေးခဲ့ရတယ်။ သူတို့ရဲ့ သမိုင်းဟာ ကျနော့်တို့ လူမျိုးအတွက် အကောင်းလုပ်ဆောင်တယ်ဆိုတယ်ဆိုတာ ခုချိန်ထိ ဘာမှ မရှိသေးဘူး။ အပျက်သဘောပဲ ရှိတယ်။ သူတို့ ကျနော်တို့ကို အန္တရာယ်ပြုတယ်။ လူသတ်တယ်၊ ဒါပဲရှိတယ်။ ကျနော်တို့အတွက် ကောင်းကျိုးဆိုတာ မရှိဘူး။ ကျန်တဲ့ ရခိုင်၊ သက္ကမ (ဒိုင်းနက်)၊ ဟိန္ဒူရော စသည်အားဖြင့် သူတို့လုပ်ခဲ့တာ အများကြီး။
မေး သက်ရောက်မှုတွေဖြစ်လာမယ်လို့ထင်လဲ။
ဖြေ – ကျနော်တို့အတွက် အန္တရာယ်ရှိတယ်။ သူတို့ အချိန်မတော် ဝင်လာပြီးတော့မှ သူတို့ဘက်က မပြောတဲ့ လူကို လည်လှီးတယ်။ သူတို့ကို ဝေဖန်တဲ့လူတွေကို လိုက်ရှာပြီးတော့မှ ပြန်ပေးဆွဲတယ်။ အဲဒါက စိုးရိမ်စရာကြီးပဲ။ နောက်ပြီးတော့ သူတို့အကျိုးစီးပွားအတွက် နယ်စပ်ဖြတ်ကျော်ပြီးတော့ တော၊တောင်ထဲမှာ နေပြီး ပြည်သူတွေကို နှိပ်စက်တယ်။ ဒါကို ကျနော့်အနေနဲ့ စိုးရိမ်တယ်။ အဲဒါကို အစိုးရက ကာကွယ်ပေးမယ် ဆိုရင် အဓိကတော့ ပြည်သူလူထုက ပူးပေါင်းပါဝင်ရမယ်။ နယ်စပ်ကို လုံလုံခြုံခြုံထားပြီးတော့မှ အဲဒီအကြမ်းဖက်မှု အန္တရာယ်ကို ကာကွယ်ဖို့ စီမံခန့်ခွဲမှုတွေ လိုလိမ့်မယ်လို ပြောချင်ပါတယ်။
မေး – ရခိုင်ဒေသမှာ အတူယှဉ်တွဲနေထိုင်ဖို့ ဘယ်လို မျှော်လင့်ထားသလဲ။ ပြီးတော့ ULA/AA က ဘယ်လိုမျိုး ပံ့ပိုးထားတာရှိလဲ။
ဖြေ – ကျနော်တို့က ပညာရေးပိုင်းမှာဆိုရင်လည်း စစ်ကောင်စီ လက်ထက်တုန်းက တော်တော်ကို အနှိမ် ခံရတာပါ။ ဆရာဝန် အမှတ်မီရင်လည်း သွားသင်ခွင့်မရှိဘူး။ အင်ဂျင်နီယာ အမှတ်မီရင်လည်း သွားသင်ခွင့် မရှိဘူး။ နိုင်ငံသား မဟုတ်ဘူးဆိုပြီးတော့ ကန့်သတ်ထားတယ်။ ပညာရေးမှာ တော်တော့်ကို ဆုံးရှုံးတယ်။ အခုကျတော့ ကျနော်တို့ မျှော်လင့်ချက် အများကြီး ထားလိုက်တယ်ဆိုတော့ ဒီဒေသမှာ အဲလိုမျိုး လူမျိုးရေးခွဲခြားမှုတွေ ဖြစ်လာမှာ ကျနော်တို့ မမျှော်လင့်တော့ဘူး။ ဖြစ်လည်း ဖြစ်မှာမဟုတ်ဘူးလို့ ကျနော့်အနေနဲ့ ယုံကြည်တယ်။
နိုင်ငံတော်ရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး ဘာညာဆိုပြီး သူတို့ရဲ့ ဆောင်ပုဒ် ရှိတယ်လေ။ နိုင်ငံသားအပေါ်မှာပဲ ဖြစ်ရမှာဆိုပြီး။ မွတ်ဆလင်တွေကျတော့ သူတို့ (စစ်တပ်) နဲ့ အဆင်ပြေတဲ့လူ၊ ဖားတဲ့၊ ကပ်တဲ့လူမှ အခွင့်အရေးရတယ်။ ကျနော်တို့ကျ မရဘူး။ အခုကျတော့ ဒီမျိုးမရှိဘဲနဲ့ ကိုယ့်မှာ အရည်အချင်းနဲ့ အရင်းအနှီး ရှိရင် ရှိသလောက် စီးပွားရေး လုပ်ကိုင်ခွင့် ရမယ်လို့ ကျနော့်အနေနဲ့ ယုံကြည်တယ်။ လုပ်ခွင့်ပေးမယ်ဆိုတာကိုလည်း ကျနော့်အနေနဲ့ ယုံကြည်ပါတယ်။
DMG – မွတ်ဆလင်အရေးနဲ့ ပတ်သက်လို့ ဖြည့်စွက် ဘာပြောချင်သေးလဲ။
ဖြေ – ကျနော်တို့ကို တချိန်က နိုင်ငံမဲ့၊ ဘင်္ဂလာက ဝင်လာတယ်ဆိုပြီး ဗမာစစ်ကောင်စီက အမြဲတမ်း နှိမ်ခဲ့တာ ရှိတယ်။ အခုကျတော့ အာရက္ခမြေမှာ နေထိုင်တဲ့ မွတ်ဆလင်တွေအားလုံး နိုင်ငံ့အပေါ် သစ္စာရှိဖို့နဲ့ နိုင်ငံ့တာဝန်ကို ထမ်းဆောင်ပေးခွင့်ရဖို့ ကျနော့်အနေနဲ့ ပြောကြားလိုပါတယ်။
DMG
